မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၅)
ဖါသာရ် ဂိုးဗီးယာစ်
Fr.A .Goveas.
စိန်ဇေးဗီးယာ ကျောင်းထိုင် ဘုန်းတော်ကြီး ဖါသာရ်ဟဲဗီး မကွယ်လွန်မီ ဖါသာရ်ဟဲဗီး၏ လုပ်ငန်းများ ကူညီရန် အိန္ဒိယနိုင်ငံမှ ဖါသာရ် ဂိုးဗီးယားစ် ရောက်ရှိလာခဲ့သည်။ ၄င်း ဘုန်းတော်ကြီးသည် တမီးလ် ဘာသာစကား တတ်ကျွမ်းသော ပေါ်တူဂီ အနွယ် ဂိုအားလူမျိုး ဖြစ်သည်။ (၁၉၂၉)ခုနှစ် ဖါသာရ် ဟဲဗီး ပျံတော်မူပြီးနောက် စိန်ဇေးဗီးယား ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် ဆက်လက် တာဝန် ယူရသည်။ ပဒုအာမြို့မှ ရဟန္တာ စိန်အန်ထော်နီအသင်းကို တည်ထောင်ခဲ့သည်။ ဆင်းရဲ နွမ်းပါးသူများအား ငွေကြေး ထောက်ပံ့ ခဲ့သည်။ ရဟန်းဝါတော် (၂၅)နှစ်မြောက် ငွေစင် ဂျူဗလီ ကျင်းပခဲ့သည်။ (၁၉၃၁) ခုနှစ်တွင် ဖါသာရ် ဂိုးဗီးယားစ် ကျန်းမာရေး ချိုယွင်းလာသဖြင့် မန္တလေးမြို့ စိန်ဂျွန်း ဆေးရုံအုပ် ဘုန်းတော်ကြီး ဖါသာရ်ကောလားဒ်က စိန်ဇေးဗီးယား ကျောင်းထိုင် ဘုန်းတော်ကြီး၏ တာဝန်များကို ဆောင်ရွက်ပေးရသည်။ ဖါသာရ် ဂိုးဗီးယားစ်သည် (၁၉၃၆) ခုနှစ်တွင် မန္တလေးမြို့ စိန်ဂျွန်းကျောင်း၌ ပျံတော်မူသည်။ ၁Fr.A .Goveas.
၁။ မစ္စတာလော်ရီပေါလ် (စိန်ဇေးဗီးယား) မန္တလေး၏ မှတ်တမ်း
ဖါသာရ်ပီဗလီဗေး
Fr.P.Blivet. (Paris Foreign Mission Society)
ဖါသာရ် ပီဗလီဗေးသည် (၁၉၀၇) ခု အောက်တိုဘာလ (၂၈) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ ၅ မွေးချင်း (၅) ယောက်ရှိသည့် အနက် ဒုတိယသားကြီး ဖြစ်သည်။ ဖခင်မှာ ဆရာဝန် တစ်ဦးဖြစ်သည်။ (၁၉၂၄) ခုတွင် (ဘီအေ) ၀ိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်မှာပင် ရဟန်းဖြစ် ကျောင်းဝင်သည်။ (၁၉၃၁) ခုနှစ် ဇွန်လ (၂၉)ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူသည်။ ရဟန်း သိက္ခာခံယူပြီး (၁၉၃၁) ခု အောက်တိုဘာလ (၁၅)ရက်နေ့တွင် နိုင်ငံခြား သာသနာပြုအဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ၁Fr.P.Blivet. (Paris Foreign Mission Society)

ဖါသာရ်ဗလီးဗေး၏ ချင်းတောင်တန်း သာသနာပြုခြင်းသည် အောင်မြင်သည်။ ရွာပေါင်း (၅၀)ကျော် အိမ်ခြေပေါင်း (၅၀၀) ကျော် လူဦးရေပေါင်း (၂၀၀၀)ကျော် ကက်သလစ် ဘာသာဝင် ဖြစ်လာသည်။ ထိုအပြင် ချင်းအမျိုးသား ဘုန်းတော်ကြီး (၃)ပါး ကိုရင် (၅)ပါးနှင့် သီလရှင် (၅)ပါး ရရှိသည်။ ဘုန်းတော်ကြီးများသည် အသက်ကြီးရင့်ပြီ ဖြစ်၍ (၁၉၇၅) ခု မေလ (၂၅) ရက်နေ့တွင် ပြင်သစ်ပြည်သို့ ပြန်ကြွသွားသည်။
၁။ The list of foreign Missionaries
ဖါသာရ် မန်းနီးရဲ (၁၉၀၉-၁၉၈၃)
Fr.M.Blivet (Paris Foreign Mission Society)
ဖါသာရ် မန်းနီးရဲသည် (၁၉၀၉) ခု မေလ (၉) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၉၃၅) ခု အောက်တိုဘာလ (၂၅) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ၁Fr.M.Blivet (Paris Foreign Mission Society)
ချမ်းသာရွာတွင် မြန်မာ စကားသင်ပြီးနောက် (၁၉၃၇) ခုနှစ်မှ (၁၉၃၉)ခုနှစ် အထိ တောင်တွင်းကြီး မြို့နယ် ချင်းညောင်ပင်သာရွာတွင် ကျောင်းထိုင် ဘုန်းတော်ကြီး အဖြစ် အမှုထမ်းသည်။ (၁၉၃၇) ခုတွင် ချင်းညောင်ပင်သာရွာသို့ ရောက်ရှိလာပြီး ရွာထဲရှိ (၃)ပင်တဲကျောင်းကို ရွာ၏ တောင်ဘက်သို့ ရွှေ့ဆောက်သည်။ မြေနေရာ (၂) ဧကကို ဦးဒုံးဘေ၊ ဦးဖြိုး၊ ဦးဘိုးထောင်တို့က လှူသည်။ ညောင်ပင်သာ၌ ဘုန်းကြီးနေကျောင်းနှင့် ဘုရားကျောင်း ဆောက်လုပ်ခဲ့သည်။ ရေတွင်း တူးခဲ့သည်။ မြေနေရာ ထပ်ဝယ်သည်။ ရွာသူ ရွာသားများ၏ အကူအညီဖြင့် စာသင်ကျောင်း ဆောက်၍ ဘော်ဒါကျောင်း ဖွင့်ခဲ့သည်။ (၁၉၃၈) ခုနှစ်တွင် သဲဖြူရွာ၌ ကျောင်းထိုင်သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးပဏ္ဏ၀သည် ကိုယ်ဖေါ ကိုယ်ရောင်၍ မကျန်းမမာ ဖြစ်နေစဉ် ဖါသာရ်မန်းနီးရဲ၏ မေတ္တာစေတနာဖြင့် ဆေးကုပေးခြင်း၊ မုံ့၊ နို့ဆီ၊ သကြားနှင့် အစားအစာများ ပေးကမ်းခြင်းတို့ကြောင့် ရောဂါ ပျောက်ကင်း ကျန်းမာလာခဲ့သည်။ ဦးပဏ္ဏ၀သည် သဲဖြူရွာမှ ချင်းညောင်ပင်သာရွာသို့ ပြောင်းရွှေ့ပြီး ကျောင်းထိုင်သည်။ ချင်းညောင်ပင်သာရွာ၌ ကျောင်းထိုင်စဉ် လူထွက်၍ ကက်သလစ်ဘာသာသို့ ကူးပြောင်းခဲ့သည်။ ညောင်ပင်သာရွာမှ ဒေါ်ခွေးဆိုသူနှင့် အိမ်ထောင်ကျသည် သူ့အား ဓမ္မဆရာခန့်၍ ဘာသာရေး ဆောင်ရွက်စေသည်။ သူ့အား ဆရာမြဟု အမည်ပေးခဲ့သည်။ (၁၉၅၈) ခုနှစ်တွင် မန္တလေး၌ ကွယ်လွန်သည်။ ဖါသာရ်မန်းနီးရဲ လက်ထက် ကိုရင်လူထွက် ဆရာဘမောင်သည် ဓမ္မဆရာအဖြစ် အမှုထမ်းခဲ့သည်။ ဖါသာရ်မန်းနီးရဲသည် မြင်းကို သုံး၍ လှည့်လည် တရားဟောကြားသည်။ ဖါသာရ်မန်းနီးရဲသည် (၃)နှစ်နီးပါး ချင်းညောင်ပင်သာရွာ၌ ကျောင်းထိုင်ပြီး မန္တလေးမြို့ ဆရာတော် ကျောင်းတိုက်သို့ ပြောင်းရွှေ့ အမှုထမ်းသည်။ ပျံတော်မူသည်အထိ သာသနာ ဘဏ္ဍာထိန်း အဖြစ်၎င်း၊ ဂိုဏ်းထောက် ဘုန်းတော်ကြီးအဖြစ် ၄င်းအမှုထမ်းခဲ့သည်။၂ (၁၉၈၃)ခုနှစ် ဇန္န၀ါရီလ (၁၅)ရက်နေ့တွင် မန္တလေး၌ ပျံတော်မူသည်။
၁။ The list of foreign Missionaries
၂။ တောင်တွင်းကြီး ကက်သလစ်သာသနာနှစ် (၅၀)ပြည့် စာစောင်၊ ၁၉၉၀ပြည့်နှစ် စာမျက်နှာ - ၅
ဖါသာရ်အမ်ဗလီဗေး
Fr.M.Blivet (Paris Foreign Mission Society)
ဖါသာရ် အမ်ဗလီဗေးသည် (၁၉၀၉) ခု ဇူလိုင်လ (၁၈) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ ပြင်သစ်ပြည် ဆရာဝန် အတတ်သင် ဆေးကျောင်းတွင် (၂) နှစ်နေခဲ့သည်။ ၄င်းနောက် ပါရီမြို့ နိုင်ငံခြား သာသနာပြု ရဟန်းဖြစ်သင်ကျောင်း၌ ပညာသင်ကြား၍ (၁၉၃၉) ခု ဇွန်လ (၂၉)ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်း သိက္ခာခံယူသည့် နေ့မှာပင် မြန်မာပြည် မန္တလေးသာသနာတွင် အမှုထမ်းရန် ရွှေးချယ်ခံရသည်။ သို့သော် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာသောကြောင့် တိုင်းပြည်၏ ဥပဒေအရ ကျမ်းမာရေးဌာနတွင် အမှုထမ်းရသည်။ (၁၉၄၀)ခုနှစ်တွင် စစ်သုံ့ပန်းအဖြစ် အဖမ်းခံရသည်။ ဂျာမဏီပြည် အရှေ့ပိုင်း အလွန်အေးသော ပရစ်အော်ရီရင်းတဲလ် စစ်သုံ့ပန်းစခန်းသို့ ပို့ခံရသည်။ ၄င်းနောက် သူနာပြု ကြက်ခြေနီ စည်းမျဉ်းအရ လွတ်မြောက်ကာ ပြင်သစ်ပြည်သို့ ပြန်လာလျက် သာသနာအမှုတော်ကို ထမ်းရွက်သည်။ ထိုနောက် (၁၉၄၆)ခု နိုဝင်ဘာလ (၅)ရက်နေ့တွင် မန္တလေးသို့ ရောက်ရှိခဲ့သည်။Fr.M.Blivet (Paris Foreign Mission Society)
မန္တလေးမြို့ မနော်ယမန် ကိုယ်ရေဖျား ရောဂါကု ဆေးရုံတွင် (၁၀) လ နေရသည်။ နဘက်ရွာတွင် လေးလ ဗမာစကား သင်ကြားပြီးနောက် မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်တွင် သာသနာအမှုတော် ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်း ခံရသည်။ တောင်တွင်းကြီးမြို့နယ် ညောင်ပင်သာရွာသို့ (၁၉၄၈)ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ရောက်ရှိသည်။ ၁
ဖါသာရ်ဗလီးဗေးသည် (၁၉၅၅) ခုနှစ်တွင် ပြင်သစ်ပြည်သို့ ခေတ္တ အလည်သွားခဲ့သည်။ (၁၉၅၇) ခုနှစ်တွင် ပြင်သစ်ပြည်မှ ပြန်လာခဲ့သည်။ ဖါသာရ်ဗလီးဗေးသည် သဲဖြူ၊ ကုက္ကိုကုန်း၊ သရက်ခုန်၊ သိုက်ရိုး၊ ပတ်လည်ကြီး၊ ဆပ်သွား၊ တောင်တွင်းကြီးသို့ လစဉ် မှန်မှန် တလှည့်စီ နွားလှည်းဖြင့် သွား၍ တရားဟောသည်။ လူမျိုးမရွှေး၊ အဆင့်အတန်း မရွှေး စေတနာ မေတ္တာထား၍ ဆေးကုသ ပေးခဲ့သည်။ သာသနာမြေများကို ထိန်းသိမ်း၍ သီးနှံများ စိုက်ပျိုးသည်။ မရှိ ဆင်းရဲသားများကိုလည်း ပေးကမ်း စွန့်ကြဲသည်။ တောင်တွင်းကြီးမြို့နယ် သာသနာတော် ငွေရတုသဘင် ဂျူဗလီပွဲကို (၁၉၆၂)ခုနှစ်တွင် ကျင်းပရန် ဖြစ်သော်လည်း ကျောင်းထိုင် ဘုန်းတော်ကြီး ဖါသာရ်ဗလီးဗေး၏ ရဟန်းဝါတော် (၂၅) နှစ်မြောက် ငွေရတုသဘင်ပွဲတော်နှင့် ပူးတွဲ၍ (၁၉၆၄)ခုနှစ်တွင် ကျင်းပ နိုင်ခဲ့သည်။ ဖါသာရ်ဗလီးဗေးသည် တောင်တွင်းကြီးနယ် သာသနာကို (၁၄) နှစ်တိုင် အုပ်ချုပ်ခဲ့ပြီး (၁၉၆၄)ခုနှစ် ကုန်ကာနီးတွင် ပြောင်းရွှေ့ သွားခဲ့သည်။ ၂
၁။ မျိုးကြဲသူ၊ ၁၉၆၄၊ သြဂုတ်လ၊ စာမျက်နှာ ၂၀-၂၂
၂။ တောင်တွင်းကြီး ကက်သလစ် သာသနာနှစ် (၅၀)ပြည့် စာစောင်(၁၉၉၀)ပြည့်နှစ် စာမျက်နှာ ၇-၈
ဆက်ရန်
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၆)