Wednesday, July 22, 2015

အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်း

အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်း Born Again (နှင့်) "ပြောင်းလဲလာ သော အသက်တာ"

မဖြူနှင့်တွေ့ဆုံခြင်း

                ကျွန်မနာမည် မဖြူပါ။ ကျွန်မမှာ ညီအစ်မ သုံးယောက်ရှိပါတယ်။ ကျွန်မ အလတ် ဖြစ်ပါတယ်။ ကျွန်မ အသက် (၁၄)နှစ်မှာ အမေဆုံးခဲ့ပြီး အသက် (၁၇)နှစ်မှာ အဖေဆုံးခဲ့ပါတယ်။ ကျွန်မ အသက် (၂၁)နှစ်မှာ အိမ်ထောင်ကျခဲ့ပါတယ်။ ကျွန်မအကြောင်း တိုတိုပြောရရင်တော့ ကျွန်မမှာ မိဘနှစ်ပါးမရှိတော့ပေမယ့် ကျွန်မ သိပ်မာနကြီးတဲ့ မိန်းမတစ်ယောက်ပါ။ ကျွန်မရဲ့ အလှအပအတွက် ကျွန်မအမြဲ ဂုဏ်ယူမော်ကြွားသလို ကျွန်မရဲ့ အရည်အချင်းတွေအတွက်လည်း ကျွန်မက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကျွန်မမာနနဲ့အတူ ကျွန်မ မာန်မာန ထောင်လွှားနေခဲ့ပါတယ်။ အမြဲတမ်း သူများပေါ်မှာဘဲ အနိုင်ယူတတ် အနိုင်ရမှဆိုတဲ့ စိတ်ကလည်း ကျွန်မရင်ထဲမှာ အပြည့်ဘဲပေါ့။ ကျွန်မ ဘယ်သူ့ကိုမှ အကျောမခံဘူးလေ။ အဲဒါ ကျွန်မ(မဖြူ) ဆိုတဲ့ စိတ်ဓါတ်ဘဲ၊ ကျွန်မရဲ့ ယောက္ခမတွေကိုလည်း ကျွန်မက မိဘလို သဘောထားဘို့ဝေးစွ၊ ကျွန်မ ဂရုကို မစိုက်ဘူး။ အဲသလောက်ထိဘဲ ကျွန်မကို မိုက်ရိုင်းတယ်လို့ဘဲ ဝေဖန်ပြီး ပြောချင်လဲ ပြောကြမှာပေါ့။ ဒါကြောင့်လည်း ကျွန်မရဲ့ အိမ်ထောင်ရေးဟာလည်း မတည်မြဲခဲ့ပါဘူး။ ကျွန်မ သားသမီး (၃) ယောက် ရခဲ့တယ်။ သားတစ်ယောက် သမီး (၂) ယောက် ဆိုပါတော့။ ကျွန်မကလေးတွေ အသက် ၁၀ နှစ်၊ ၈ နှစ်၊ ၆ နှစ်၊ အရွယ်လေးတွေမှာပဲ ကျွန်မအိမ်ထောင် ကွဲသွားပါတယ်။ ကက်သလစ်ဘာသာဖြစ်သည့်အတိုင်း ကျွန်မတို့မှာ တရားဝင်ကွဲကွာခွင့် မရှိပေမယ့် ကျွန်မရဲ့ ခင်ပွန်းနဲ့ အတူ ကျွန်မ မနေနိုင်တော့တာမို့ ကျွန်မ လက်ရှိ ရုံးအလုပ်က ထွက်ခဲ့ပြီး ကလေး ၃ယောက်ကိုခေါ် အိမ်ပေါ်မှ ဆင်းကာ ရန်ကုန်မြို့ အစ်မကြီးရှိရာသို့ ကျွန်မ အပြီး လမ်းခွဲ ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ကျွန်မရဲ့ မာနထောင်လွှားမှု တစ်ခုပဲ ဆိုပါတော့...။          

ကျွန်မ ရန်ကုန်ကို ရောက်ပြီးတော့ အစ်မအိမ်မှာ ကလေး ၃ ယောက်နဲ့ အတူ နေခဲ့ပါတယ်။ ကျွန်မ
စိတ်ကူးက ကျွန်မယောကျာ်း ရှိရာမြို့မှာ မနေတော့ဘဲ သူ့ကိုလည်း အားမကိုးဘဲ ကျွန်မတစ်ယောက်တည်း ရပ်တည်သွားဘို့ပါဘဲ။ ဒါပေမယ့် လက်တွေ့မှာထင် သလောက် မလွယ်ဘူးဆိုတာ ကျွန်မလျှောက်လှမ်းရတဲ့ ဘ၀အခြေအနေမှာမှ သိရတော့တယ်။ အစ်မ အရင်းပေမယ့် ကျွန်မမှာ ကလေးက ၃ ယောက်ပါလာတော့ ဘယ်ကြည်ဖြူချင်ပါ့မလဲ။ ဒါပေမဲ့ အပြစ်မရှိတဲ့ ကလေးတွေကိုတော့ ကျွန်မ အစ်မက လက်ခံထား ပေးပါတယ်။ ကျွန်မကိုလဲ နင် ရန်ကုန်မှာ ဘာလုပ်စားမလဲ၊ အလုပ်လွယ်တယ် ထင်လားတဲ့၊ ဟုတ်ပါတယ်သူပြောတဲ့ အတိုင်းပါဘဲ။ ကျွန်မအလုပ်တွေ တစ်ခုပြီး တစ်ခုလျှောက်ခဲ့ပါတယ်။ ရတဲ့အလုပ်မှာ တစ်ခါတလေ အဆင်မပြေ၊ စနေ၊ တနင်္ဂနွေနားရက်မရှိနဲ့ အလုပ်ရှင်များရဲ့ မချေမငံ ဆက်ဆံမှုတွေနဲ့ ကျွန်မ စိတ်ပျက်စွာ အမျိုးမျိုး တွေ့ကြုံ ခဲ့ရပြီး ၃ နှစ်လောက်မှာ ကုမ္ပဏီ ၁၀ ခုမက ကျွန်မလုပ်ခဲ့ဖူးခဲ့ပြီး အလုပ်မတည်မြဲခဲ့ပါဘူး။ ဒီလိုနဲ့ဘဲ ကျွန်မ ရုန်းကန်ရင်း တစ်နေ့ ကျွန်မစဉ်းစားမိတယ်လေ။ အဲဒါကတော့ အိမ်ထောင်ရေးမှာ အဓိက တန်းဖိုးညီတဲ့သူကို ဦးစားပေးပြီး ရွေးချယ်ခဲ့တာပဲ။ ဘာဖြစ်လို့ တန်ဖိုးညီတဲ့သူနဲ့ ပေါင်းဖက်လာပြီးမှ ဘာကြောင့် ပြန်ကွဲကြသလဲပေါ့။

    ကျွန်မ ဘုရားတရားအကြောင်း တစ်ခါမှ မစဉ်းစားမိခဲ့ပါဘူး။ ကျွန်မ ဘ၀မှာ ဘာတစ်ခုမှ အဆင်မပြေတာ မရှိခဲ့တော့ ကျွန်မဘုရားလည်း မရှိခိုးဘူး။ ဖြစ်ချင်တာဖြစ်ဆိုပြီး ကျွန်မဖြစ်သလို ဆက်နေခဲ့တယ်။ ကျွန်မကလေးတွေ တဖြည်းဖြည်း ကြီးလာကြတယ်။ အာပါတ်ဖြေ ကိုယ်တော်မြတ်ရဖို့အတွက် ကျွန်မမေ့နေခဲ့တယ်လေ။ ကျွန်မ အလုပ်တစ်ခု သိပ်လိုချင်တာပဲသိတယ်။ ကျွန်မအခုထိ အလုပ်မမြဲသေးဘဲနဲ့ ဒီလိုဘဲ ရုန်းကန်နေရတော့ အတည်တကျ ဘ၀အာမခံချက် ပေးမယ့် အလုပ်ကို သိပ်လိုချင်တယ်လေ။ ဒါနဲ့ ကျွန်မအမေက ပြောတယ်။ ရဟန္တာ စိန်ဂျိုးဇက်ကို ကိုးကြည့်ပါလားတဲ့။ မျှော်လင့်ချက်မရှိတဲ့ အရာတွေ အားလုံးရတယ်လို့ ပြောခဲ့တယ်။ အဖ သံဇူဇယ်ကိုလည်း တောင်းခံလျှင် ရတယ်လို့ပြောတယ်။ ကျွန်မ ဒါတွေတစ်ခါမှ နားမလည်ခဲ့ မလုပ်ခဲ့ မသိခဲ့ပါဘူး။ ကျွန်မ ဘုရားတရားမှ တစ်ခါမှ မလုပ်ဖူးဘဲ။ ကျွန်မ မေ့နေတယ်။ ငယ်ငယ်က မေမေက ကက်သလစ်ဘာသာမို့ ကျွန်မကို ကက်သလစ်ဘာသာထဲ သွင်းခဲ့တယ်။ အမေက အသေစောတော့ ကျွန်မကို ကောင်းကောင်း မသွန်သင်လိုက်ရဘူး။ ဒါပေမယ့် အဲဒါတွေက ဘာသာသူပဲယူရမယ်ဆိုလို့ ကျွန်မ ကက်သလစ်ဘာသာ ယောက်ျားကိုပဲ ယူခဲ့ပါတယ်။ ကျွန်မ ဒါပဲ သိတယ်လေ။ ကျွန်မသား သမီးတွေကို ဘာသာထဲ သွင်းပေးတာက ကျွန်မရဲ့ ယောက္ခမတွေပဲပေါ့။ ကျွန်မ ယောက်ျားနဲ့ ကွဲပြီး ၅နှစ်လောက်မှာ ကျွန်မ ယောက်ျားဆုံးသွားတာကို ကျွန်မ ကြားလိုက်ရတယ်။ ကျွန်မနဲ့ ကွဲပြီး သူလည်းအရက်တွေသောက်ရင်းက အသေစောခဲ့တယ်လို့ဘဲ သိရတယ်။ ကျွန်မ သူ့ဆီတစ်ခါမှ ပြန်မသွားပါဘူး။ ကျွန်မ ထွက်လာကတည်းက သံယောဇဉ်ဖြတ်ခဲ့ပြီးပြီဘဲ။ သူဆုံးတော့ ကျွန်မကိုသူများတွေအကြောင်းကြားပေမယ့် ကျွန်မ ခရီးလွန်နေခဲ့တယ်။ ကြေးနန်းနဲ့ပဲ သိရတော့ ကျွန်မလည်း မသွားဖြစ်ခဲ့တော့ဘူး။ ကလေးတွေလည်း အရွယ်မရောက်သေးတော့ အဖေဆိုတာ ဘာမှန်းလဲ မသိဘူးလေ။ မင်းတို့ အဖေသေပြီလို့ ပြောပြရုံကလွဲရင် သူတို့လည်း ဘာမှ ခံစားမိကြမှာ မဟုတ်ဘူးလေ။ ကျွန်မကိုယ်တိုင်ကလည်း ကျွန်မယောက်ျား သေတာတောင် ကျွန်မက ၀မ်းနည်းရကောင်း၊ နှမြောရကောင်း၊ ငိုရမှန်းမသိခဲ့တဲ့ စိတ်ဟာ၊ အဲဒီအချိန်က ကျွန်မစိတ်ထဲမှာ မာနဆိုတဲ့ အကြည်းတန် ရုပ်ဆိုးတဲ့ စိတ်တွေပဲရှိနေခဲ့တယ်လေ။ ကျွန်မဘ၀မှာ ယောကျာ်းလည်း မရှိတော့၊ ကျွန်မကလေး ၃ယောက်အတွက် ရှေ့ရေးတွေးပြီး ကျွန်မ သူတို့ကို ဘယ်လို ရှာဖွေ ကျွေးမွေးရမလဲဆိုတာပဲ စဉ်းစားနေမိတော့တယ်။ ဒါကြောင့် ကျွန်မမှာ အလုပ်တစ်ခုခုရှိပြီဆိုရင် ကျွန်မဘ၀ ကျွန်မ အိနြေ္ဒရှိစွာ ရပ်တည်နေနိုင်ပြီလို့ပဲ ဆိုရမှာပေါ့။ ဒါကြောင့် ကျွန်မအလုပ်ပဲ လိုက်ရှာ နေခဲ့ပါတယ်။

    အစ်မက ဘုရားရှိခိုး ဆုတောင်းခိုင်းတော့ ကျွန်မမှာ"မဆုတောင်း"တတ်ခဲ့ပါဘူး။ ဘာဆုမှလည်း တစ်ခါမှ မတောင်းဘူးလေ။ သူများတွေ ဆုတောင်းပါလားလို့ ပြောတာတောင် ကျွန်မရယ်ခဲ့ဘူးတယ်။ ဘယ်အရာမဆို ကျွန်မက ကိုယ်တိုင်လုပ်မှ ကိုယ်ရတာပဲလို့ ထင်ခဲ့တယ်။ ဘယ်အရာမဆို ဘုရားကပေးမှ ရတာဆိုတာ၊ ကျွန်မ လုံးဝ အယုံအကြည် မရှိ၊ မသိ၊ မလုပ်ခဲ့ပါဘူး။ ကျွန်မကို ဆာတန်က ဘယ်လောက်ထိများ သိမ်းသွင်းထားပြီလဲဆိုတာ ကိုယ့်ကိုယ်ကိုလဲ မသိခဲ့ဘူး ဖြစ်နေတယ်လေ။ တစ်နေ့ ရန်ကုန် စိန်ဂျိုးဇက်ဘုရားကျောင်းမှာ ရဟန္တာစိန်ဂျိုးဇက်ပွဲကို ကျင်းပတော့ ကျွန်မအစ်မနဲ့ ရောက်သွားခဲ့တယ်။ ကျွန်မအစ်မက ဆုတောင်းပြီး နိုဗီနားကိုးခိုင်းတော့ ကျွန်မလုပ်ကြည့်ခဲ့တယ်။ ယုံကြည်တာတွေ မယုံကြည်တာတွေ ထားအုံး။ ကျွန်မ မလုပ်တာဘဲသိတော့ အစ်မပြောသလိုဘဲ လုပ်ခဲ့တယ်လေ။ တစ်ခါ စိန်ဂျိုးဇက်ပွဲနေ့ရောက်တော့လည်း အလုပ်သမားများနေ့ဆိုတော့ အလုပ်သမားများ၊ ၀န်ထမ်းများက ရဟန္တာစိန်ဂျိုးဇက်ကို သဒ္ဒါကြည်ညို ကိုးစား ဂုဏ်ပြုပွဲလုပ်နေကြတာကို တွေ့ရပြန်တယ်လေ။ အလုပ်အတွက် စိန်ဂျိုးဇက်ကို တောင်းကြည့်ပါတဲ့။ ဒါနဲ့ ကျွန်မလည်း ရဟန္တာစိန်ဂျိုးဇက်ကို ကျွန်မ အလုပ်တစ်ခုရဖို့ ဆုတောင်းလိုက်တယ်။

    ဘုရားသခင်နဲ့ ကျွန်မနှစ်ယောက်တည်း စကားပြောပြီး ရန်တွေဖြစ်နေတယ်။ "သခင်ဘုရား၊ သခင်ဘုရားဟာ အားလုံးစုံကို ကယ်နိုင်တယ်ဆိုတာ ဘာလို့ ကျွန်မကို အလုပ်မပေးတာလဲ စသည်ဖြင့်ပေါ့ သခင်ဘုရားက ကျွန်မကို အိုးထိန်းသည်နဲ့ အိုးလိုပဲ ပုံသွင်းတယ်။ ပြုပြင်တယ်၊ ကျွန်မကို နည်းမျိုးစုံနဲ့ ရိုက်ချိုးဖဲ့ခဲ့တယ်။ ကျွန်မရဲ့ မာန်မာနတွေကို ရိုက်ချိုးဖဲ့ခဲ့တာမှ ခပ်နာနာပဲပေါ့ကွယ်။ ကျွန်မကို အဲသလောက် နာနာရိုက်တာတောင်မှ ကျွန်မက တော်ရုံလောက်ပဲ ရှိအုံးမှာပေါ့။ မဖြူဆိုတဲ့ ကျွန်မကတော့ နာမည်တစ်လုံးသာ ဖြူပြီး အဖြူရောင်တွေလို မသန့်ရှင်းပါဘူး။ ကျွန်မ စိတ်ဓာတ်လေးတွေဟာ အဖြူရောင်ပေါ်မှာအ မြဲစွန်းပေနေတာချည်းပါဘဲ။


    တစ်နေ့တော့ ကျွန်မအစ်မက ကျွန်မကို ပြောလာတယ်။ "ဆွံ့ အ နားမကြား"ကျောင်းမှာ စာရေးအလုပ် တစ်နေရာ လွတ်တယ်တဲ့ နင်လျှောက်မလားလို့ မေးတော့ အလိုတော် နင့်အလုပ်က ဘာလဲ။ အဲဒီကျောင်းမှာ ဘာသွား လုပ်ရမလဲလို့ မေးမိတော့ နင်က စာရေးအလုပ်တော့ လုပ်တတ်တယ် မဟုတ်လား။ စာရင်းအင်း ပြုစု စာရေးအလုပ်ပေါ့ ဟာတဲ့။ ဒါဆို ငါ လုပ်ကြည့်မယ်လေ၊ စာရေးလုပ်တော့ လုပ်တတ်ပါတယ်ဆိုပြီး ကျွန်မ "မေရီချက်စပင်း ဆွံ့ အ နားမကြားကျောင်း"မှာ အလုပ် လျှောက်ခဲ့တယ်လေ။ ကျွန်မ ပညာအရည်အချင်းနဲ့ ကျွန်မ အလုပ်တစ်ခုရခဲ့တယ်။ ကျွန်မ အလုပ်စ၀င်ကတည်းက ရုံးလုပ်ငန်းအပြင် ဘာကိုမှ ကျွန်မ စိတ်မ၀င်စားခဲ့ဘူးလေ။ အထူးသဖြင့် ကျောင်းလာတက်တဲ့ ကလေးတွေကိုပေါ့။ သူတို့ အတန်း ဘက်လည်း ကျွန်မ တစ်ခါမှသွား မကြည့်ဖူးဘူး။ မလေ့လာဖူးဘူးလေ။ ကျွန်မ ရုံးခန်းလေးထဲမှာပဲ ကျွန်မနေခဲ့တယ်။ တနေ့ ကျောင်းမှာ ဧည့်သည်တွေလာတော့ ကျောင်းအုပ်ဆရာမကြီးက သူနဲ့အတူ ကလေးတွေကို လှည့်ကြည့်တဲ့နေရာမှာ လိုက်ဖို့ခေါ်ပါတယ်။ ကျွန်မလည်း မငြင်းပါဘူး။ တာဝန် အရပေါ့။ ကျွန်မ သိပ် အံ့သြသွားတယ်။ အဲဒီအခါမှ ကျွန်မ ဘုရား တမိတယ်။ ဘုရားရေ သူတို့လေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လူဖြစ်လာပြီးတော့ နားမကြား၊ စကားမပြောတတ်တဲ့ သူတွေပါလားဆိုတာ အခုမှ မြင်မိတယ်။ အချို့က မွေးရာပါ၊ အချို့က အကြောင်းအမျိုးမျိုးကြောင့် အကြားအာရုံတွေ ထိခိုက်ပြီးမှ ရောက်လာတဲ့သူ အို စုံရောပဲလား။ ကျွန်မတစ်ခါမှ ကလေးတွေ ခြေစုံ လက်စုံ မွေးပါစေ၊ နားမကြားသူ စကားမပြောတတ်သူ မဖြစ်ပါစေနဲ့လို့ မဆုတောင်းခဲ့တာတောင် ကျွန်မကလေး ၃ယောက်လုံးဟာ အားလုံး ပြည့်စုံပြီး ဘာချွတ်ယွင်းချက်မှ မရှိခဲ့ပါလား ဆိုတော့ ပထမဆုံး ခံစားလိုက်ရပြီး ဒါဘုရားရဲ့ ကျေးဇူးပဲနေမှာဆိုတာ တွေးမိတယ်။ သူတို့လေးတွေရဲ့ ဘ၀ တခြားသောကလေးတွေဘ၀ကဲ့သို့ ရှင်သန်အောင်ပေါ့။ ကျွန်မ အဲဒီအခါမှအပြစ်မရှိတဲ့ ကလေးငယ်လေးတွေရဲ့ ဘ၀ တခြားသောကလေးတွေ ဘ၀ကဲ့သို့ ရှင်သန်အောင်ပေါ့။ ကျွန်မ အဲ့ဒီအခါမှ အပြစ်မရှိတဲ့ ကလေးငယ်လေးတွေရဲ့ ကိုယ်အင်္ဂါချို့တဲ့မှုကြောင့် ခံစားနေရတာ မသိဘဲနဲ့ ဘ၀တူတွေ ချင်း သီးသန့်နေနေတာမို့ ပျော်နေတဲ့ကလေးတွေကိုကြည့်ပြီး ကျွန်မ မျက်ရည် ပေါက်ပေါက်ကျ ခဲ့ရတယ်လေ။ ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ မဖြူဟာ မျက်ရည်ကိုပုံးနဲ့ လာခံရင်တောင် ပြည့်သွားမလားဘဲ။ ကျွန်မရဲ့ စိတ်ကို ဘုရားသခင်က ပထမဦးစွာ ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ ကျွန်မအိမ်ပြန်ရောက်ပြီးမှ ဘုရားဆိုတာ ကျွန်မ တွေးမိလာတော့တယ်။ ဘုရားအကြောင်း ကျွန်မ သိနှင့်လာတော့ပါတယ်။ ကျွန်မတစ်ခါမှ မဖတ်ဘူးတဲ့ ဘုရားစာအုပ်၊ ကျမ်းစာအုပ်၊ စိတ်ပုတီးနဲ့ မယ်တော်ကိုလည်း ကျွန်မ ပြန်ထိတွေ့မိတယ်။ ကျွန်မသိ သိချင်းတော့ အရာရာတိုင်းက ဘုရားရဲ့အလိုတော်ပဲဆိုတာ ဘုရားအလိုရှိတယ်ဆိုရင် အားလုံးဖြစ်နိုင်တယ်ဆိုတာပဲပေါ့။ ဘုရား ဘယ်အရာကို ဘယ်အချိန်မှာမှ အလိုရှိမလဲ ကျွန်မသိလိုက်ရတဲ့အခါ ကျွန်မကို အချိန်မနှောင်းခင်မှာပဲ နောက်ထပ် တစ်ဖန် အသစ် ပြန်လည်မွေးဖွားစေခဲ့တယ်။ ကျွန်မဘ၀ Born Again ပေါ့။ တကယ်တော့ ကျွန်မဘ၀က တစ်ဝက်သေနေပါပြီ၊ Half Dead ကို ကျွန်မ မေ့နေတယ်။ ဘုရားရဲ့အလိုရှိမှုဟာ ဘယ်မှာလဲဆိုတာ ကျွန်မ စိန်ဂျိုးဇက်ဆီမှာ အလုပ်တောင်းခံတုန်းက ကျွန်မကို မေရီဆီပို့ပေးလိုက်တာပဲလေ။

ဒါကြောင့် ကျွန်မ မေရီချက်စပင်ဆွံ့အ နားမကြားကျောင်း ရောက်လာခဲ့ရတာပေါ့။ ဘုရား ကျွန်မကိုပေးခဲ့ပါတယ်။ စကား မပြောနိုင်၊ နား မကြားနိုင်သူတွေဆီကို အရောက်ပို့ပေးခဲ့တယ်လေ။ စကားမပြောနိုင်မှတော့ ဒီလူတွေနဲ့ ကျွန်မ ဘယ်လိုပြိုင်ပြီး ရန်ဖြစ်မလဲ။ တစ်ချိန်က အလုပ်မှာ ကျွန်မဘယ်သူနဲ့မှ မတည့်ခဲ့ဘဲနဲ့ အခုတော့ ကျွန်မရဲ့ နှုတ်လျှာကို စောင့်ထိန်းနိုင်ဘို့အတွက် ဘုရားက ကျွန်မကို ပြုပြင် ပြောင်းလဲပေးလိုက်ပါတယ်။ ကျွန်မ သူတို့တွေကို သနားလာပြီး သူတို့တွေနဲ့ ကျွန်မစကားပြောနိုင်အောင် ကြိုးစားမယ်ဆိုပြီး ကျွန်မ ရုံးအလုပ်ထက် သူတို့ကိုစာပြပေးနိုင်ဘို့ စာသင်ပေးနိုင်ဖို့၊ စကားပြောနိုင်ဖို့၊ ကျွန်မ သင်တန်းတွေ တက်ရောက် ပညာ သင်လေ့လာခဲ့ပါတော့တယ်။ အဲဒီအခါမှာ ကျွန်မ သိပ်ပျော်သွားပြီလေ။ ကျွန်မ ပြောပြမယ့်စကားကိုလည်း သူတို့သိပြီပေါ့။ ကျွန်မရဲ့ အသံကိုလည်း သူတို့ကြားပြီပေါ့။ သူတို့တွေ အမြင်အာရုံနဲ့ ကြည့်ပြီး လှုပ်ရှားမှုတွေကို မှတ်သားကာ အများပြောတဲ့ အကြောင်းအရာကို သိလွယ် မှတ်လွယ်စေပါတယ်။ ကျွန်မလည်း သူတို့ နားလည်အောင် သင်ပြပေးတတ်လာတော့ သူတို့နဲ့ ထိတွေ့လာရတယ်။ ကျွန်မ စိတ်တွေ ပျော်လာတယ်။ တစ်နေ့ တစ်နေ့ ကျွန်မကို ဘုရားဘယ်လောက်ထိ ကောင်းချီးပေးနေသလဲ ဆိုတာ အဲဒီ ကောင်းချီးတွေ ကျွန်မ ရေတွက် မနိုင်တော့ပါဘူး။

                                    ကက်သရင်းဂျွန်

Read More...

Monday, July 20, 2015

မေး ဖြေ။ ၂၁ ရာစုကမ္ဘာကြီးမှာ လက်ရှိ ခရစ်ယာန်ဦးရေ မည်မျှရှိပါသလဲ။

မေး။            ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အဖက်ဖက်မှာ အကောင်းဖက်ကိုရော၊ အဆိုးဖက်ကိုရော ပြောင်းလဲ ဖြစ်ပေါ်နေတဲ့ ၂၁ ရာစုကမ္ဘာကြီးမှာ လက်ရှိ ခရစ်ယာန်ဦးရေ မည်မျှရှိပါသလဲ။
 
ဖြေ။  ကမ္ဘာပေါ်ရှိ ခရစ်ယာန်များ အရေအတွက် ၂၀၁၀ အစီရင်ခံစာ

ကမ္ဘာကြီးတစ်ခုလုံးရဲ့ ယခုရှိ လူဦးရေရဲ့ သုံးပုံတစ်ပုံက ခရစ်ယာန်တွေဖြစ်တယ်။ ဒီစာရင်းက ဘာသာတရားနှင့် အများ လူထုဘ၀ဆိုင်ရာ Pew Forum အဖွဲ့ကနေ သုတေသနပြုချက်ကို ဒီဇင်ဘာ ၁၉၊ ၂၀၁၁ က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။

၂၀၁၀ တုန်းက နိုင်ငံပေါင်း ၂၀၀ မှာ လေ့လာသုတသန စစ်တမ်း အချက်အလက်အရ ကမ္ဘာကြီးတစ်ခုလုံးမှာ ခရစ်ယာန် လူဦးရေ ၂.၁၈ ဘီလီယံ ရှိပါတယ်။ အဲဒီအချိန် ၂၀၁၀ တုန်းက ခန့်မှန်းခြေ စုစုပေါင်း ကမ္ဘာ့လူဦးရေက ၆.၉ ဘီလီယံ ရှိပါတယ်။ ခရစ်ယာန် လူဦးရေက ၂.၁၈ ဘီလီယံရှိတာကြောင့်မို့ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံ နီးပါးရှိပါတယ်။

ဒီ အစီရင်ခံစာက ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း ဘာတွေ ပြောင်းလဲခဲ့တယ်ဆိုတာကို ဖေါ်ပြနေပါတယ်။ ၁၉၁၀ ခုနှစ် ကနေ စပြီးတော့ ခရစ်ယာန်လူဦးရေက "လေးဆ" တိုးလာခဲ့ပါတယ်။ သန်း ၆၀၀ ရှိခဲ့ရာကနေ ၂ ဘီလီယံကျော် အထိ တိုးလာခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အဲဒီအချိန် ၁၉၁၀ တုန်းက ကမ္ဘာ့လူဦးရေက ၁.၈ ဘီလီယံကနေ အခု ၆.၉ ဘီလီယံ အထိ တိုးလာတာ ဖြစ်တယ်။ ဒါ့ကြောင့်
ခရစ်ယာန် လူဦးရေ ရာခိုင်နှုန်းက အနည်းငယ် လျော့သွားခဲ့တယ်၊ ၃၅ % ကနေ ၃၂ % လျော့သွားတာ ဖြစ်တယ်။ ဒါပေမဲ့လည်း ကမ္ဘာပေါ်မှာ ခရစ်ယာန်တွေက လူဦးရေ အများဆုံးဖြစ်လျှက်နေဆဲဖြစ်ပါတယ်။

Pew Forum အဖွဲ့ရဲ့ ပြီးခဲ့တဲ့ လေ့လာမှုတွေ အရ မွတ်စလင်လူဦးရေက ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံအောက် အနည်းငယ် လျော့ပါတယ်။ လေ့လာချက်အရ တွေ့ရှိတာက ခရစ်ယာန် စုစုပေါင်း လူဦးရေရဲ့ တစ်ဝက်နီးပါး ၄၈% က ခရစ်ယာန်တွေ
အများဆုံး ဖြစ်တဲ့ နိုင်ငံ ၁၀ နိုင်ငံမှာ နေကြပါတယ်။


 
ခရစ်ယာန် လူဦးရေ အများဆုံး ၁၀ နိုင်ငံထဲက ထိပ်ဆုံး သုံးနိုင်ငံက အမေရိကတိုက်တွေက ဖြစ်တယ်။ အမေရိကန် ပြည်ထောင်စု၊ ဘရာဇီးနဲ့ မက်ဆီကိုနိုင်ငံတွေ ဖြစ်တယ်။ ၁၀ နိုင်ငံထဲက နောက် နှစ်နိုင်ငံက ဥရောပက ဖြစ်တယ်။  ရုရှားနဲ့ ဂျာမဏီတို့ ဖြစ်တယ်။ ခရစ်ယာန် လူဦးရေအများဆုံး ၁၀ နိုင်ငံထဲက နောက်နှစ်နိုင်ငံက အာရှပစိဖိတ်ဒေသက ဖြစ်တယ်။ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ဖြစ်တယ်။

ခရစ်ယာန် လူဦးရေ အများဆုံး ၁၀ နိုင်ငံထဲက  ကျန်တဲ့ သုံးနိုင်ငံက Sub-Saharan အာဖရိက ကဖြစ်တယ်။ နိုက်ဂျီးရီးယား၊ ကွန်ဂို ဒီမိုကရက်တစ် ရီပက်ဗလစ်နိုင်ငံနဲ့ အီသီယိုးပီးယားနိုင်ငံတို့ ဖြစ်တယ်။ ကမ္ဘာ့နိုင်ငံ ၁၅၈ နိုင်ငံမှာ ခရစ်ယာန်တွေက အဲဒီနိုင်ငံ စုစုပေါင်းလူဦးရေရဲ့ အများဆုံး ဖြစ်နေဆဲဖြစ်တယ်။ ကမ္ဘာပေါ်ရှိ နိုင်ငံတွေအားလုံးထဲက ၁၅၈ နိုင်ငံမှာ ခရစ်ယာန်တွေက
လူများစု ဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံတွေ အားလုံး ကမ္ဘာ့ပထ၀ီ မြေကြီးရဲ့ သုံးပုံနှစ်ပုံမှာက ခရစ်ယာန်တွေ အများဆုံး ဖြစ်တယ်။

၁၉၁၀ ခုနှစ်တုန်းက ကမ္ဘာ့ ခရစ်ယာန် လူဦးရေ စုစုပေါင်းရဲ့ သုံးပုံ နှစ်ပုံခန့်က ဥရောပတိုက်မှာ နေကြတာဖြစ်တယ်။ နောက် ရာစုနှစ်တစ်ခုကြာအပြီးမှာကျတော့ ဥရောပတိုက်မှာ ကမ္ဘာ့ ခရစ်ယာန် စုစုပေါင်း လူဦးရေရဲ့ ၂၆% ကိုပဲ တွေ့ရတော့တယ်။ ကမ္ဘာ့ ခရစ်ယာန် စုစုပေါင်း လူဦးရေရဲ့ သုံးပုံတစ်ပုံ ၃၇% ကို အမေရိကတိုက်တွေမှာ ယခုအခါ တွေ့နေရတယ်။ ကမ္ဘာ့ ခရစ်ယာန်လူဦးရေရဲ့လေးပုံ တစ်ပုံလျော့လျော့ ၂၄% က Sub-Saharan အာဖရိကမှာ နေထိုင်ကြတယ်။ အာရှပစိဖိတ်ဒေသမှာ ယနေ့ ကမ္ဘာ့ခရစ်ယာန် လူဦးရေရဲ့ ၁၃% ရှိတယ်။ ဥရောပတိုက်နဲ့ အမေရိကတိုက်နှစ်ခုကို အတူ ပေါင်းမယ်ဆိုရင် ဒီတိုက်ကြီးနှစ်ခုမှာက ခရစ်ယာန်အများစု ဖြစ်ဆဲဖြစ်တယ်။ ခရစ်ယာန် စုစုပေါင်း လူဦးရေရဲ့ ၆၄% ရှိတယ်။ ၆၃% ရှိနေပေမဲ့လို့လဲ ၁၉၁၀ တုန်းက ၉၃%ရှိခဲ့တာကြောင့် အရမ်းကို ကျသွားဖြစ်တယ်။ ဥရောပတိုက်မှာရော အမေရိကတိုက်မှာရော ခရစ်ယာန် အရေအတွက် ကျဆင်းသွားခဲ့တယ်။ ၁၉၁၀ တုန်းက ဥရောပတိုက်ရဲ့  စုစုပေါင်းလူဦးရေရဲ့ ၉၅ %က ခရစ်ယာန်တွေဖြစ်ခဲ့တယ်။  ဒါပေမဲ့၂၀၁၀ မှာ ၇၆% ပဲ ရှိတော့တယ်။

အမေရိကတိုက်မှာ ၁၉၁၀ တုန်းက စုစုပေါင်း လူဦးရေရဲ့ ၉၆%က ခရစ်ယာန်တွေ ဖြစ်ခဲ့ပေမဲ့ ၂၀၁၀မှာ ၈၆%ပဲ ရှိတော့တယ်။  ဥရောပတိုက်နဲ့  အမေရိတိုက်မှာ ခရစ်ယာန်ဦးရေ ကျဆင်းပေမဲ့  ဒါနဲ့ ဆန့်ကျင်ဖကှ်ကSub-Saharan အာဖရိကမှာ ခရစ်ယာန်တွေ တိုးပွားလာတယ်၊ အဲဒီမှာ ၁၉၁၀တုန်းက ခရစ်ယာန်ဦးရေက စုစုပေါင်း လူဦးရေရဲ့ ၉% ပဲရှိခဲ့တယ်။ ဒါပေမဲ့ ရာစုနှစ် တစ်ခုကြာပြီးမှ ခရစ်ယာန် ယုံကြည်ခြင်း တစ်ဟုန်ထိုး ပျံ့နှံ့ခဲ့ပြီး စုစုပေါင်းလူဦးရေရဲ့ ၆၃% ဖြစ်လာတယ်။ ၉% ကနေ ၆၃%။ အာရှ
အထိ တိုးလာတာကြောင့် ရာခိုင်နှုန်းနှစ်ဆကျော်တော့ တိုးလာပါတယ်။ အရှေ့ အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိကဒေသတွေ
ကတော့ ခရစ်ယာန် အနည်းဆုံးရှိတဲ့နေရာတွေ ဖြစ်တယ်။ ဒီဒေသတွေမှာ ခရစ်ယာန်ဦးရေက စုစုပေါင်း လူဦးရေရဲ့ ၄% ပဲ ရှိတယ်။ ခရစ်ယာန် ၁၃သန်း လောက်ပဲရှိတယ်။ အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိက နိုင်ငံပေါင်း ၂၀မှာရှိတဲ့ ခရစ်ယာန် စုစုပေါင်းထက် မွတ်စလင်အများစုနိုင်ငံဖြစ်တဲ့ အင်ဒိုနီးသျှားနိုင်ငံမှာ ခရစ်ယာန် ပိုများတယ်လို့ ဆိုပါတယ်။

အာဖရိက ခရစ်ယာန်တွေ တိုးပွားလာတယ် ဆိုရာမှာ ပရိုတက်စတန့် နှစ်ခြင်း အစပြု ဖြစ်ပေါ်တဲ့ ဂျာမဏီနိုင်ငံက ပရိုတက်စတန့် ခရစ်ယာန်အရေအတွက်ထက် နိုက်ဂျီးရီးယားနိုင်ငံမှာ နှစ်ဆ ပိုများလာတယ်။ ကက်သလစ် ခရစ်ယာန် လူဦးရေ ၁.၁ ဘီလီယံ ရှိပါတယ်။ အဲဒီတော့ ကက်သလစ်ဦးရေက ကမ္ဘာ့ခရစ်ယာန် စုစုပေါင်းဦးရေရဲ့ တစ်ဝက်ရှိတယ်။ ဘရာဇီး ကက်သလစ် အများဆုံးနိုင်ငံ ဖြစ်တယ်။ ဘရာဇီးမှာ ကက်သလစ် ၁၃၄သန်း ရှိတယ်။ အဲဒီတော့ အီတလီ၊ ပြင်သစ်၊ စပိန်သုံးနိုင်ငံပေါင်းထက် ဘရာဇီးမှာ ကက်သလစ်ဦးရေက ပိုများတယ်။

ကမ္ဘာ့နိုင်ငံ ၆၇ နိုင်ငံတို့မှာ ကက်သလစ်က အဲဒီ ၆၇ နိုင်ငံမှာ အများစုဖြစ်တယ်။ အမေရိကတိုက်တွေမှာ ကမ္ဘာ့ ကက်သလစ် စုစုပေါင်း ဦးရေရဲ့ ၄၈% ရှိတယ်။ လာတင် အမေရိကတစ်ခုထဲမှာတင် ၄၀% နီးပါးရှိတယ်။ ဥရောပက ဒုတိယ လိုက်တယ်။ ဥရောပမှာ ကမ္ဘာ့ကက်သလစ် ဦးရေရဲ့ ၂၄% ရှိတယ်။ Sub-Saharan  အာဖရိကမှာ  ကမ္ဘာ့ကက်သလစ်ဦးရေရဲ့  ၁၆% ရှိပြီး အာရှပစိဖိတ်
ဒေသမှာ ၁၂% ရှိတယ်။

ပရိုတက်စတန့် နှစ်ချင်း အသင်းတော်တွေက ဂိုဏ်းကွဲပေါင်း မြောက်မြားစွာရှိတာကြောင့် အစီရင်ခံစာမှာ ပရိုတက်စတန့် ဆိုပြီးတော့  အားလုံးကို ခြုံငုံပြီး ဖေါ်ပြထားပါတယ်။  ကမ္ဘာ့ ခရစ်ယာန် စုစုပေါင်းရဲ့ ၃၇% က ပရိုတက်စတန့် ခရစ်ယာန်တွေဖြစ်တယ်။
ကမ္ဘာ့နိုင်ငံတွေထဲက ၄၉ နိုင်ငံမှာ ပရိုတက်စတန့် ဦးရေက အဲဒီနိုင်ငံတွေရဲ့ စုစုပေါင်း လူဦးရေရဲ့ အများစုဖြစ်တယ်။

ပရိုတက်စတန့် နှစ်ခြင်းအသင်းတော်တွေက ဥရောပကနေ အစပြု တည်ထောင်ခဲ့ကြတာ ဖြစ်ပေမဲ့  သုတေသနပြုချက်
အရ တွေ့ရှိရတာက ပရိုတက်စတန့် ခရစ်ယာန် အများစုဖြစ်ကြတဲ့ နိုင်ငံ ၁၀ နိုင်ငံထဲက နှစ်နိုင်ငံကပဲ ဥရောပနိုင်ငံတွေ ဖြစ်တယ်။
ပရိုတက်စတန့် အများဆုံးက United States (အမေရိကန်) ဖြစ်တယ်။ သန်း ၁၆၀ ရှိတယ်။ ဒါ့ကြောင့် ကမ္ဘာ့ပရိုတက်စတန့်
ခရစ်ယာန် စုစုပေါင်းရဲ့  ၂၀% က United States (အမေရိကန်)ကဖြစ်တယ်။

နိုက်ဂျီးရီးယားက ပရိုတက်စတန့် ဒုတိယ အများဆုံး နိုင်ငံဖြစ်တယ်။ သန်း ၆၀ နီးပါး ရှိတယ်။ တရုတ်နိုင်ငံက ပရိုတက်စတန့် တတိယ အများဆုံးနိုင်ငံ ဖြစ်တယ်။ ခန့်မှန်းခြေ ၅၈ သန်းနီးပါရှိတယ်။ တကယ်တော့ တရုတ်နိုင်ငံက ကမ္ဘာ့ ခရစ်ယာန်ဦးရေ သတ္တမ အများဆုံးရှိတဲ့ နိုင်ငံဖြစ်တယ်။ အစီရင်ခံစာမှာတင်ပြထားတာ တရုတ်နိုင်ငံမှာ ခန့်မှန်းခြေ ခရစ်ယာန် ၆၇ သန်းရှိတယ်။ တရုတ်နိုင်ငံရဲ့ ဘာသာရေးအခြေအနေနဲ့ ပတ်သက်ပြီး ယုံကြည် စိတ်ချနိုင်လောက်တဲ့ အချက်အလက်ရရှိဖို့ ခက်ခဲတယ်ဆိုတာကို အစီရင်ခံစာမှာ ၀န်ခံထားတယ်။ အာရှတိုက်မှာ ဖိလစ်ပိုင်နိုင်ငံက သာလျှင် ခရစ်ယာန်ဦးရေ ပိုများတာဖြစ်တယ်။ ဖိလစ်ပိုင်မှာ ခရစ်ယာန် ၈၇ သန်း ရှိတယ်။

ကမ္ဘာပေါ်မှာ အောသိုဒေါ့ ခရစ်ယာန် သန်း ၂၆၀ ရှိတယ်။ ဒါကြောင့် အောသိုဒေါ့ ခရစ်ယာန်တွေက ကမ္ဘာ့ခရစ်ယာန် ဦးရေ စုစုပေါင်းရဲ့ ၁၂% ဖြစ်တယ်။ ရုရှားနိုင်ငံမှာ အောသိုဒေါ့ ၃၉ % ရှိတယ်။ ဒါကြောင့် ရုရှားနိုင်ငံက အောသိုဒေါ့ ခရစ်ယာန် အများဆုံး ရှိတဲ့နိုင်ငံ ဖြစ်တယ်။

အီသီယိုးပီးယားနိုင်ငံက အောသိုဒေါ့ ခရစ်ယာန် ဒုတိယ အများဆုံး ရှိတဲ့ နိုင်ငံဖြစ်တယ်။ ၁၃.၄ % ရှိတယ်။  Constantinople (ကွန်စတန်တီနိုပယ်) မြို့က အောသိုဒေါ့အသင်းတော်ရဲ့ Patriarch ကြီးနန်းစံတဲ့ နေရာ ဖြစ်ပေမဲ့ တူရကီနိုင်ငံမှာ အောသိုဒေါ့ ခရစ်ယာန် နည်းနည်းလေးပဲ ရှိပါတယ်။ ၁၈၀၀၀၀ခန့် ပဲရှိတယ်။

အာဖရိကနဲ့ တရုတ်မှာ ခရစ်ယာန် လူဦးရေ တစ်ဟုန်ထိုး တိုးပွားလာခြင်းက ရှေ့ဆက်ပြီး ဒီလိုပဲ တိုးနိုင်ဖွယ်ရှိပြီး ဒါက ခရစ်ယာန်ဘာသာတရား အပေါ် အတော်လေး သက်ရောက်မှု ရှိလိမ့်မည်ဖြစ်ပါသည်။

Source-www.zenit.org

ဘုန်းဘုန်းရစ်ချက်လှမင်းဦး
                                      
                                       

Read More...

Friday, July 17, 2015

လူမှုဆက်သွယ်ရေးကော်မရှင် ဒါရိုက်တာ၏ ကျေးဇူးတင်လွှာ

သိုးထိန်း အသံစာစောင် အမှတ်စဉ် (၁၀၀) ရောက်ရှိခြင်း အထိမ်းအမှတ်တွင် ယခုလို့ ရေးသားခွင့်ရသည့်အတွက် ဘုရားရှင်ကို ကျေးဇူးတင်မိပါသည်။ အမှန်အတိုင်းဝန်ခံရလျှင် ကျွန်ုပ်အနေနှင့် စာအုပ်များဖတ်ရာတွင်သာ စိတ်ဝင်စား၍ စာရေးသားရာတွင် ၀ါသနာမပါဟုသာ သူတစ်ပါးအား ပြန်ပြောပြမိသော်လည်း အမှန်တကယ်မှာတော့  မကျွမ်းကျင်၍ မရေးသားခြင်းလည်း ပါပါသည်။ မည်သို့ပင်ဆိုစေ ကျွန်ုပ်အနေနှင့် မန္တလေးသာသနာ၏ လူမှုဆက်သွယ်ရေး ကော်မရှင်တွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာချိန်မှာတော့ စာပေကို ပိုမို လေ့လာရမည်။ အထူးသဖြင့် အရေးအသားပိုင်းကို ပိုမို၍ လေ့လာရန် လိုအပ်လာသည်ကိုတော့ မိမိကိုယ်ကို သတိပြုမိ လာပါသည်။

ဘုရားရှင်၏ ကျေးဇူးတော်အားဖြင့်၊ Signis Asia President  ဖြစ်သော ဘုန်းတော်ကြီး ဦးထွန်းမြင့်၏ လမ်းညွှန်မှုနှင့်အတူ Sr. စန်းယုမော်၏ စီစဉ်ပေးမှုများကြောင့် ပြီးခဲ့သော ဒီဇင်ဘာလတွင် Signis Asia Assembly တက်ရောက် ခွင့်ရခဲ့ပြီး မိသားစု (Family) ၏ အရေးကြီးသည့် အခန်းကဏ္ဍကို သိမှတ်ခဲ့ရပါသည်။ "မိသားစုဟူသည် ချစ်ခြင်းမေတ္တာ ထွန်းကားရန် လူ့ဘောင်အား ဘုရားသခင် ချီးမြှင့်ထားသည့်နေရာနှင့် အချင်းချင်း အပြန်အလှန် ချစ်ခြင်းမေတ္တာပွားများနိုင်သော မေတ္တာ လက်ဆောင်နေရာ ဖြစ်ပါသည်"ဟူ၍လည်း ပုပ်ရဟန်းမင်းကြီး Francis အရှင်သူမြတ် ရေးသားသည့် ၄၉ ကြိမ်မြောက် ကမ္ဘာ့လူမှုဆက်သွယ်ရေးနေ့ သ၀ဏ်လွှာတွင် ဖော်ပြပါရှိပါသည်။ ဤသိုးထိန်းအသံ စာစောင်သည်လည်း ထိုရည်ရွယ်ချက်များအတွက် တည်ရှိနေသည်ဟု ပြောလျှင် မမှားပါ။ မိသားစုအတွင်း ချစ်ခြင်းမေတ္တာ ဝေမျှနိုင်ဖို့ရန် လူ့ဘောင်အား ဘုရား၏ချစ်ခြင်းမေတ္တာဖြင့် ပိုမို အလှဆင်နိုင်ရန် စာပေအားဖြင့် သိုးထိန်းအသံမှ တစ်ဖက်တစ်လမ်းမှ ပါဝင်ခဲ့သည်မှာ အမှတ်စဉ် (၁၀၀) ပင် ပြည့်ပြီဖြစ်သည်။ သိုးထိန်းအသံ ဆက်လက် ရပ်တည်နိုင်ရန် ကူညီခဲ့ကြသော ဆရာတော်များ၊ ရဟန်းတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ၏ ကြိုးစားမှုများ အားလုံးအတွက် အထူးပင် ကျေးဇူးတင် အသိအမှတ်ပြုရပေမည်။

ယခုလက်ရှိတွင် စာပေတည်းဖြတ်ရေးကို လုပ်ဆောင်ပေးသော ဘုန်းတော်ကြီး ဦးစိုးတင့်အားလည်း အထူးပင် ကျေးဇူးတင် ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုန်းတော်ကြီးဦးစိုးတင့်သည် ကက်သလစ်ယုံကြည်ရာ အချက်များနှင့် ပတ်သက်၍ ကျွမ်းကျင်သည့် ပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး ဤသိုးထိန်းအသံအတွက်လည်း စနစ်တကျ စီစစ်ပေးသောကြောင့် ဖြစ်ပါသည်။ ထို့ပြင် Sr. စန်းယုမော်နှင့် ၀န်ထမ်းများအားလုံး၏ ကြိုးစားမှုများအတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။ Sr. စန်းယုမော်၏ မနားမနေ ကြိုးစားအားထုတ်မှုသည် လူမှုဆက်သွယ်ရေး ကော်မရှင်မှ ထုတ်လုပ်သော သိုးထိန်းအသံ စာစောင် အတွက် အားဆေးတစ်ခွက်ပင် ဖြစ်ပါသည်။ သိုးထိန်းအသံ နှစ်ပေါင်းများစွာ ရပ်တန့်နေရာမှ ပြန်လည် အသက်သွင်းပေးသော ပုဂ္ဂိုလ်မှာ ဘုန်းတော်ကြီး ဦးထွန်းမြင့် ဖြစ်ပါသည်။ ဘုန်းတော်ကြီး ဦးထွန်းမြင့်သည် မြန်မာနိုင်ငံကက်သလစ်သာသနာ၏ လူမှုဆက်သွယ်ရေးလုပ်ငန်း တိုးတက် ရှင်သန်နိုင်ရန် နောက်ကွယ်မှ လုပ်ဆောင်ပေးသူ ဘုန်းတော်ကြီးတစ်ပါးလည်း ဖြစ်ပါသည်။ ထို့အတွက် ကိုယ်တော်အားလည်း ဤစာမျက်နှာမှ ဂုဏ်ပြု ကျေးဇူးတင်လိုက်ရပါသည်။ သိုးထိန်းအသံ စာစောင်သို့ စာမူ ပို့ပေးကြသူများနှင့် အားပေးဖတ်ရှုသူများ အားလုံးကိုလည်း ဤအမှတ်စဉ် (၁၀၀)အထိ တည်တံ့နိုင်ရန် အားပေး ကူညီမှုများအတွက် အထူးပင် ကျေးဇူးတင်ရှိမိပါသည်။ ဆက်လက်ပြီး ကူညီအားပေးကြပါရန် ပန်ကြားလိုပါသည်။ အယောက်စီတိုင်းအား ဘုရားရှင် ကောင်းချီးပေးပါစေ။

ဘုန်းတော်ကြီး ဟင်နရီဘရန်မိုင်
လက်ထောက် ဒါရိုက်တာ
လူမှုဆက်သွယ်ရေးကော်မရှင်
မန္တလေးကက်သလစ်သာသနာ


Read More...

ချစ်ခင်လေးစားရပါသော "သိုးထိန်းအသံ" မိတ်ဆွေတို့...

ချစ်ခင်လေးစားရပါသော "သိုးထိန်းအသံ"မိတ်ဆွေတို့...

ထာဝရဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့် "သိုးထိန်းအသံ"စာစောင်ဟာ ယခုဆိုလျှင် အမှတ်စဉ် (၁၀၀)ကိုရောက် ရှိလို့လာပါပြီ။ ဒါကြောင့် ထာဝရဘုရားရှင်ကို ပထမဦးစွာ ကျေးဇူးအထူးတင်ရှိရမှာ ဖြစ်ပါတယ်။ ဒါအပြင်"သိုးထိန်းအသံ" မိတ်ဆွေတို့ရဲ့ အားပေးမှုကြောင့်လည်း "သိုးထိန်းအသံ"စာစောင်ဟာ ယခုလို အမှတ်စဉ် (၁၀၀)ကို ရောက်ရှိလာတယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် "သိုး
ထိန်းအသံ" မိတ်ဆွေတို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ နောက်ဆုံးအနေနဲ့ သိုးထိန်းအသံ အမှတ်စဉ်(၁) မှ (၁၀၀)အထိ ရေးသားထုတ်ဝေခဲ့ကြသောသူ အားလုံးကိုလည်း များစွာ ကျေးဇူးတင်ရှိပါသည်။

မြန်မာလို ရေးသားထားတဲ့ ဘာသာရေးစာပေတွေ ထွက်ရှိမှု နည်းပါးနေတဲ့အချိန်မှာ "သိုးထိန်းအသံ"လို ဘာသာရေး စာစောင် ထွက်ရှိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် "သိုးထိန်းအသံ" စာစောင် အမြဲဆက်လက်ထွက်ရှိပြီး လူသားတို့ကို အကျိုးပြုနိုင်ဖို့ အားလုံး ပါဝင် ကြိုးစားသွားကြပါစို့လို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

"သိုးထိန်းအသံ" မိတ်ဆွေ အားလုံး ထာဝရဘုရားရှင်ရဲ့ ကောင်းချီး မင်္ဂလာခံစားရပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ၍ လိုအင် ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ဘုန်းတော်ကြီး ဂျွန်ဦးစိုးတင့်

Read More...

အကြိမ် (၁၀၀)မြောက် သိုးထိန်းအသံ စာစောင်သို့

အကြိမ် (၁၀၀)မြောက် သိုးထိန်းအသံ စာစောင်သို့

သာမန် လူတစ်ယောက်၏ ဘ၀အသက်တာသည် နှစ်(၁၀၀)ထိ အသက်ရှင်သန်ခွင့် ရသည်ဆိုပါအံ့။ ယင်းကို ကြီးမားသော ကောင်းကြီး မင်္ဂလာဟု သတ်မှတ်ရပေမည်။ အကြောင်းမှာ လူသည် အသက်ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ၊ အသက် ရှင်သန်နေရခြင်းသည်ပင် ဘုရားရှင်၏ ကျေးဇူးတော်ကြောင့်သာပင် ဖြစ်သောကြောင့်တည်း။

ယခုအခါသမယသည် ကျွန်ုပ်တို့ မန္တလေးသာသနာ၏ "သိုးထိန်းအသံ" စာစောင် ထုတ်ဝေခဲ့သည့် အကြိမ် (၁၀၀)မြောက် စာစောင်ကို ဂုဏ်ပြုနေကြသည့် အခါသမယပင် ဖြစ်ပေသည်။ ထို့ကြောင့် "သိုးထိန်းအသံ" စာစောင်အား အကြိမ်(၁၀၀)ထိ အဆက်မပြတ် ထုတ်ဝေနိုင်ရန် ခေတ်အဆက်ဆက်က "သိုးထိန်းသံ" စာပေ ၀ိုင်းတော်သား အားလုံးကို ဂုဏ်ပြုလိုက်ပါသည်။ သင်တို့၏ စာပေအကျိုးတော်ဆောင်မှု အားလုံးကို အသိအမှတ်ပြုပါသည်။ ဂုဏ်လည်း ယူပါသည်။

ဤကဲ့သို့ "သိုးထိန်းအသံ" စာစောင်ကို အကြိမ်(၁၀၀)ထိ ပုံမှန်ထုတ်ဝေနိုင်ခြင်းသည်ပင် ဂုဏ်ယူစရာ တစ်ခု မဟုတ်ပါလား မိတ်ဆွေ၊ ဤပြယုတ်က ဘုရားရှင်၏ ကောင်းကြီးမင်္ဂလာနှင့် ဘုရားသခင်၏ ဘုန်းတော် တန်ခိုးတော်များ ရှင်သန်ခြင်း၏ သင်္ကေတအမှတ် လက္ခဏာတစ်ရပ်ပင် ဖြစ်နေပါတော့သည်။ တနည်းအားဖြင့်ဆိုရသော် "သိုးထိန်းအသံ" ၀ိုင်းတော်သူ ၀ိုင်းတော်သားများ၏ ကြိုးစားမှုများ၊ ပေးဆပ်မှုများ၊ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းများကို ဘုရားရှင်က အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုခြင်းလည်း ဖြစ်ပေသည်။

"လူ့ဘ၀"တွင် "စာပေ"သည် အရေးကြီးပါသည်။ စာပေကြောင့် ဘုရား၏ စကားများကို ကြားနာခွင့်ရခဲ့ရသည်။ စာပေကြောင့် သိမ်မွေ့သော လူသားများ ဖြစ်လာကြသည်။ ယဉ်ကျေးလာကြသည်။ ဗဟုသုတများ ပိုမို ဆည်းပူးနိုင်ကြသည်။ သိုးထိန်းအသံ ဆောင်းပါးများက ဖတ်ရှုသူတိုင်းအား ထိုသို့သော ရသများကို ပေးစွမ်းနိုင်သည်ကို တွေ့ရသည်။

ထို့ကြောင့် သိုးထိန်းအသံကို တာဝန်ယူ တည်းဖြတ် ထုတ်ဝေပေးလျှက်ရှိသည့် စာပေ ၀ိုင်းတော်သူ၊ ၀ိုင်းတော်သားများ အားလုံးကို အထူး ဂုဏ်ယူ ၀မ်းမြောက်စွာဖြင့် ဂုဏ်ပြုလိုက်ပါသည်။

အထူးသဖြင့် လက်ရှိ တာဝန်ယူပေးနေကြသော "စစ္စတာရ် စီစီလျားစန်းယုမော်" နှင့် အာဗီအေ အသံလွှင့်ဌာနမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အားလုံးကို အထူး ကျေးဇူးတင်လိုပါသည်။

ထိုသို့သော ကျေးဇူးရှင်များ၏ ဇွဲ၊ လုံးလ၊ ၀ီရိယတို့ကို အချိုးကျစွာ အသုံးပြုခဲ့ကြသည့်အတွက် သင်တို့ အားလုံးကို ကျေးဇူးတင်ပါကြောင်း ဘုရားရှင်၏ မေတ္တာ၊ ကရုဏာများနှင့် သစ္စာတရားတော်မြတ်ကို အဆက်မပြတ် ဆည်းကပ် ကိုးကွယ်နိုင်ကြပါစေ၊ သိုးထိန်းအသံစာစောင်သည်လည်း သည်ထက်မက တိုးတက် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းလိုက်ပါသည်။

ဘုရားရှင်၏ တထူးတခြားသော ကောင်းကြီးမင်္ဂလာများ ထာဝစဉ် သွန်းဖြိုး ဝေဆာနိုင်ပါစေကြောင်း
ဆရာတော်ကြီး ပေါလ်ဇိန်ထုံးဂရောင်
မန္တလေးသာသနာ



Read More...

သိုးထိန်းအသံအမှတ်စဉ် (၁၀၀) ဂုဏ်ပြုလွှာ

သိုးထိန်းအသံအမှတ်စဉ် (၁၀၀) ဂုဏ်ပြုလွှာ

လေးစားအပ်ပါသော "သိုးထိန်းအသံ" မန္တလေး ကက်သလစ်သာသနာ လူထု ဆက်သွယ်ရေးရုံးမှ အယ်ဒီတာ၊ စာစောင် ထုတ်လုပ်ရေး တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆောင်းပါးရှင်များ၊ "သိုးထိန်းသံ" အမှတ်စဉ် (၁၀၀)အားဖြင့် ဤသို့ ဂုဏ်ပြုအပ်ပါသည်။

သိုးထိန်းအသံ စာစောင်သည်၊ မန္တလေး ဂိုဏ်ချုပ်သာသနာ၏ ဘာသာရေးစာပေ (၁၀၀)စောင်မြောက် မျိုးစေ့ကလေး အစို့ အညှောက် ထွက်လာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ မန္တလေးဂိုဏ်းချုပ်၏ မြန်မာ့ရိုးရာ မြန်မာ့စာပေ ယဉ်ကျေးမှုကို အခြေခံသော ဓမ္မစာစောင် အပင်ပေါက်များ ရှင်သန်ကြီးထွားလာသော အမှတ်စဉ် (၁၀၀) ရယ်လို့ ဆိုလိုခြင်းဖြစ်သည်။ ရေးသား ဖြန့်ဝေသူ အပါအ၀င် စေတနာရှင်အပေါင်း၏ သဒ္ဒါတရားထက်သန်စွာ ငွေအင်အား၊ လူအင်အားဖြင့် ပြုစု ပျိုးထောင်လိုက်သည်မှာ စာပေ (၁၀၀) မြောက်လို့ ကျေနပ် နှစ်ထောင်းအားရဖွယ် ကောင်းလှပါသည်။ မြန်မာနိုင်ငံ၌ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံအားလုံး ဗုဒ္ဓ အဆုံးအမမှ လာသော ဘာသာရေး ဒဿနအခြေခံသည့် သြ၀ါဒ အဆုံးအမတို့နှင့် ဆက်နွယ်လျက်ရှိကြောင်း လက်ခံ၊ ၀န်ခံကြပေသည်။

မှန်ပါသည်။ ထိုနည်းတူစွာ တဖက်မှာလည်း ခရစ်တော်၏ အဆုံးအမဟူ၍ ကက်သလစ်ဘာသာဝင်များ၏ ယုံကြည်ခြင်း၊ လက်တွေ့ဘ၀ကျင့်စဉ်များသည်လည်း နိုင်ငံသားများ ပီသစွာ မြန်မာ့ယဉ်ကျေးမှုကို အလေးထား အားပေးသင့်ပါသည်။ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာအယူဝါဒ (၁၂)မျိုး၊ (၁၂ Articles of Faith) ကျင့်ဆောက်တည်ရမည့် ပညတ်တော်(၁၀)ပါး၊ လိုက်နာ စောင့်ထိန်းရမည့် မင်္ဂလာ(၈) ပါး၊ ကျင့်ဝတ် (၆)ပါးစသည့် ကက်သလစ်ဘာသာရေး အစဉ်အလာ ယုံကြည်ကိုးကွယ် လက်ခံမှုကိုပါ ခေတ်နှင့်ေ လျာ်ညီစွာ သုတရသ စာပေဖွင့်ပေးရေးသားဖို့ လိုအပ်လာပါသည်။ ဤစာစောင် စာပေ ပြုစုသူ စာပေသမားများ သာမက၊ စာဖတ်သူ ကက်သလစ်ဘာသာဝင် ရဟန်း ရှင်လူ စာဖတ် ပရိတ်သတ်တို့သည်လည်း၊ သဒ္ဒါတရား ထက်သန်စွာ ငွေအင်အား၊ လူအင်အား စာမူ အင်အားတို့ဖြင့် ပံ့ပိုးကူညီဖို့ပါ လိုအပ်ကြောင်း တိုက်တွန်း နှိုးဆော်လိုပါသည်။ ဗဟုသုတစာပေ အနေဖြင့် ရေးသားရမည်ဆိုလျှင်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် နှစ်စဉ်ကျင်းပသည့် အထွေထွေညီလာခံများတွင် နှစ်အလိုက်ဖြစ်စေ၊ ရက်အလိုက်ဖြစ်စေ၊ ထူးခြားသည့်ဖြစ်စဉ် များရှိပါက အထိမ်းအမှတ်များကို သတ်မှတ်လေ့ရှိပါသည်။

၁၉၇၂ ခုနှစ်ကို နိုင်ငံတကာ စာအုပ်နှစ် အဖြစ် သတ်မှတ်ခဲ့ပါသည်။ 
ဧပြီလ(၂၉) ရက်ကို ကမ္ဘာ့စာအုပ်နေ့။
စက်တင်ဘာလ (၈) ရက်ကို နိုင်ငံတကာ စာတတ်မြောက်ရေးနေ့။
မေ(၃) ရက်ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့။

စာနယ်ဇင်းတွေ စာအုပ်၊ စာတမ်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစသည်ဖြင့် အားလုံးပါဝင်သည်။ စာရေးဆရာမကြီး လူထုဒေါ်အမာ ကလည်း "စာဖတ်တဲ့ လူမှ စိတ်ဓါတ် အဆင့်အတန်းမြင့်မားမယ်၊ စာဖတ်တဲ့ လူတိုင်း တိုးတက်ပြီး၊ တိုးတက် သည့်လူတိုင်း စာဖတ်ကြသည်။" ဟု တရုတ်စကားပုံတစ်ခုရှိကြောင်း ဖေါ်ပြထားပါသည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံ အချို့၏ သတင်းစာ ဖတ်ရှုမှုကို ဖေါ်ပြရမည်ဆိုရင်၊ ဂျူးဘားနိုင်ငံသည် လူ (၁၀၀၀)လျှင် သတင်းစာ (၁၅၅)စောင် ဖတ်ရှု၍၊ ထိုင်းနိုင်ငံသည် လူ (၁၀၀၀) လျှင် သတင်းစာ (၂၂) စောင် ဖတ်ရှုကြသည်။

တကယ်တော့ စာဖတ်နေသည့် လူများသည် အချိန်များ အားနေ၍ အချိန်များ ပိုလျှံနေ၍ စာဖတ်ကြသည် မဟုတ်ပါ။ စာဖတ်နိုင်ရန် အတွက်သာ အချိန်ပေးရခြင်း ဖြစ်သည်။ ဆရာတော်ကြီး အနေဖြင့် ပြောရမည်ဆိုရင်၊ ဘုန်းတော်ကြီးများ အပါ အ၀င်၊ သီလရှင်များ၊ ကျောင်းသူ၊ ကျောင်းသားများ၊ မိဘများအားလုံးကို စာဖတ်စေချင်သည်။ အထူးသဖြင့် ဘာသာရေးစာပေများကို လေ့လာ ဖတ်ရှု စေချင်သည်။ ငယ်ရွယ်စဉ်ကတည်းက ကလေးများကို စာဖတ်ချင်စိတ် ရှိလာ စေရန် ပြုစု ပျိုးထောင် တိုက်တွန်းကြရမှာ ဖြစ်သည်။ 

အမှားအမှန်ကို ပိုမို၍ ခွဲခြားသိမြင်နိုင်သည့် အကျိုးရလဒ်များကိုလည်း စာဖတ်ခြင်းမှ တစ်ဆင့်ရလာမည်ဖြစ်သည်။ "စာဖတ်တဲ့သူဟာ စာမဖတ်သူတွေထက် အမြဲတမ်းခေါင်း တစ်လုံးပိုသာ တတ်တယ်" ဆိုသည့် စကားတစ်ခွန်းရှိတယ်။ စာဖတ်သူများသည် အခြားသော စာမဖတ်သူများထက် စကားပြောဆိုသည့် နေရာတွင် အမြဲတမ်းထိပ်ကနေ ဦးဆောင် ပြောလေ့ရှိတတ်ကြသကဲ့သို့ အခြားသောသူများ၏ ပြောသည့်စကားအပေါ်တွင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ထောက်ပြ ဝေဖန် ပြောဆိုလေ့ရှိကြသည်။ အရာရာကို ချင့်ချိန်တတ်ခြင်းနှင့် ယုံကြည် လက်ခံသင့်သည့်အရာကိုမှ ယုံကြည် လက်ခံလေ့ရှိကြသည်။ စာမဖတ်သူများသည် ဤကဲ့သို့ မဟုတ်ကြပါ။

အခြားသူများ မှားနေသည့် အကြောင်းအရာတစ်ခုကို ပြောနေသည် ဖြစ်လင့်ကစား အမှားကို အမှားမှန်းမသိကြဘဲ ပါးစပ်အဟောင်းသားနှင့် ယုံမှတ်ကာ နားထောင်လေ့ရှိကြသည်။ အရာရာကို စဉ်းစားဆင်ခြင်နိုင်မှု့ မရှိကြဘဲ အခြားသူများ ပြောသည်ကိုပဲ နားထောင်နေကြရပြီး၊ ကိုယ့်က တစ်ခွန်းတစ်ပါဒမျှ ပြောဆိုမှု့မရှိနိုင်ကြ၊ နှုတ်ဆွံ့အ နေတတ်ကြသည်။ ထို့ကြောင့် သိုးထိန်းအသံ စာစောင်သာမက စာများများ အထူးသဖြင့် ကက်သလစ်ဘာသာရေး ဓမစာပေများကို လူငယ်၊ လူရွယ်လေးများက ပိုမို စာဖတ်ဖို့ လိုအပ်နေကြောင်း ဖြောင်းဖျ ပြောပြချင်ပါသည်။ ကက်သလစ်ဘာသာဝင် လူကြီးမိသားစု (Family) အနေဖြင့်လည်း ပြုစုပျိုးထောင်ပေးသင့်ကြောင်း တင်ပြလိုပါသည်။

ကက်သလစ်သာသနာကြီး တိုးတတ်ဖို့ အထူးသဖြင့် မြန်မာစာပေ ရိုးရာ ယဉ်ကျေးမှု့ကို အခြေခံအမှူးပြုသော ကက်သလစ် စာပေ ဖွံ့ဖြိုးရေးကို ပို၍ တိုးတတ်လာအောင် ဘာသာဝင်များအနေဖြင့် ကြိုးစားကြရန်လိုအပ်သည်။ အားပေးကြရန် လိုအပ်ပါသည်။ ဆရာတော်ကြီးအနေဖြင့်၊ စာဖတ်နိုင်ကြပါစေ၊ စာပေရေးသားနိုင်ကြပါစေလို့ ဆန္ဒပြု နိဂုံးချုပ်အပ်ပါသည်။

ဂိုဏ်းချုပ်ဆရာတော် နီကောလ်လားစ် ဦးမန်းထန်း
မန္တလေးဂိုဏ်းချုပ်ဆရာတော်

မှတ်ချက်။ ။ ကိုးကားသော စာပေများမှာ -
(၁) (၆-၅-၂၀၁၅) နေ့စွဲပါ မန္တလေးသတင်းစာမှ ဒေါက်တာ ကျော်သန်းထွန်း၏ "စာပေမျိုးစေ့ ဧရာဝတီ"။
(၂) (၈-၅-၂၀၁၅) နေ့စွဲပါ ရတနာပုံသတင်းစာ ကြယ်စင်စိုး၏ အရွယ်မလွန်ခင်၊ စာဖတ်စေချင်သည်။
(၃) (၃-၅-၂၀၁၅) နေ့စွဲပါ မန္တလေးသတင်းစာမှ မောင်ခိုင်ဖြိုး၏ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ကို ကြိုဆိုပါသည်" ဟူသော ခေါင်းစဉ်တို့ဖြစ်ပါသည်။

Read More...

Sunday, July 5, 2015

အင်းဝရောက်ခြေရာများ - အပိုင်း (၂၄)

အင်းဝရောက်ခြေရာများ - အပိုင်း (၂၃)


အစ်ဂနေးဆီအူးစ် ဒေဘရစ်တိုသည် ရန်ကုန်တွင် ဖွင့်လှစ်ထားသော ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနို၏ ရဟန်းဖြစ်သင်ကျောင်းမှ ပညာများ သင်ယူခဲ့ပြီး၊ ၁၇၉၃ ခုနှစ်ဇန်န၀ါရီလတွင် ဆရာတော် မန်တေဂါးဇား လက်တော်မှ အမရပူရမြို့တော်တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာ ခံယူပြီးနောက် ဘုန်းတော်ကြီး အန္ဒြူးမောင်ကိုးနှင့် အတူ ဘားရ်နားဘိုက်အသင်းကို ၀င်ရောက်ခဲ့သည်။ စန်ဂျယ်ရ်မားနိုးနှင့် အတူတွဲ၍ ရန်ကုန်တွင် အမှုတော် ထမ်းရွက်ခဲ့သည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ၌ အောင်ပင်လယ် စစ်စခန်းတွင် (၂)နှစ် အကျဉ်းကျခဲ့သည်။ အကျဉ်းထောင်တွင်း ရှိစဉ်က ဒေဘရစ်တိုသည် မယ်တော်အား သီဆိုသော ဓမ္မသီချင်းများကို လက်တင်ဘာသာဖြင့် စပ်ဆို ရေးသားခဲ့သည်။ ၁၈၂၆ ခုနှစ်တွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲများ ပြီးဆုံးသွားသောအခါ ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီး စိန်ဂျွန်းကျောင်းတွင် ပျံလွန်တော်မူသည့် ၁၈၃၂ ခုတိုင် အမှုတော် ထမ်းရွက်ခဲ့သည်။ ၁၈၃၂ ခုနှစ်၊ ဇွန်လ (၂၁) ရက် ကိုယ်တော်မြတ်ပွဲနေ့ကြီးမှာပင်၊ အသက်တော် ၇၀ ပြည့်တွင် ဘုန်းးတော်ကြီး တာရိုးလီ၏ လက်ဝယ်တွင် ပျံလွန်တော်မူခဲ့သည်။ (၄၁)

ဆရာတော် မန်တေးဂါးဇား၏ နောက်ဆုံးရက်များ

သက္ကရာဇ်+ ၁၇၉၃ ခုနှစ်သည် မြန်မာပြည်ကက်သလိခ်သာသနာအတွက် ပထမဆုံးသော တိုင်းရင်းသား ရင်သွေးငယ်များကို ရဟန်းဘောင်သို့ ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် အထူး ဂုဏ်ယူ ၀မ်းမြောက်ခဲ့ရသော မင်္ဂလာနှစ်ဖြစ်ခဲ့သည်။ သို့သော် အသင်းတော်သည်   ၀မ်းမြောက်ဖွယ်ရာများနှင့် တွေ့ဆုံကြရသကဲ့သို့ ၀မ်းနည်းဖွယ်ရာအကြောင်းများနှင့်လည်း ကင်းကွာ၍ နေရပါ၊ တစ်နှစ်ကုန်ဆုံး၍ ၁၇၉၄ ခုနှစ်ဦးပိုင်းတွင် ဆရာတော်မန်တေဂါးဇားသည် သာသနာလုပ်ငန်းများကို အရှိန်အဟုန်တိုး၍ လုပ်ဆောင်ခဲ့သည်။ သာသနာနယ်မြေများကို မနားမနေ လှည့်လည် ကြည့်ရှု စောင့်ရှောက်ခဲ့သည်။ ဤသို့ တရွာဝင် တရွာထွက် သွားလာ လှည့်လည်နေရင်း ဆရာတော်၏ ကျမ်းမာရေးသည်လည်း တဖြေးဖြေးနှင့် ဆုတ်ယုတ်လာခဲ့သည်။ တနည်းပြောရလျှင် “အင်းဝ ခြေလှမ်းများ“ကား နှေးကွေးလာပြီဟု ဆိုရပေသည်။

သက္ကရာဇ် ၁၇၉၄ ခုနှစ် သြဂုတ်လ (၄)ရက်နေ့၊ ညနေ (၄)ချက်တီးချိန်၊ အမရပူရမြို့တော်ရှိ ဆရာတော်ကျောင်းတိုက်တွင် ဆရာတော်ကြီး ဂေတားနို မန်တေဂါးဇားသည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရလေသည်။ ဆရာတော်ကြီးသည် အသက်တော် (၄၉)နှစ် ပြည့်ပြီး၊ ဆရာတော်သိက္ခာ ၀ါတော် (၉) နှစ်ပြည့်ခဲ့သည် ဖြစ်သည်။ ဆရာတော်ကြီး မန်တေဂါးဇား၏ ဈာပန အခမ်းအနားကို ခမ်းနားကြီးကျယ်စွာဖြင့် အမရပူရမြို့ရှိ ခရစ္စယာန်သုဿန်တွင် သဂြိင်္ုလ်ခဲ့ကြသည်။

သခင် ဆရာတော်ဘုရား ပျံလွန်တော်မူသော သတင်းကို ကြားသိရသည့် ဘာသာဝင်တို့မှာ ၀မ်းနည်း နှမြောတသ ဖြစ်ခဲ့ကြရသည်။ ဆရာတော်မှာ အသက်အရွယ် အားဖြင့် နုပျိုသောအရွယ်ပင် ရှိသေးသည်။ သာသနာအတွင်း အခက်အခဲ မြောက်များစွာနှင့် တွေ့ကြုံ ရင်ဆိုင်နေရသော အချိန်အခါတွင် မိမိတို့အားကိုး အားထားရာ ပုဂိုလ်မြတ်အား ဆုံးရှုံးလိုက်ရခြင်းဖြစ်သည် အထူးပင် ၀မ်းနည်းဖွယ် ကောင်းလှသည်။ ဆရာတော် မန်တေဂါးဇားသည် မုံလှရွာ၏ နောက်ဆုံး ကျောင်းထိုင်ခဲ့ခြင်းဖြစ်သည်။

(၄၁) Catholic Mission of Southern Burma Burns and Oates,1909,p.18

သို့ဖြစ်၍ မုံလှရွာရှိ ဘာသာဝင်များသည် မိမိတို့ သခင် ဆရာတော်ဘုရား အတွက် စုပေါင်းမစ္ဆား ပူဇော်ခဲ့ကြသည်။ ထိုမစ္ဆားပူဇော်ချိန်မှာပင် ဘုန်းတော်ကြီး ဂျိုးဇက်ပေဒါမားတိုသည် အောက်ပါအတိုင်း သြ၀ါဒစကားကို မူရင်းအတိုင်း လက်ဝယ်ရှိသဖြင့် ဘုန်းတော်ကြီးများ၏ မြန်မာစကားကျွမ်းကျင်မှုကိုလည်း လေ့လာနိုင်ရန် အတွက် အဆိုပါသြ၀ါဒ၏ အဦးပိုင်းကို မူရင်းအတိုင်း ဖေါ်ပြလိုပါသည်။ (၄၂)

      “ဘာသာသူ အပေါင်းတို့၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတည်းဟူသော သဘောတရား သုပ္ပားကို ဘုရားသခင် ဖန်ဆင်းတော်မူသော ပထမ မိဘတို့မှစ၍ သ၀ိညာဏ အသက်ရှိ သတ္တ၀ါအပေါင်းတို့တွင် ဤကမ္ဘာမြေ အရပ်၌  အဘယ်သူ လွတ်ကင်းနိုင်ပါအံ့နည်း။ ----------- ဤ သ၀ိညာဏ အသက်ရှိသော သတ္တ၀ါအပေါင်းတို့ကို သေခြင်း သဘော မရွှေးမဆယ်၊ အတူတူကို ညှင်းဆဲနှိပ်ဆက်သည်ကို၊ ခိုင်းနှိုင်းစရာ ပမာဆိုသှ်ရှိသော်၊ ကောံရိတ်သော တံစဉ်ကွေးသည် တွေ့တွေ့သမျှ  အမှည့် အနု အကျမ်း အကောင်း မကောင်း မဆယ် မရှောင်မရှား အားလုံးတို့ကို ရိတ်ဖြတ်သကဲ့သို့ ၊ထို့အတူ သေမင်းသည် ကာလကိုလည်းမရွှေး၊ ဂုဏ်ကို မထောက်၊ အရွယ်ကိုလည်း မငဲ့၊ အရပ်ဒေသကိုလည်း မမျှော်၊ သေ ရမည့်အချိန် ရောက်လျှင်၊ သေရသည်ချဉ်း ပရိတ်သတ်တို့။

ဤသို့ အချိန်ကာလ နေ့ရက် စေ့ရောက်လျှင်၊ မလွဲမတိမ်း မရှောင်မရှားနိုင်သော သေရမြဲသော့ ကြောင့်၊ ကောဇာ သက္ကရာဇ် ၁၁၅၆ ခုနှစ် ၀ါခေါင်လဆန်း (၇)ရက်၊ စနေနေ့နေ၀င်ကျော် ၄ ချက်တီးချိန် ဂိုဏ်းအုပ် ဆရာတော် သခင်ဖုံးတော်ကြီး၊ ပြန်တော်မူချေပြီ ချစ်သားတို့။ ------------ ဤ လောက၌ လူတို့အချင်းချင်း ပြုရာဝတ်ရှိသှ်တွင် အကြင်သူ၏ တစုံတခု ကျေးဇူးဥပကာရရှိလျှင် ကျေးဇူးခံစာသူ မပြတ် အောင့်မေ့ မြှော်ထောက်၍ ကျေးဇူးရှင်ကို သဒ္ဒါ ရိုသေ လေးမြတ်ခြင်း ၀တ်တခုရှိသည်ကို ဧက ၀ုတ်မှတ်ရမည်။ သို့ဝတ်ရှိသှ်နှင့် အညီ၊ ယခု ပြန်တော်မူပြီးသော ရဟန်းပုဂိုလ်မြတ်တွင် တကာတကာမ ဘာသာသူတို့ ခံရပေသော ကျေးဇူးတော် အင်အား အတိုင်းထက် အလွန် ကြီးမြတ်ပေသည်ဖြစ်သောကြောင့် ထိုပုဂိုလ်မြတ်ကိုပင် တကာတကာမတို့က အထူးသဖြင့် သဒ္ဒါ ချစ်လေးမြတ်ခြင်း စေတနာ သဘောသိတ်ရှိမည်ကိုလည်း ဧက၀ုတ်မှတ်ရမည်။ ၀တ်ရှိသှ် အတိုင်း ထိုသဒ္ဒါ ရိုသေလေးမြတ်ခြင်း သဘောအတွက် အဟုတ်အဟတ် တကာတကာမတို့၏ ကပ်မိအောင် ထိုတမလွန်ဘ၀သို့ ကြွတော် မူသော ရဟန်းတော်တွင် ခံကြရပေသော ကျေးဇူး လက္ခဏာ သရုပ်ဖော်ထုတ်ပြ၍ ပြပါမည်။

ဤ ရဟန်းတော်မှာလျှင် ရှေးဦးတကြိမ် သာသနာတော် အကျိုးစီးပွား ဆောင်ရွက်အံ့ဟု စေတနာ သဘောစွဲသှ်နှင့်အညီ၊ သာသနာပိုင် ရဟန်းအကြီးချုပ်၊ အာဏာတော် အခွင့်ရ၍၊ မိမိဌာနကို ဌာနဟူ၍ မမှတ်၊ ဆရာမိဘဆွေမျိုး ယင်းချာအတူနေ ပေါက်ဖေါ်တို့ကိုလည်း၊ ပေါက်ဖေါ်ဟူ၍ မမှတ်သည် သာမက 

(၄၂) ” တနင်္ဂနွေနေ့တို့ ၌ ၄င်း၊ ပွဲနေ့တို့၌ ၄င်း ဘတ်ရသောကျမ်း ရွှေနှုတ်ကပတ်တော်ထွက်တို့၏ အဓိ ပ္ပယ်များတည်း” Homilies for Sundays and Festivals with appendix, all in Burmese (Bassein Catholic  Press .1869) 

မိမိအသက်တုံသော်လည်း အသက်ဟူ၍ မမှတ်၊ အားလုံးစုံ ကိုယ်တွင်း ကိုယ်ပ နှစ်မြောစ လောံသော အရာရာရှိသမျှကို ရဲရဲဝံ့ဝံ့ စွန့်ပစ်တော်မူပြီး၊ အသွယ်သွယ် အ၀၀၊ အထူး ထူးဘေးဥပါတ်အန္တာ ရာယ်ကြီး စွာသော ပင်လယ်သမုဒ္ဒယာ ခရီး အဓွန့်ရှဉ်စွာလွန်ကဲ့ ၍ ဤအရပ်ဒေသသို့ ချမ်းသာစွာ ရောက်ရှိလာတော်မူ၍ ရောက်လျှင်လဉ်း၊ စေတနာ နှစ်လုံးထားရင်း အတွင်း မဖေါက် မပြန်အသွေ မလှံ၊ ဘာသာသူတကာ တကာမတို့အား၊ ဘုရားသခင် ရွှေနုတ်ကပတ်တော် တရားလာတိုင်း ဟောကြားဆုံးမ္မ သွန်သင်တော်မူ၏၊ ဆယ်နှစ်ကျော်ရှိပြီးမှ ၊သာသနာတည်ရာ အရပ်၌ုသီတင်းသုံးနေသော သာသနာပိုင် စန္တူးပါပါး ရဟန်းတော်အကြီးချုပ်က မြန်မ္မာပြည်ကြီး၌ သာသနာပြုရှိသမျှ ရဟန်း သံဃာတော်မြတ်တို့ နှင့် တကွ ၊ဘာသာသူအပေါင်း တို့ကို ဘိသာပူးဟု ဆိုအပ်သော ဂိုဏ်းအုပ် ဆရာနှင့် အုပ်ချုပ် ထိန်းသိမ်းရမဉ်ဟု အမိန့်တော်တံဆိပ်စာ ရောက်ရှိလာသှ်ရှိသော်၊ ဤအရာ၌ ရဟန်းတို့ သုတ်ဝိနဉ်း ပညတ်ထုံးစံကရှိသှ်အတိုင်း ဘိသာပူးဂိုဏ်းချုပ်အဖြစ် အာဏာစွဲအောင် တပါးသော ဘိသာပူးရဟန်းတော်အကြီးက ကမ္မ၀ါကျမ်းတွင် ပညတ္တော်မူသော ပရိတ်တော်ရွတ်ဟောသဖြင့် သိက္ခာတင်မှသာလျှင်၊ ထိုအာဏာတော်အဖြစ် စွဲခြင်းသို့ ရောက်သှ်ဟု၊ ရဟန်းတို့ ၀ိနည်းရှိသှ်ကို ဤသို့ ပြန်တော်မူသော ရဟန်းတော်သှ် ၊လောကဂုဏ် သရေ အလိုမရှိသော်လဉ်း၊ သာသနာပိုင် ရဟန်းအကြီးချုပ် အမိန့်တော်ဖြစ်၍ ၊မပါယ်မလွဲ၊ ရိုသေစွာ ဦးထိပ်ရွက်ဆောင်၍ တံဆိပ်စာ ပါတော်မူသှ်အတိုင်း၊ ဘိသာပူးရဟန်းအဖြစ် သိက္ခာတင်ရ အောင်တကြောင်း၊ ထိုသာသနာပိုင် သံန္တူးပါပါး ကိုယ်တော်တိုင် ချေတော်ဖျားဦးဖြင့်ခိုက်၊ ရှိခိုး ဦးချ၍ နိုင်ငံဘာသာ လူစုအဘို့ တရားတော်နှင့် စပ်ဆိုင်သောအမှုအရာ  လျှောက်ခွင့်ရှိသမျှကို လျှောက်ထား အံ့သောငှါ တကြောင်း၊ နှစ်လုံးသားနှင့် ထိုရဟန်းတော်သှ် ၊ ဤအရပ်ဒေသမှ ခွာတော်မူပြန်၍ ၊တကာ တကာမတို့အား မေ့တသသလျှက်၊ တဖန် အလွန်ခက်ခဲသော သမုဒ္ဒယာလမ်းကို လွန်သဖြင့်၊ သာသနာ တဉ်အရပ် ပြည်ကြီးသို့ ချမ်းသာစွာ ဆိုက်ရောက်တော်မူ၏--------“

ထိုနောက်ဘုန်းတော်ကြီး ဂျိုးဇက်ပေ ဒါမားတိုသည် ဆရာတော်မန်တေဂါးဇား အီတလီပြည်၌ လုပ်ဆောင်ခဲ့သော လုပ်ငန်းများအကြောင်း ဆရာတော်ဘိသိတ် မင်္ဂလာခံယူခဲ့သည့်အကြောင်း သာသနာပြုစိတ်ဓါတ် ပြင်းပြလွန်းလှသဖြင့် ဆရာတော်သည် မြန်မာပြည်သို့ အလွန် ခက်ခဲလှသည့် ပင်လယ်ပြင် ခရီးအတိုင်း ပြန်လည် ကြွမြန်းလာခဲ့သည့်အကြောင်း အစရှိသော အကြောင်းအရာများကို ထုတ်ဖေါ် ဟောပြောသွားခဲ့လေသည်။ ဆရာတော်သည် ခရီးထွက်ခဲ့စဉ်က အီတလီပြည်၌ (၆)နှစ်တာမျှ ကြာမြင့်ခဲ့သော်လည်း မိမိနေရပ် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသော အခါ၊ မိမိ ဘာသာဝင် ကလေးလူကြီး အားလုံး၏ အမည်များကို မမေ့မလျော့ တတ်အပ်သေချာစွာ ထုတ်ဖေါ် ခေါ်ဝေါ် နှုတ်ဆက်နိုင်ခဲ့လေသည်။ သို့ဖြစ်၍ ဘာသာဝင် အပေါင်းတို့ အပေါ်၌ ဆရာတော်ဘုရား၏ မေတ္တာ ကရုဏာ ကြီးမားလှကြောင်းများကို ဖွင့်ဟ ဟောပြောတော်မူလျက် ချီးမွမ်းခန်းများ ထုတ်ဖေါ်ခဲ့လေသည်။ နိဂုံးချုပ်အနေဖြင့် မိမိတို့အဘ ပီတာမြတ်အတွက် ၀မ်းနည်းကြေကွဲကြခြင်း၊ ဆုတောင်း မေတ္တာပို့သပေးကြခြင်းတို့သည် ကောင်းမွန် မြင့်မြတ်တော်မူပါသည်။ သို့သော် မိမိတို့ ဆရာတော်ဘုရား မိမိတို့နှင့် အသက်ထင်ရှားရှိစဉ် အခါက ဟောကြား သွန်သင် ဆုံးမတော်မူခဲ့သော တရားတော်ကို နှလုံးသွင်း၍ လိုက်နာ ကျင့်ဆောက်တည်ခြင်းသည် ပိုမို အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သတိပေး သြ၀ါဒ မြွက်ကြားတော်မူသည့် အကြောင်းများကို ဖတ်ရှုရသည်။

ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၂၅)

Read More...

Thursday, June 11, 2015

အင်းဝရောက်ခြေရာများ - အပိုင်း (၂၃)

အင်းဝရောက်ခြေရာများ - အပိုင်း (၂၂)


ရန်ကုန်မြို့ပေါ် လုပ်ဆောင်ခဲ့သော သာသနာလုပ်ငန်းများ။ (၃၉)

မယ်တော်သခင်မကွန်ဗင်း The Assumption Convent.
ရန်ကုန်မြို့တွင် ဘားရ်နားဘိုက်သာသနာပြုများသည် သက္ကရာဇ် ၁၇၆၈-ခုနှစ်ကပင် သာသနာလုပ်ငန်းများကို စတင်ပြီး အခြေချ ဆောင်ရွက်ခဲ့ကြသည်။ ထိုစဉ်က ဘုန်းတော်ကြီး ပီအို ဂါလီဇီယားသည် ဘားရ်နားဘိုက်အဖွဲ့ဝင်များတွင် ရန်ကုန်မြို့၏ ပထမကျောင်းထိုင်အဖြစ် တာဝန်ယူထမ်းရွက်ခဲ့ခြင်းဖြစ်သည်။ ၁၇၇၂-ခုနှစ်တွင် ဘုန်းတော်ကြီး မာချဲလို ကော်တင်းနိုးဗစ်သည် မိုးကောင်းကင်သို့ ပင်ဆောင်ခံရတော်မူသော မယ်တော်သခင်မ ဘွဲ့ခံကျောင်းတော်တွင် တာဝန်ယူ ထမ်းဆောင်ခဲ့သည်။ ဤကျောင်းတော်တည်ရှိသော နေရာသည် မြို့ရိုးသဖွယ် ခံတပ်စည်းရိုးဖြင့် ၀ိုင်းရံထားသော မြို့မတည်ရှိရာအရပ်တွင် ရှိခဲ့သည်။ ဘုန်းတော်ကြီး မာချဲလိုကော်တင်းနိုးဗစ် လက်ထက်တွင် အဆိုပါ ဘုရားရှိခိုးကျောင်းဝင်းအတွင်း၌ ကျောင်းဆောင်သစ်များကို တိုးချဲ့ ဆောက်လုပ်ခဲ့သည်။ ကျောင်းဆောင်သစ်များ အားလုံးကို မြန်မာ သစ်တောထွက်ပစ္စည်းများကိုသာ အသုံးပြုလျက် မြန်မာနည်း မြန်မာ့ပုံစံများဖြင့် ဆောက်လုပ်ခဲ့သည်။ ထိုကျောင်းဆောင်သစ်များကို အမျိုးသမီးကလေးများ ပညာသင်ကြားရေးအတွက် ရည်ညွှန်း ဆောက်လုပ်ခဲ့ ခြင်းဖြစ်သည်။ ဤ စာသင်ကျောင်းသည် အမျိုးသမီး ဦးရေ (၁၀၀၀) တစ်ထောင်ခန့် ဆံ့သော ပညာရေးကျောင်းဖြစ်သည်။ ကျောင်းသူကလေးများအား ထိန်းကျောင်း သင်ကြားပေးရန်အတွက် မြန်မာအမျိုးသမီး အချို့ကို အုပ်ထိန်းသူများ အဖြစ် ခန့်ထားသည်။ အဆိုပါ အုပ်ထိန်းသူများသည် အီတလီပြည်၏ ဘားရ်နားဘိုက်အသင်းဂိုဏ်းမှ  ထပ်ဆင့် တည်ထောင်ထားသော သီလရှင်ကြီးများ အသင်းဂိုဏ်း၏ ၀ိနည်း စည်းကမ်းများအတိုင်း လိုက်နာ စောင့်ထိန်းနေထိုင် ကြရသည်။ ဘုန်းတော်ကြီး မာချဲလို ကော်တင်းနိုးဗစ် ဖွင့်လှစ်ပေးခဲ့သော အမျိုးသမီး ပညာရေးကျောင်းသည် နောင်တွင် ပေါ်ပေါက်လာခဲ့သော ကွန်ဗင်းကျောင်း အားလုံး၏ ရှေ့ပြေး အမျိုးသမီးပညာရေး စာသင်ကျောင်းများ ဖြစ်ခဲ့သည်။

(၃၉) A New Account of the East Indies, 1727. Vol 2.pg.15.By Alexander.
  ii Della Vita di Giovanni Maria Percoto, Undine 1781.ByM.A Griffini.
  iii. A Description of the Burmese Empire’ Sangermano

(ခ) စိန်ဂျွန်း အမျိုးသားကျောင်း St. John’s Boys School.
ရန်ကုန်မြို့တွင် အမျိုးသားကလေးများအတွက် စာသင်ကျောင်းကိုလည်း စိန်ဂျွန်းဘတ္တစ္စတားဘုရားကျောင်းတွင် ဘားရ်နားဘိုက်များမှ ဖွင့်လှစ်ထားသည်ကိုလည်း တွေ့ရှိရသည်။ ဘုန်းတော်ကြီး ကာရ်ပါးနီသည် သက္ကရာဇ် ၁၇၆၇ ခုနှစ် ရန်ကုန်မြို့ စိန်ဂျွန်း ဘုရားရှိခိုးကျောင်းတွင် ကျောင်းထိုင်ဖြစ်ခဲ့သည်။ စိန်ဂျွန်း ဘုရားရှိခိုးကျောင်းသည် မယ်တော်သခင်မ ဘုရားကျောင်း တည်ရှိရာသည် ရန်ကုန်မြို့မ၏ ပြင်ပရှိ ‘တပ်ကလေး’ ခေါ် ရပ်ကွက်တွင် တည်ရှိသည်။ တပ်ကလေးသည် မြို့မပြင်ပတွင် ရှိသော်လည်း မြို့မထက် လူဦးရေများပြားပြီး လူမျိုးပေါင်းစုံ နေထိုင်ကြသည်။ ၁၇၈၆-ခုနှစ်တွင် ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနိုသည် ကျောင်းထိုင် ဘုန်းတော်ကြီး ဖြစ်ခဲ့သည်။ ၁၇၈၇-ခုနှစ်တွင် အထက်မြန်မာပြည် မြောင်မြို့နယ်၊ နဘက်ရွာမှ ကုန်သည်ကြီး. ဦးမြတ်ကျော်၏ ကောင်းမှုဖြင့် ကျောင်းဆောင်များကို ဥရောပတိုက် ပုံစံအတိုင်း အုတ်များအသုံးပြုခါ ဘုန်းတော်ကြီး ကာရ်ပါးနီ ဆောက်လုပ်ခဲ့သော ကျောင်းဆောင်များကို ပြုပြင် မွမ်းမံတိုးချဲ့ ဆောက်လုပ်ပေး
ခဲ့သည်။ ထိုပြင် ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနိုသည် ကျောင်းတွင် သင်ကြားပို့ချပေးနေသော ပညာသင်ရိုးညွှန်းကိုလည်း အဆင့်တိုးမြှင့် ဆောင်ရွက်ပေးခဲ့သည်။(၄၀)

စိန်ဂျွန်း အမျိုးသားကျောင်းတွင် သဒ္ဒါကျမ်းစာစီစာကုံး ဒဿနိကဗေဒ၊ ဂဏန်းသင်္ချာ၊ ပထ၀ီ၊ ရေကြောင်းပညာ အတတ်ပညာ အစရှိသော ဘာသာရပ်စုံကို သင်ကြားပေးသည်။ ကျောင်းသည် စည်းကမ်း ကြီးမားသည်။ စန်ဂျယ်ရ်မားနို ကိုယ်တိုင်ပင် ကျောင်းစည်းကမ်း ချိုးဖေါက်သူများအား ပြင်းပြင်းထန်ထန် အပြစ်ဒဏ်ပေးလေ့ရှိသည်။ ကျောင်းသားများမှာ အချိန်မှန်မှန် စာသင်ကြားရသည်။ စာကျက်ရသည်။ ကာယဖွံ့ဖြိုးရေးအတွက် အားကစားနှင့် လက်တွေ့လုပ်ငန်းများကို ပြုလုပ် ဆောင်ရွက်ကြရသည်။ သို့ဖြစ်၍ ကျောင်းသားကလေးများ ပညာရေးဘက်တွင် ထူးချွန်ကြပြီး တာဝန် ၀တ္တရားများကို စည်းကမ်း သေ၀ပ်စွာဖြင့် စောင့်ထိန်းကြသည့် ကျောင်းသားကလေးများ ဖြစ်ကြသည်ဟု ပြင်ပလောကမှ လက်ခံထားကြသည်။ သို့ဖြစ်၍ စည်းကမ်း ထိန်းသိမ်းလိုက်နာမှု မြင့်မားပြီး ပညာရေးဘက်တွင် ထူးချွန် တတ်မြောက်သည့် ကျောင်းသားကလေးများကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ကျောင်းဆင်းများကို လုပ်ငန်းရှင်ကြီးများကို မိမိတို့ လုပ်ငန်းခွင်များ၌ အသုံးချရန် အထူး လိုလား တောင့်တခဲ့ကြသည်။ ၁၇၆၀-ခုနှစ်များမှ စတင် ဖွင့်လှစ်ခဲ့သော ရန်ကုန်ဆိပ်ကမ်းကြီးသို့ ပင်လယ်ကူးသင်္ဘောကြီးများအား ရေကြောင်းပြမူးများ အဖြစ် အမှုထမ်းဆောင်ရွက်ကြသော ရေတပ်မှုးများမှာ ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနို၏ တပည့်သားရင်း ကျောင်းဆင်းများပင် အများစု ဖြစ်ကြသည်။

(၄၀) ‘ It  (the school of Father Sangermano) contained fifty students who were instructed in several  branches of learning and science, so that besides ecclesiastics it has produced skilful engineers, physicians and even pilots. “
Cf.Beginnings of Christian Missionary Education in Burma. “U Kaung. J B R S. 50th Anniversary 1960.pg.129

(ဂ) စိန်ဂျွန်း တွဲဘက် ရဟန်းဖြစ်သင်ကျောင်း St. John’s Minar Seminary.
မြန်မာတိုင်းရင်းသားများ ကက်သလိခ် ရဟန်းဘောင်သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်၍ ပထမဆုံး ဖွင့်လှစ်ခဲ့သော ရဟန်းဖြစ်သင်ကျောင်းမှာ ၁၇၇၁-ခုနှစ်က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာတွင် ဆရာတော်ပယ်ရ်ကိုတို ဖွင့်လှစ်ခဲ့သောကျောင်း ဖြစ်သည်။ ၁၇၈၀-ခုနှစ်တွင် ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနိုသည် အဆိုပါ ရဟန်းဖြစ်သင်ကျောင်းကို စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘက်ရွာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ တဖန် ၁၇၈၆-ခုနှစ်တွင် ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနိုသည် ရန်ကုန်သို့ တာဝန် ရွှေ့ပြောင်း ထမ်းယူသောအခါ အဆိုပါ ရဟန်းဖြစ်သင်ကျောင်းကို မိမိနှင့် တပါတည်း ရန်ကုန်သို့ ပြောင်းရွှေ့ သွားခဲ့ပြန်သည်။ ထိုတတိယအကြိမ်မြောက် ပြောင်းရွှေ့ခဲ့သော ရဟန်းဖြစ်သင်ကျောင်းကို ရန်ကုန် စိန်ဂျွန်းဘတ္တစ္စတား စာသင်ကျောင်းတွင် တွဲဘက်ထား၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ရဟန်းဖြစ်သင်ကျောင်းသို့ တက်ရောက်နေကြသော ကျောင်းသားကလေးများသည် ကျောင်းတော်၏ စာပေ သင်ရိုးညွှန်းကို လိုက်နာသင်ကြားရသည့် အပြင် ဘာသာရေးဆိုင်ရာ ပညာရပ်များ ကျမ်းစာများ ဒဿနိဗေဒ၊ တို့ကိုလည်း သင်ယူကြရသည်။

မြန်မာတိုင်းရင်းသားများ ကက်သလိခ် ရဟန်းဘောင်သို့ တက်လှမ်းခဲ့ကြ

မြန်မာပြည်ရှိ ကက်သလိခ်သာသနာ တိုးတက်ပြန့်ပွားရေးနှင့် သာသနာ အဓွန့်ရှည် တည်တန့်ခိုင်မြဲရေးအတွက် ဒေသခံ   တိုင်းရင်းသားများ သာသနာ့ဘောင်တွင် ရှိနေခြင်းသည် အထူးအရေးကြီးကြောင်း ဘားရ်နားဘိုက် သာသနာပြုတို့ ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ ဤစီမံကိန်း အောင်မြင်မှု အတွက် ဆရာတော်ပယ်ရ်ကိုတက် လက်ထက်မှ စတင် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ဆရာတော် မန်တေဂါးဇားလက်ထက်တွင် မိမိတို့ မျှော်မှန်းထားသော ပန်းတိုင်သို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ ဤ ပန်းတိုင်သို့ မဖြစ်မနေ ဇွဲလုံးလဖြင့် ခရီးနှင်ခဲ့သူမှာ ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနိုဖြစ်သည်။ ၁၇၈၆ ခုနှစ်မှ စတင် ဖွင့်လှစ်ခဲ့သော စိန်ဂျွန်း ရဟန်းဖြစ်သင်ကျောင်းသည် (၇)နှစ်တာ အတွင်း အောက်ဖေါ်ပြပါ မြန်မာ တိုင်းရင်းသားကလေးများကို သာသနာ့ဘောင်သို့ ပို့ဆောင် ပေးနိုင်ခဲ့သည်။

၁။ ဦးပဉ္စင်းကြီး၊ ဂျိုးဇက် မောင်မောင်ကြီး
၂။ ဦးပဉ္စင်းကြီး အန္ဒြူး မောင်ကိုး၊
` ၃။ ဦးပဉ္စင်းကြီး အစ်ဂနေးဆီအုးစ် ဒေဘရစ်တို။
၎။ ဦးပဉ္စင်းကြီး ဒီပေါလို၊
၅။ ဦးပဉ္စင်းလေး (၂)ပါး
` ၆။ သိက္ခာတော်ရ ကိုရင်ကြီး (၂)ပါး။
၇။ သင်္ကန်းရ ကိုရင် ၁၂ ပါးတို့ ဖြစ်ကြသည်။

သက္ကရာဇ် ၁၇၉၃ ခုနှစ် ဇန်န၀ါရီလသည် မြန်မာပြည် ကက်သလိခ်သာသနာတော်အတွက် သမိုင်းစဉ်ဆက် မမေ့အပ်သော မင်္ဂလာနှစ်မြတ်ဖြစ်သည်။ သာသနာဟူသည် ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါး ပြည့်စုံမှသာလျှင် သာသနာတော်၏ အင်္ဂါရပ်များဖြင့် ပြည့်စုံသည် ဟုဆိုရပေမည်။ ဘားရ်နားဘိုက် သာသနာပြုတို့သည် သာသနာတော်ကို တည်ထောင်ရာ၌ ဦးစွာ ပထမ ဘုရားအကြောင်းကို ဟောပြောခဲ့ကြသည်။ တရားတော်ကိုလည်း သွန်သင် နှလုံးသွင်းပေးခဲ့ကြသည်။ ထိုရတနာများ ပြည်စုံပြီး ယခုမှု တတိယ ရတနာများဖြစ်သော သံဃယတော်များကို မွေးထုတ် ပေးခဲ့ကြသော အချိန်သို့ စိုက်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ၁၇၉၃ ခုနှစ် ဇန်န၀ါရီလမှာပင် အထက်မြန်မာပြည် အမရပူရမြို့တော်၌ ဆရာတော် မန်တေဂါးဇားသည် မြန်မာတိုင်းရင်းသား ရင်သွေးကလေးများဖြစ်သော ဦးပဉ္စင်းကြီး ဂျိုးဇက် မောင်မောင်ကြီး၊ ဦးပဉ္စင်းကြီး အန္ဒြူးမောင်ကိုးနှင့် ဦးပဉ္စင်းကြီး အစ်ဂနှေးဆီအူးစ် ဒေဘရစ်တိုတို့အား ရဟန်းဘောင်သို့ တင်မြှောက်ပေးခဲ့သည်။ မြန်မာပြည်ရောက် ဘားရ်နဘိုက် သာသနာပြု အဖွဲ့အားလုံး၏ ၀င့်ကြွားဖွယ်ရာ ဂုဏ်ယူဖွယ်ရာ နေ့မြတ်ဖြစ်သည်။ အလားတူ မြန်မာရင်သွေး ကလေးများကို မွေးထုတ်ပေးခဲ့သည့် မိဘများကိုလည်း အထူးပင် ဂုဏ်ပြုအပ်သော နေ့မြတ်ဖြစ်သည်။

ရဟန်း သိက္ခာတော်ကို မြန်မာ့မြေပေါ်တွင် ပထမဆုံးအကြိမ် ခံယူခဲ့ကြသော ရဟန်း(၃)ပါးတို့ အကြောင်းကို အောက်တွင် အကျဉ်းမျှ ဖေါ်ပြအပ်ပါသည်။

(၁) ဘုန်းတော်ကြီး ဂျိုးဇက် မောင်မောင်ကြီး
ဂျိုးဇက်မောင်မောင်ကြီးသည် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ၊ချမ်းသာရွာတွင် ဖွားမြင်ခဲ့သည်။ ၁၇၇၂ ခုနှစ်တွင် ဆရာတော် မန်တေဂါးဇားသည် ချမ်းသာရွာတွင် စတင် အမှုထမ်းရွက်ခဲ့ပြီး၊ ကလေးများ ပညာသင်ကြားရေး အတွက် စာသင်ကျောင်း ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းတွင် ဂျိုးဇက် မောင်မောင်ကြီးသည် ပညာသင်ရင်း ကြီးပြင်းလာခြင်း ဖြစ်သည် ။ ရဟန်းတပါး ဖြစ်လိုသဖြင့် မုံလှရွာတွင် ဖွင့်လှစ်ထားသော ရဟန်းဖြစ်ကျောင်းသို့၎င်း၊ ထိုနောက် နဘက်ရွာသို့ ပြောင်းရွှေ့သွားသော ရဟန်းဖြစ်သင်ကျောင်းနှင့် ရန်ကုန်သို့ နောက်ဆုံးအကြိမ် ရောက်ရှိသွားပြီး၊ ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနို လက်အောက်မှာပင် ပညာရပ်များကို ဆက်လက် ဆည်းပူးပြီး ဆုံးခဲ့ခြင်း ဖြစ်သည်။ ၁၇၉၃ ခုနှစ်တွင် ချမ်းသာရွာသည် မြန်မာ တိုင်းရင်းသားထဲမှ ပထမဆုံး ရဟန်းတော်ကို မွေးထုတ်ပေးခဲ့သည့်နည်းတူ၊ နှစ်ပေါင်း (၁၆၀)ကျော် ရောက်ချိန်၊ သက္ကရာဇ် ၁၉၅၄ ခုနှစ်တွင်၊ မြန်မာတိုင်းရင်းသားထဲမှ ပထမဆုံးသော ဆရာတော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြန်သည်။ ဤ ပုဂိုလ် (၂)ပါးစလုံးသည် ဂျိုးဇက်ဘွဲ့ အမည်ကို ခံယူထားကြသည်။ ဂျိုးဇက် မောင်မောင်ကြီးသည် ရဟန်းဝါတော် (၁၇)နှစ်၊ သက္ကရာဇ် ၁၈၁၀ ခုနှစ် မုံလှရွာံတွင် သာသနာဝန်ကို ထမ်းဆောင်နေခိုက် ပျံလွန်တော်မူခဲ့သည်။ ရဟန်းတို့၏ ဂုဏ်သိက္ခာတော်နှင့် ပြည့်စုံပြီး ဘာသာတူများ၏ ကြည်ညို လေးစားမှုကို ခံစားရရှိသည်။ ၁၈၄၂ ခုနှစ် ပိုင်းများတွင် ရောက်ရှိလာကြသော အိုဘလိတ် (Oblates) သာသနာပြုများအား ရှေးမီ ကက်သလိခ် ဘာသာတူများမှ ဘုန်းတော်ကြီး ဂျိုးဇက် မောင်မောင်ကြီးအကြောင်းကို ချီးမွမ်း မဆုံး ဖြစ်နေကြသေးသည်။

(၂) ဘုန်းတော်ကြီး အန္ဒြူး မောင်ကိုး
ဘုန်းတော်ကြီး အန္ဒြူး မောင်ကိုးသည် စစ်ကိုင်းတိုင်း တန်ဆည်မြို့နယ်၊ ချောင်းရိုးရွာတွင် ဖွားမြင်ခဲ့သည်။ နဘက်ရွာ ရဟန်းဖြစ်သင်ကျောင်းမှ တဆင့် ရန်ကုန်ကျောင်းသို့ တက်ရောက်ခဲ့သည်။ ၁၇၉၃ ခုနှစ် ဇန်န၀ါရီလတွင် ဆရာတော်မန်တေဂါးဇားလက်မှ အမရပူရမြို့တော်တွင် ရဟန်းသိက္ခာ ခံယူခဲ့သည် ဘုန်းတော်ကြီး အန္ဒြူးမောင်ကိုး၏ ထူးခြားချက်မှာ ဘုန်းတော်ကြီးသည် မြန်မာတိုင်းရင်းသားထဲမှ ပထမဆုံး သူတော်စင်ဂိုဏ်းဝင် (Religious) ဖြစ်ခဲ့သည်။ ဘုန်းတော်ကြီး အစ်ဂနေစီဦးစ်နှင့် အတူ ၁၈၀၆ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ဘားရ်နားဘိုက် အသင်းသားတို့၏ ကတိသစ္စာများကို ပြုကြလျက် အသင်းဂိုဏ်းကို ၀င်ရောက်ခဲ့သည်။ သက္ကရာဇ်  ၁၈၀၆ ခုနှစ် ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနို အီတလီပြည်သို့ ပြန်လည် ကြွမြန်းသွားသောအခါ ဘုန်းတော်ကြီး မောင်ကိုးသည် ရန်ကုန်သာသနာရှိ စိန်ဂျွန်းကျောင်းကို တာဝန်ယူခဲ့ရသည်။ ပညာရေးဘက်တွင် နှစ်ပေါင်းမြောက်များစွာ သယ်ပိုးထမ်းရွက်ပြီး အင်းဝသို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော် ၇န်ကုန်တွင် ဘုန်းတော်ကြီး ဒီဘရစ်တို တပါးတည်း ကျန်ရှိသဖြင့် အင်းဝမှ ပြန်လည်ထွက်ခွါ၍ ရန်ကုန် စိန်ဂျွန်းကျောင်းတွင် ပြန်လည် တာဝန်ယူ ထမ်းရွက်ခဲ့ရသည်။ ၁၈၂၄ ခုနှစ်တွင် စတင်ခဲ့သော ပထမ-အင်္ဂလိပ် မြန်မာ စစ်တွင်းကာလတွင် ဒုက္ခများနှင့် ရင်ဆိုင်ခဲ့ရသည်။ မိမိကျောင်းတော်ကြီးအား ဗြတိသျှတို့ လက်ချက်ဖြင့် မီးလောင်ကျွမ်းသည်ကို မျက်မြင်ကိုယ်တွေ့ ခံစား လိုက်ရသည်။ စစ်အတွင်းအချိန်က ခံစားရရှိခဲ့သော ဒဏ်များဖြင့်ပင် ၁၈၂၄ ခုနှစ်၌ ရန်ကုန်တွင် ပျံလွန်တော်မူခဲ့သည်။

(၃) ဘုန်းတော်ကြီး အစ်ဂနေးစီးဦးစ် ဒေဘရစ်တို
ဘုန်းတော်ကြီး အစ်ဂနေးစီးဦးစ် ဒေဘရစ်တိုသည် ပေါ်တူကီအမျိုးသား ဖခင်ဖြစ်သူနှင့်၊ အိန္ဒိယ အမျိုးသမီး မိခင်ဖြစ်သူ ၊မိဘနှစ်ပါးမှ ရန်ကုန်တွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါး ကက်သလိခ်ဘာသာဝင် မဟုတ်သော်လည်း ဒီဘရစ်တိုသည် ငယ်စဉ်အချိန်ကပင် ကက်သလိခ်ဘာသာထဲသို့ ၀င်ရောက်လာခဲ့သည်။ ဘာသာထဲသို့ ၀င်ရောက်လာသော အစ်ဂနေးဆီးအူးစ် ဒေဘရစ်တိုသည် ဘားရ်နားဘိုက် ဘုန်းတော်ကြီးများ၏ စိတ်တိုင်းကျ သူငယ်တစ်ယောက်ဖြစ်ခဲ့သည်။ ဒေဘရစ်တိုသည် အလွန် ထူးခြားသူဖြစ်သည့် အပြင် နာခံမှု ကြီးမားသူ၊ မိမိကိုယ်ကို မိမိယုံကြည် စိတ်ချသူတစ်ဦး ဖြစ်ခဲ့သည်။ နဘက်ရှိ ရဟန်းဖြစ်သင်ကျောင်းသို့ ဦးစွာ ပထမ တက်ရောက်ခဲ့သည်။ ထိုနောက် ဘုန်းတော်ကြီး စန်ဂျယ်မားနိုနှင့် အတူ ရန်ကုန် စိန်ဂျွန်းကျောင်းသို့ ပညာများကို ဆက်လက် သင်ကြားခဲ့သည်။ အီတလီမှ ရောက်ရှိလာသော သာသနာပြုများနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ဘို့ အီတလီဘာသာစကား၊ စာများကို သင်ကြားခဲ့ရာ ဘုန်းတော်ကြီးများ၊ အထူး ချီးမွမ်းခံရလောက်အောင် အီတလီဘာသာစကားကို တတ်မြောက်သူ ဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်၊ ပေါ်တူဂီ၊ စပိန်၊ ဟင်ဒူစတန်နီ၊ ပါဠိ၊ အစရှိသော ဘာသာစာပေများကိုလည်း တတ်ကျွမ်းသူဖြစ်သည်။ စာမျက်နှာ ၅၀၀ ပါရှိသော အီတလီ-မြန်မာသဒ္ဒါကျမ်းကိုလည်း ရေးသားပြုစု ခဲ့သည်။ အလားတူ အီတလီ-မြန်မာ-ပါဠိ (၃) ဘာသာတွဲ အဘိဓာန်ကျမ်းကိုလည်း ပြုစုခဲ့သည်။

အစ်ဂနေးဆီအူးစ် ဒေဘရစ်တိုသည် စာပေအပြင်၊ ဆေးဘက်ဆိုင်ရာ ပညာရပ်၌ ကျွမ်းကျင်သူ ဖြစ်သည်။ အီတလီ-မြန်မာ လက်တင် (၃) ဘာသာဖြင့် ဆေးကျမ်းများကိုလည်း ရေးသားပြုစုခဲ့သည်။ မြန်မာတိုင်းရင်းဆေးများကို လက်တင်ဘာသာ အခေါ်အဝေါ်များနှင့် တွဲပေးသည်။ တနည်းဆိုသော် အရှေ့တိုင်း ဆေးပညာနှင့် အနောက်တိုင်း ဆေးပညာရပ်များကို ဆုံဆည်း ဖလှယ်ပေးခြင်းဖြစ်သည်။

အနုပညာပိုင်းတွင်လည်း တေးဂီတ အနုပညာသည်တစ်ဦး ဖြစ်သည့် အလျောက် အထူးသဖြင့် ဓမ္မတေးများကို စပ်ဆို ရေးသားခဲ့သည်။ မော်လမြိုင်မြို့ရှိ ကက်သလိခ်အသင်းတော်အတွက် ပေါ်တူဂီ ဘာသာစကားဖြင့် ခရစ္စမတ်ဓမ္မတေးများကို စပ်ဆို ရေးသားပေးခဲ့သည်။ ပါစကားအချိန်၌ ဆိုအပ်သော ဓမ္မတေးများကိုလည်း လက်တင်ဘာသာဖြင့် ရေးသား စပ်ဆိုခဲ့သည်။

ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၂၄)

Read More...

Sunday, June 7, 2015

အင်းဝရောက်ခြေရာများ - အပိုင်း (၂၂)


မန်တေဂါးဇား ရေးသားပြုစုခဲ့သော မြန်မာသမိုင်းစာအုပ်သည် အရေးအသား ပြေပြစ်သည်။ အီတလီ အမျိုးသားတစ်ဦး ဖြစ်သော်လည်း ပြင်သစ်စာပေမှာ အထူး ပြောင်မြောက်လှပေသည်။ မြန်မာပြည် အကြောင်းကို အခြားသော အနောက်တိုင်းသားတို့ကလည်း ရေးသား ပြုစုခဲ့ကြသည်။ သို့သော် ဘားရ်နားဘိုက် သာသနာပြုပုဂ္ဂိုလ်များ မြန်မာပြည် မြေပေါ်သို့ အခြေချပြီး နောက်ပိုင်းတွင် ဖြစ်ပေါ်လာခဲ့သော သမိုင်းစာအုပ်များမှာ ထူးခြားချက်များ ရှိသည်မှာ အမှန်ပင် ဖြစ်လေသည်။ ယင်းပုဂ္ဂိုလ်များသည် သာသနာလုပ်ငန်းများကို ထမ်းဆောင်ကြရင်း မြန်မာအမျိုးသား လောကထဲသို့ ခြေစုန်ပစ်၍ ၀င်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍လည်း ၄င်းတို့မှ တင်ပြသော သမိုင်းများတွင် မြန်မာတို့၏ ကိုးကွယ် ယုံကြည်ကြသည့် ဘာသာအယူဝါဒ အကြောင်း မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုများအကြောင်း၊ မြန်မာလူမျိုးတို့၏ စာပေအကြောင်း သမိုင်းဖြစ်ရပ်များအကြောင်းနှင့် ပထ၀ီအကြောင်းများကိုပါ ပြည့်စုံစွာ ရေးသား တင်ပြထားသည်ကို တွေ့ရှိရပေသည်။ ၄င်းတို့ တင်ပြသည့် သမိုင်း ရှုဒေါင့်များအနက် ထူးခြားသည့်အကြောင်း တစ်ရပ်မှာ မြန်မာ့သမိုင်း ဖြစ်ရပ်များကို အချိန် အတိအကျနှင့် အနီးစပ်ဆုံး တင်ပြနိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။ မန်တေဂါးဇား၏ သမိုင်းစာအုပ်ကို ဗီဗီးယမ်းဘ (Vivan Ba) (၃၂) က အောက်ပါအတိုင်း ဝေဖန် သုံးသပ်ချက်များကို ပြုလုပ် ဖေါ်ပြခဲ့သည်။

(၃၂) The Author of ‘The Early Catholic Missionaries in Burma ‘ See his articles in THE GUARDIAN’ 

အရေးအသားမှာ  ခိုင်လုံမှုနှင့် မျှတမှု သဘောတရားများကို တွေ့ရှိရပေသည်။ ကမ္ဘာ လှည့်ခရီးသည် စာရေးသူတစ်ဦးကဲ့သို့၎င်း ဖြတ်သန်းသွားလာသော သူတယောက်ကဲ့သို့၎င်း၊ ဆန်းပြားစွာ ရေးသားထားမှုလည်း မရှိ၊ လွန်ကဲ၍ ရေးသားထားမှုလည်း မရှိချေ။ နိုင်ငံခြား သံတမန်တစ်ဦး၏ မလိုတမာ စိတ်မျိုးလည်း လုံးဝ မတွေ့ရှိရချေ။’’ (၃၃) မှန်သည်။ ဆရာတော်လောင်း မန်တေဂါးဇားသည် မည်သည့် နိုင်ငံရေးအစိုးရအတွက်မျှ ရည်မှန်း၍ ယင်းသမိုင်းစာအုပ်ကို ရေးသားခဲ့ခြင်း မဟုတ်၊ အနောက်တိုင်းရင်းသားတို့အား အပို အလိုမရှိ အဖြစ်မှန်ကို တင်ပြရန်သာ လိုရင်းအချက် ဖြစ်လေသည်။ ဥပမာ အခန်း (၆)တွင် အစဉ် ပျော်ရွှင်ငြိမ်းချမ်းစွာ နေထိုင်လိုကြသော မြန်မာတို့၏ မြင့်မြတ်သော စိတ်ထားကို ချီးမြှောက်ထားပြီး အနောက်တိုင်း၌ ဖြစ်ပေါ်နေသော ယုတ်ညံ့သည့် စိတ်ထားများကို ရူတ်ချထားလေသည်။ အလားတူစွာ အခန်း(၇)တွင် မြန်မာပြည်သည် တနေ့အဟုတ် တနေ့ အင်္ဂလန်၊ ပြင်သစ်၊ ဟော်လန်အစရှိသော အနောက်ရေတပ် အင်အား အုပ်စုတို့၏ လက်အောက်သို့ ကျရောက်နိုင်မည့်အကြောင်းကို ကြိုတင် ဝေဖန် သုံးသပ်ထား၍ သတိပေးထားသည်ကို ဖတ်ရှုရသည်။ ဤသို့ ငြိမ်းချမ်းစွာနေထိုင်လိုကြသော လူမျိုးတို့၏ တိုင်းပြည်ကို နိုင်ထက်စီးနင်း သိမ်းယူခြင်းကို ရူတ်ချခဲ့ပြီး မိမိတို့ လက်နက်အင်အား တောင့်တင်းမှုကို အနိုင်ယူ၍ သွေးချောင်းစီးစေသော သိမ်းယူမှုကို မပြုလုပ်ပဲ အေးချမ်းစွာ သိမ်းယူ သင့်ကြောင်းကို တင်ပြထားလေသည်။ စာရေးသူ၏ စေတနာ မေတ္တာတရားများနှင့် ပညာပေးလိုသည့် သဘောတရားများကို ထင်ရှားစွာ ဖေါ်ပြ ဆွေးနွေးထားသည့် စာတမ်းတစ်ခုဖြစ်လေသည်။ မြန်မာတို့၏ အားနည်းချက်များ ချို့ယွင်းချက်များကိုလည်း အခါအားလျော်စွာ ဖေါ်ပြထားသဖြင့် တဖက်စွန်းကျ ရေးသားထားသော စာတမ်းတစ်ခု၏ အရိပ်အမြွက်ကို လုံးဝ မတွေ့ရှိရပေ။

(၃၃) The GUARDIAN .Vivian Ba January 1963.Cf pg21 Col 3

ဆရာတော်လောင်း မန်တေဂါးဇားရေးသည့် မြန်မာသမိုင်း စာအုပ်သည်။ (၃၄) နှစ်ပေါင်းများစွာ ဘားရ်နားဘိုက် အသင်းဂိုဏ်း၏ မှတ်တမ်း ရုံးခန်းထဲတွင် ခိုအောင်းခဲ့လေသည်။ သက္ကရာဇ် ၁၉၃၃ ခုနှစ်တွင် ဘားရ်နားဘိုက်အသင်းသည် နှစ်(၄၀၀)ပြည့်ကို အထိမ်းအမှတ် ပြုလုပ်သောအခါ မန်တေဂါးဇား၏ အဆိုပါ မြန်မာသမိုင်းအကြောင်းကို ယင်းပြပွဲ၌ ထုတ်ဖေါ်ပြခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည် ရေးရာများကို လေ့လာလိုက်စားခဲ့သော ဘားရ်နားဘိုက်အသင်းဂိုဏ်းသား ဘုန်းတော်ကြီး မိုင်ကယ် ခရစ္စတားလို (Rev.Fr.Michele Cristallo)သည် အဆိုပါ ခိုအောင်းနေခဲ့သော  မန်တေဂါးဇား၏ စာရွက်စာတမ်းများကို ပြန်လည် ပုံနှိပ်ထုတ်ဝေဘို့ရန် ကြိုးပမ်းခဲ့လေသည်။ သို့သော် ဘုန်းတော်ကြီး မိုင်ကယ်သည် ထိုလုပ်ငန်းကို အဆုံးတိုင်အောင် အကောင်အထည် ဖေါ်ဆောင် မသွားနိုင်ခဲ့ပေ။ ယင်းလုပ်ငန်းကို စီစဉ် ပြုလုပ်နေစဉ်မှာပင် ဘုန်းတော်ကြီးသည် ပျံလွန်တော်မူခဲ့ရှာသည်။ သို့ဖြစ်၍ ယင်းလုပ်ငန်းကို ဘုန်းတော်ကြီး ရင်းဇိုကာမီညားနီ (Rev.Fr. Remzo Carmignani) ဆိုသူက ဆက်လက် ရေးသားပြုစုခဲ့သည်ဖြစ်ရာ ၁၉၅၀ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ပုံနှိပ် ထုတ်ဝေနိုင်ခဲ့ပေသည်။ ပုံနှိပ်ခဲ့သော်လည်း အများပြည်သူတို့က လိုက်စားမူ မရှိခဲ့ပြန်ချေ။ (၃၅)

(၃၄) A note on Monsgr.Gaetano M. Mantegazza(1745-1794)Appendix IV pg. 219.By Helen G. Trager in her “Burma Through The Alien Eyes” Asia Publishing House. India. 1966.
(၃၅) LA BURMANIA. By Renzo Carmignani “Relazione ineditadel 1784 del Missionario Barnabita GM. Mantegazza”Roma. ED A S Via Romagna 14 Edited By Renzo Carmignani Rome A.S 1950 pp.208

ဆရာတော်မန်တေဂါးဇား မြန်မာပြည်သို့ ပြန်လည် ရောက်ရှိခြင်း။
သက္ကရာဇ် ၁၇၈၆ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့တွင် အီတလီပြည်မှ ကာဒီနယ် ဂျိုဇက်ပေ ဖီလိပို (Cardinal Giuseppe Filippo) သည် မန်တေဂါးဇားကို သာသနာတော်၏ သိုးထိန်း အရိုက်အရာဖြစ်သော ဆရာတော်၏ ဘိသိတ်မင်္ဂလာကို တင်မြောက်ပေးခဲ့လေသည်။ (၃၆) ထာဝရဘုရားသခင်သည် မြန်မာပြည် သာသနာအတွက် ဆရာတော်တပါးကို ထပ်မံ မွေးထုတ်ပေးလိုက်ခြင်း ဖြစ်သည်။ ၁၇၈၂-ခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသော ဘားရ်နားဘိုက်အသင်း၏ ကြေငြာချက်ကိုလည်း မြန်မာပြည်အတွက် အထူး စဉ်းစားလျက် ပြန်လည် ရုတ်သိမ်းပေးလိုက်ပြီး။ မြန်မာပြည်သာသနာအတွက် သာသနာပြု(၂) ပါးကိုလည်း ဆရာတော်သစ် မန်တေဂါးဇားနှင့် အတူ ထပ်မံစေ လွတ်ပေးခဲ့လေသည်။ ၄င်းတို့မှာ ဘုန်းတော်ကြီး အန်းဇီယိုမွန်တီ Rev.Fr.Anzio Monti of Vercelli နှင့် ဘုန်းတော်ကြီး ကလောဒီယိုဘူတီရိုးနီ Rev.Fr.Claudio Buttironi of Milan တို့ ဖြစ်ကြသည်။

သက္ကရာဇ် ၁၇၈၇ ခုနှစ် ဇန်န၀ါရိလတွင် ဆရာတော်မန်တေဂါးဇား ဦးဆောင်သော သာသနာပြုအဖွဲ့သည်
ဂျေနီဗာမြို့သို့ ခရီး စတင်ထွက်ခွါခဲ့သည်။ အရှေ့ဖျားသို့ ထွက်ခွာမည့် သင်္ဘောမရရှိနိုင်သေးသဖြင့် ပြင်သစ်ပြည်တွင် ၄ လ ကြာမျှ စောင့်ဆိုင်းခဲ့ကြရသည်။ ၁၇၈၇ ခုနှစ် မေလ (၃၀)ရက်နေ့တွင် ပြင်သစ်ပြည်မှ အိန္ဒိယပြည်သို့ စစ်သား ၂၀၀ ကျော် ဖြင့် ထွက်ခွာမည့် ’’ဒုဒေပွန်တီဗီရဲ “ Duc de pontievre” ခေါ် ပင်လယ်ကူးသင်္ဘောကြီးကို စီးနင်း လိုက်ပါခဲ့ကြသည်။

(၃၆) “Mantegazza was consecrated Bishop By Cardinal Giuseppe Filippo di Martiniana ,Archbishop of Vercelli assisted by Mons. Pochettina Bishop of Ivrea and Mons. Bertoni,Bishop of Novara “THE GUARDIAN Dec.1962 pg.20

လိုက်ပါလာသော စစ်သားများ ဖျားနာသဖြင့် စစ်သားများ ကျန်းမာရေး ကောင်းမွန်သည့်တိုင် ”အေးလ် ဒေဖရန့်”  de France တွင် (၂) လ ကြာမျှ ထပ်လောင်း ခရီးကြန့်ကြာ နေခဲ့ကြရပြန်သည်။ အိန္ဒိယပြည် ပွန်ဒါချယ်ရီမြို့သို့ ၁၇၈၈ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် ဆိုက်ရောက်ကြသည်။ ဘုန်းတော်ကြီး ဘူတီရိုးနီ နှင့် ကိုရင်ကြီး ဘယ်ရ်ဂွန်းဇီတို့ ပျံလွန်တော်မူသော ၀မ်းနည်းဖွယ်ရာ သတင်းက အိန္ဒိယပြည်မှ စောင့်ကြိုလျက်နေခဲ့သည်။ ဆရာတော် မန်တေဂါးဇား ကိုယ်တိုင် နေထိုင် မကောင်းပြန်သဖြင့် အိန္ဒိယပြည်တွင် ခေတ္တ အနားယူခဲ့ရသည်။ မိမိနှင့် လိုက်ပါလာသည့် ဘုန်းတော်ကြီး (၂)ပါး ကိုမူ မြန်မာပြည်သို့ ဆက်လက် သွားစေခဲ့သည်။ ဘုန်းတော်ကြီး အန်းဇီယိုမွန်တီ Rev.Fr. Anzio Monti of Vercelli သည် ထားဝယ်မြို့သို့ ခရီးဆက်ခဲ့ပြီး ထားဝယ်မြို့တွင် သာသနာပြု စခမ်းသစ်ကို ဖွင့်လှစ်လိုက်ခဲ့သည်။ ကျန်ရှိသော ဘုန်းတော်ကြီး ကလောဒီယို ဘူတီရိုးနီ Rev. Fr. Claudio Buttironni သည် ရန်ကုန်မြို့မှ အထက်မြန်မာပြည် ချမ်းသာရွာသို့ ဆက်လက်သွား၍ ၄င်းရွာမှာပင် သီတင်းသုံး နေထိုင်ခဲ့သည်။

အီတလီပြည် ခရီးစဉ်တွင် ဆရာတော် မန်တေဂါးဇားနှင့် လိုက်ပါခဲ့သော မြန်မာအမျိုးသားကြီး ဦးဆောင်းသည် မိမိ ဥရောပခရီးစဉ်တွင် တွေ့ကြုံရသမျှသော အကြောင်းအရာအားလုံးကို ခရီးသွား မှတ်တမ်းများ ပြုလုပ်ပြီး ခရီးသွားမှတ်တမ်း စာအုပ်တအုပ်ကို ရေးသားပြုစုခဲ့လေသည်။ု သက္ကရာဇ် ၁၈၅၀ ခုနှစ်တွင် မြန်မာပြည်ရောက် ကက်သလိခ်သမိုင်းတွင် သြဇာ တိက္ကမ ကြီးမားလှသော ပုဂ္ဂိုလ်ကြီး ဆရာတော် အမ်ဘရိုစ့် ဘီဂန်းဒက် Bishop Ambrose Bigandet P.I.M.E. သည် အဆိုပါ ပုဂ္ဂိုလ်ကြီး ဦးဆောင်း၏ ခရီးသွားမှတ်တမ်းများကို တွေ့မြင် ဖတ်ရူလိုက်ရသည့် အကြောင်းအရာများကို မှတ်တမ်း ပြုထားသည်။ (၃၇)

(၃၇)An outline  of History  of the Catholic Mission from the year 1720  to 1887 (Rangoon .Hanthawaddy,1887) Bigandet

`ဆရာတော်မန်တေဂါးဇား မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသောအခါ မြန်မာပြည်သာသနာရေး အခြေအနေများမှာ အထူးပင် ၀မ်နည်းကြေကွဲဖွယ်ရာများနှင့် တွေ့ကြုံ ရင်ဆိုင်နေရသည်ကို တွေ့ရှိရလေသည်။ ရန်ကုန်မြို့ အပြစ်မဲ့  သန္ဂေ္ဓယူတော်မူသော သခင်မ ကျောင်းထိုင် ဘုန်းတော်ကြီး ဖိလိဘယ်ရတိုရေသည် ၁၇၈၆ ခုနှစ် ဇွန်လ (၈) ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ အလားတူ အထက်မြန်မာပြည် ဘုန်းတော်ကြီး ရိုဗယ်ရိဇီယို နှင့် ကိုရင်ကြီး ဘယ်ရ်ဂွန်းဇီတို့သည်လည်း အင်းဝမြို့တော်၌ ပျံလွန်တော်မူခဲ့ကြသည်။ သို့ဖြစ်၍ မြန်မာပြည်၌ အနှုတ်လက္ခဏာများက ပိုလို့သာ များပြားနေခဲ့သည်။ မိမိနှင့်အတူ လိုက်ပါခဲ့ကြသော ဘုန်းတော်ကြီး (၂) ပါးတို့သည်လည်း မြန်မာပြည်၌ ကြာရှည် သီတင်းသုံး နေထိုင်မသွားခဲ့ရပေ။

အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း ဘုန်းတော်ကြီး အန်းဇီယိုမွန်တီ Rev.Fr. Anzio Monti သည် အာမေးနီးယား လူမျိုးတစ်ဦး၏ အကူအညီဖြင့် ထားဝယ်မြို့တွင် သာသနာသစ်ကို ထူထောင်ခဲ့သည်။ ဘုန်းတော်ကြီး ရေးသား ပေးပို့ခဲ့သည့် ၁၇၈၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့စွဲဖြင့် ရေးသားသော စာတွင် အောက်ပါအတိုင်း ဖတ်ရူရသည်။ 

“ကျွန်ုပ်၏ ဘာသာဝင် ခရစ်ယာန်အားလုံးသည် ပေါ်တူဂီစကားကို ပြောကြသည်။ ကျွန်ုပ်လည်း ပေါ်တူဂီစကားကို နားလည်ပြီး အထိုက်အလျောက် ပြောနိုင်ပါသည်။ ဘုရားစကား သင်ကြားတဲ့နေရာမှာ အပတ်ဖြေ နားထောင်တဲ့ အချိန်များမှာ ပေါ်တူဂီစကားကို အသုံးပြုပါသည်။ ဘာသာတူများသည် ကျွန်ုပ်ကို ကောင်းစွာ ပြုစု စောင့်ရှောက်ထားကြပါသည်။ ကျွန်ုပ်၌ အားလုံး ပြည့်စုံပါသည်။ ဤ အရပ်ဒေသမှာ အလွန်သပ္ပာယ်လှတဲ့ ဘုရားရှိခိုးကျောင်းဆောင် တစ်ဆောင်နှင့် ပြည့်ပြည့်စုံစုံရှိတဲ့ ဘုန်းကြီးကျောင်းဆောင် တစ်ဆောင်ကို တွေ့ရှိရပါသည်။”

“ မြန်မာ အာဏာပိုင်အဖွဲ့အစည်းမှ မြို့နယ် အုပ်ချုပ်ရေးမှုးနှင့် အာမေးနီးယား အမျိုးသားသည် ကျွန်ုပ်ကို မိတ်ဆက်ပေးထားပါသည်။ သူလည်း ကျွန်ုပ်ဆီကို မကြာခဏ လာရောက် တွေ့ဆုံပါသည်။ ကျွန်ုပ်လည်း ဥရောပတိုက်မှ သယ်ဆောင်လာတဲ့ ပစ္စည်းအချို့ကို လက်ဆောင်ကလေးတွေအဖြစ် ပေးတဲ့အတွက် သူဟာ အလွန် အားရ ကြေနပ်နေပါသည်။” 

ထိုနောက် ဘုန်းတော်ကြီး၏ စာတွင် ဆက်လက် ဖတ်ရူရသည်မှာ ဘာသာပများ၏ ဘာသာရေးတွင်စိတ် ပါဝင်စားမှုများရှိကြောင်း။ မိမိအနေဖြင့် ဆရာတော် မန်တေဂါးဇား ရိုက်နှိပ်ထားသော ဘုရားစကား စာအုပ်ကို မှာယူထားကြောင်း ဒေသခံ ဘာသာစကားကို လေ့လာ သင်ယူနေကြောင်းများပါရှိသည်။ ၁၇၈၈-ခုနှစ် ကုန်ဆုံးပိုင်းတွင် ဘုန်းတော်ကြီး အန်းဇီယို မွန်တီ Rev.Fr. Anzio Monti သည် အသည်းအသန် ဖျားနာသဖြင့် ပွန်ဒါချယ်ရီသို့ အနားယူရန် အသွားတွင် ပင်လယ်ပြင် ခရီးစဉ်၌ သင်္ဘောပေါ်မှာပင် ပျံလွန်တော်မူခဲ့သည်။ အလားတူ မိမိနှင့်အတူ မြန်မာပြည်သို့ အတူရောက်ရှိလာခဲ့သော ဘုန်းတော်ကြီး ကလောဒီယို ဘူတီရိုးနီ Rev.Fr. Claudio Buttironi သည်လည်း အထက်မြန်မာပြည် ချမ်းသာရွာတွင် ပျံလွန်တော်မူခဲ့သည်။

မြန်မာပြည်အတွင်း နိုင်ငံရေး အခြေအနေများ (၃၈)

(၃၈) ‘A Description of the Burmese Empire” Conpiled chiefly from Burmese documents by Fr.Sangermano Cf Ch IX Of  the present Royal Family and the Principlal Events that Have Taken Place Under the Reigning Dynasty. Pg.68

ဆင်ဖြူရှင်မင်း လက်ထက် (၁၇၇၃-၇၆)တွင် မြန်မာတို့ တန်ခိုးကြီးမားလာခဲ့သော်လည်း၊ ဆင်ဖြူရှင်မင်းဆက်များသည် မြန်မာတို့အား စည်းလုံးညီညွှတ်ရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်စွမ်း မရှိခဲ့တော့ချေ။ နန်းတွင်း အရေးတော်ပုံများ၊ ပုန်ကန်ထကြွမှုများ၊ အစရှိသော အရေးအခင်းများ မကြာခဏ ပေါ်ပေါက်ခဲ့ရသည်။ ၁၇၈၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀)ရက် နေ့တွင်၊ ဘိုးတော်ဘုရားခေါ် ပဒုံမင်းသားကြီး နန်းတက်ခဲ့သည်။ ဘိုးတော်ဘုရား နန်းတက်ချိန်မှ စ၍ နန်းတွင်း၌ ဖြစ်ပေါ်နေသော အရေးအခင်းများ ပုန်ကန် ထကြွမှုများမှာ ပိုမို များပြားလာခဲ့ခြင်းဖြစ်သည်။ ၄င်းအရေးတော်ပုံများမှာ အင်းဝနေပြည်တော်ကို သွေးချောင်းစီးသည့် အခြေအနေများထိ ဖြစ်ပွားစေခဲ့သည်။ ဘိုးတော်ဘုရား ကိုယ်တော်တိုင် အဆိုပါ အရေးခင်းများကို အပြီး သုတ်သင် ရှင်းလင်းပေးခဲ့ရသည်။

ထိုရှေးဟောင်းဖြစ်ရပ်များကို သမိုင်းမှ လုံးဝ ပပျောက်စေလိုသဖြင့် ဘိုးတော်ဘုရားသည် အင်းဝနေပြည်တော်မှ ထွက်ခွာသွားရန် ဆန္ဒများ ဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်၍ မြို့တော်သစ်ကို တည်ဆောက်ရန် မြေနေရာသစ်ကို ရှာဖွေခဲ့လေသည်။ ဒုဌ၀တီမြစ်၏ တဖက်ကမ်းခြေနေရာများကို မြို့တော် မြေနေရာသစ်အဖြစ် ရွှေးချယ်သတ်မှတ်ခဲ့သည်။ စတုရန်း တမိုင်ပတ်လည်ရှိ မြေနေရာကို မြို့ရိုး ဆောက်လုပ်ရန် တူးဖော်စေခဲ့သည်။ အတွင်းမှတဖန် မြို့ရိုးငယ်တစ်ခုကို ထပ်မံ ဆောက်လုပ်စေခဲ့သည်။ စတုရန်း၏ အလယ်ဗဟို အချက်အခြာကျသော နေရာတွင် ဘုရင်းမင်းမြတ် စံမြန်းရာ နန်းတော်ဆောင်များကို ဆောက်လုပ်စေခဲ့သည်။ ၄င်းကို အုပ်ခုံမြင့်ပေါ်တွင် ကျွန်းသစ်များဖြင့် ဆောက်လုပ်ခဲ့သည်။ မြို့ရိုးကြီး မြောက်ဖက်တွင် မြစ်ရှိသည်။ တောင်ဖက်တွင် အင်းကြီးတစ်ခုကို တူးဖေါ်စေခဲ့သည်။

သက္ကရာဇ် ၁၇၈၃ ခုနှစ်၊ မေလ(၁၀)ရက်နေ့တွင် မြို့တော်သစ်ကို ဘိုးတော်ဘုရား ကိုယ်တိုင် အခမ်းအနားဖြင့် နန်းတက် မင်္ဂလာကို ခံယူခဲ့လေသည်။ ရွှေးချယ်ထားသော မြို့တော်သစ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနေရပ် ဒေသတစ်ခုဟု အသိအမှတ်ပြုရန် အလို့ငှါ ‘အမရပူရမြို့’ ဟု အမည်တွင် စေခဲ့လေသည်။ မြန်မာမင်းအမှုထမ်းများကို မြို့တော်သစ် အတွင်း၌ နေရာအိုးအိမ်များ ချမှတ်ပေးခဲ့လေသည်။ ယိုးဒယား သုံ့ပန်းများ၏ အမျိုးစုနွယ်များ တရုတ် အမျိုးစုနွယ်များကို မြို့တော်သစ် အပြင် တနေရာတွင် အတူတကွ နေရာ ချမှတ်ပေးခဲ့သည် အင်းဝမြို့ရှိ ခရစ်ယာန်ဘာသာဝင် စစ်မှုထမ်းများကိုလည်း အမရပူရမြို့တော်သို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်း စေခဲ့လေသည်။ မြို့တော်သစ်တွင် လူဦးရေ (၂၀၀၀၀၀)နှစ်သိန်း ခန့်မျှရှိသည်။ ဤသို့အားဖြင့် အင်းဝမြို့သည်လည်း အဖြေးဖြေး မှေးမှိန်လာခဲ့တော့သည်။

Read More...

Thursday, May 28, 2015

အင်းဝရောက်ခြေရာများ - အပိုင်း (၂၁)

မိမိလျှောက်ထားချက်ကို အကြီးအကဲများ လက်ခံခဲ့သည်။ သက္ကရာဇ် ၁၇၇၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် အသက်တော် ၂၆ နှစ်သာရှိသေးသော ဘုန်းတော်ကြီး မန်တေဂါးဇားသည် မိမိအမိပြည်ကို စွန့်ခွာ၍ ၊မြန်မာပြည်သို့ သာသနာပြုရန် ထွက်ခွာခဲ့သည်။ မြန်မာပြည်သို့ချောမောစွာရောက်ရှိလာပြီး အထက်မြန်မာပြည် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ချမ်းသာရွာကျေးရွာ၌ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် တာဝန်ယူ ထမ်းရွက်ခဲ့သည်။ အသက်အရွယ်အားဖြင့်နုပျိုပြီး၊ ပညာမြော်အမြင်ကြီးမားသဖြင့် ဆရာတော် ပယ်ကိုတို အတွက် အထူး အထောက်အကူ ရရှိခဲ့သည်။ သာသနာလုပ်ငန်းများ၌ အားသွန်ခွန်စိုက် လုပ်ဆောင်သည့်နည်းတူ စာပေ လောက၌လည်း အထူးဝါယမစိုက်ခါ ၊မြန်မာစာ၊ ပါဠိစာ ၊မြန်မာ့သမိုင်း ၊မြန်မာ့ယဉ်ကျေးမှု ၊မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာများ၊ အစရှိသည့် မြန်မာ လူမှုလောကထဲသို့ တဟုန်ထိုး ၀င်ရောက်လာခဲ့သည်။ ပညာရေးကို အားပေးအား မြှောက်ပြုလုပ်ဆောင် ရွကပေးသည်။ ချမ်းသာရွာ၌ ကလေးသူငယ်များအတွက် စာသင်ကျောင်း တကျောင်းကို မိမိ ကိုယ်တိုင်ကြီးကြပ် ဆောင်ရွက် ဖွင့်လှစ်ပေးခဲ့သည်။

    ဆရာတော်ပယ်ရ်ကိုတို ပျံလွန်တော်မူပြီးသည့်နောက်ပိုင်းတွင် သာသနာတော်ကို ဆက်လက်ထိန်းကျောင်း ပေးသော ဘုန်းတော်ကြီး ဂေရားဒို ကိုယ်တော်တိုင်က မိမိအစား ဘုန်းတော်ကြီးဂေတားနိုးအား ဆရာတော်ရွှေးချယ် ပေးပါရန်  ရောမမြို့၊ သာသနာပိုင်အကြီးအကဲအား တင်ပြတောင်းဆိုခဲ့သည်။ သို့သော် ဘုန်းတော်ကြီး ဂေရားဒိုအားပင် ဆရာတော် အဖြစ်ရွှေးကောက်လိုက်တော်မူသဖြင့် ဘုန်းတော်ကြီး မန်တေဂါးဇားသည် လက်ထောက်အဖြစ် ဆက်လက် ထမ်းဆောင်ပေးခဲ့သည်။ အထက်တွင်ဖေါ်ပြပြီး သကဲ့သို့ ဆရာတော်ုသစ် ဂေရားဒိုသည် လမ်းခရီး ခုလတ်မှာတွင် ပျံလွန်တော်မူခဲ့သဖြင့် နောက်ထပ် ဆရာတော်အသစ်တပါးကို  ရွေးချယ်ရာ၌ မန်တေဂါးဇားကိုပင် ရွှေးချယ် တင်မြှောက်ခဲ့သည်။
 
၁၇၇၆ - ၁၇၈၂ အခြေအနေများ
    ၁၇၇၆-ခုနှစ် အကုန်တွင် ဆရာတော်ပယ်ရ်ကိုတို ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သစ် ဂေရားဒိုသည်လည်း ၁၇၈၀ ခုနှစ်တွင် ဆရာတော် သိက္ခာတော် ခံယူပြီးနောက် အထက်မြန်မာပြည်သို့ပင် ပြန်လည် လာနိုင်စွမ်း မရှိတော့ပေ။ ၁၇၇၆-ခုနှစ်က မြန်မာပြည်သို့ရောက်ရှိ
လာခဲ့ကြသော ဘုန်းတော်ကြီးများ (၃)ပါး အနက် ဘုန်းတော်ကြီး ဖွန်တားဇီးယားသည် ကျန်းမာရေး ချို့တဲ့သဖြင့် ၁၇၇၈-ခုနှစ်တွင် အီတလီပြည်သို့ ပြန်လည် ကြွမြန်းသွားခဲ့သည်။ တဖန် ဘုန်းတော်ကြီး ဂျွန်းမေရီ အာဇုခယ်လီသည်လည်း ၁၇၈၁-ခုနှစ်တွင် ဖျားနာပြီး ပျံလွန်တော်မူခဲ့သည်။ ၁၇၇၈-ခုနှစ်တွင် နောက်ဆုံးရောက်ရှိလာခဲ့သော ဘုန်းတော်ကြီး လူဝီဂျီ ဂရွန်ဒိုးနား တပါးတည်းသာလျင် ထို(၃)ပါး အုပ်စုမှ အသက်တော် ရှင်ကျန်လျက် ရှိတော့သည်။

` သက္ကရာဇ် ၁၇၈၂-ခုနှစ်တွင် အီတလီမှ ဘားရ်နားဘိုက် (၃)ပါးမြန်မာပြည်သို့ ထပ်မံရောက်ရှိလာခဲ့ကြသည်။ ၄င်းတို့မှာ အောက်ပါတို့ဖြစ်ကြသည်။

    ၁။ ဘုန်းတော်ကြီး ဂျိုဇက်ပေ အါလက်ဇန်းဒြို ရိုဗယ်ရီဇီယို
         Giuseppe Alesandro Roverizio
    ၂။ ဘုန်းတော်ကြီး ဂျိုဇက်ပေ ဒါမားတိုး
     Giuseppe  D’Mato
၃။ ဘုန်းတော်ကြီး ဇင်ချန်းစို စန်ဂျယ်ရမားနိုး
   Vincenz0 Sangermano
ဘုန်းတော်ကြီး ရိုဗယ်ရိဇီယိုသည် ၁၇၈၂ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင် ပထမ ၀င်ရောက်လာခဲ့သည်။ ထိုနောက် ဘုန်းတော်ကြီး ဒါမားတို နှင့် စန်ဂျယ်မားနိုးတို့သည်  ၁၇၈၃-ခုနှစ် ဇွန်လိုင်လတွင် ရောက်ရှိလာခဲ့ ကြသည်။

     ၁၇၈၂-ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ ဘားရ်နားဘိုက်အသင်းကြေညာချက်။
ကက်သလိခ်အသင်းတော် သမိုင်းကို ပြန်လည် သုံးသပ်လျှင် သက္ကရာဇ် ၁၆၄၈-ခုနှစ် မှ ၁၇၈၉ -ခှုနှစ် များတွင်  အနောက် ဥရောပတိုက် ခရစ်ယာန် တိုင်းပြည်များသည် ရောမမြို့၊ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး၏ အုပ်ချုပ်ရေး လက်အောက်ခံဘ၀မှ လွတ်မြောက်ရန် ကြိုးပမ်း အားထုတ်ခဲ့ကြသော ခုနှစ်များဖြစ်ခဲ့သည်။ အချို့ ဒေသများတွင် ဘာသာရေး အဓိကရုဏ်းများဖြစ်ပေါ်ခဲ့ပြီး ဘာသာရေး စစ်ပွဲများဖြစ်ပွားသည့် အဆင့်သို့ပင် ရောက်ရှိခဲ့ကြသည်။ အီတလီပြည်၊ လွန်းဘာဒီနယ် တ၀ိုက်တွင် ဘာသာရေး ဆန့်ကျင်မှုလုပ်ရပ်များ ၊ပြင်းပြင်းထန်ထန် ပြုလုပ်လာခဲ့ကြသည်။

ထိုသို့ အသင်းတော်အား ဆန့်ကျင်မှုများ တိုးပွားများပြားလာခြင်းသည် သာသနာလုပ်ငန်းများကို ထိပါး နှောက်ယှက်မှုများဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် သာသနာဘောင်သို့ ၀င်ရောက်သော လူငယ်လူရွယ် ဦးရေများ ကျဆင်းလာခဲ့သည်။

        ၁၇၈၂-ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ဘားရ်နားဘိုက်အသင်း ဂိုဏ်းချုပ်ကြီး ရှီပိီအိုနေ၊ အမ်၊ ပယ်ရုဇီးနီ (Rev General Superior Scipione M Perruzini) သည် မိမိအသင်းဂိုဏ်း အလုပ်အမှုဆောင် အဖွဲ့နှင့် အစည်းအဝေးတရပ် ပြုလုပ်ခဲ့သည်။ ဥရောပတိုက်တွင် ရဟန်း ဘုန်းတော်ကြီးများ ဦးရေ ကျဆင်းနေသဖြင့် ရဟန်းသစ်များ လစ်လပ် သောနေရာများ၌ ပြန်လည်ဖြည့်စွက်ပေးရေး အတွက် မိမိတို့ အသင်းဂိုဏ်းကြီးမှ ၀ိုင်းဝန်းပံ့ပိုးပေးရန် ဆွေးနွေး တင်ပြခဲ့သည်။ သာမဏေဘောင်သို့ ၀င်ရောက်သော လူငယ်များလည်း နည်းပါးနေသဖြင့် မိမိတို့အနေဖြင့် လက်ရှိ ဘုန်း တော်ကြီးများကိုသာ ပြန်လည် စုရုံးပေးရန်ဖြစ်တော့သည်။ သို့ဖြစ်၍ ပထမပိုင်းအနေဖြင့် ပြည်ပသို့ ပို့ပေးနေသော သာသနာပြု ပုဂ္ဂိုလ် အရေအတွက်ကို လျော့ချသင့်က ၊လျော့ချဆောင်ရွက်သွားရန် ဖြစ်ကြောင်း ဝေးလံ ခက်ခဲသော နယ်မြေများသို့ ပို့ထားသော သာသနာပြုများ အားလုံးကိုပြန်လည်ခေါ်ယူကြရန်ဖြစ်ကြောင်းများကို ယင်း အစည်းအဝေးကြီးမှ ဆွေးနွေး အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။

အသင်းဂိုဏ်းချုပ်ကြီး အစည်းအဝေးမှ ထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက်သည် မြန်မာပြည်ရောက် ဘားရ်နား ဘိုက်သာသနာပြုအဖွဲ့ အတွက်လည်း အကျုံးဝင်ခဲ့ခြင်းဖြစ်သည်။ အမှန်မှုမြန်မာပြည်တွင် ဘားရ်နားဘိုက်သာသနာ ပြုတို့ စတင် လုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ပင်ကျော်ခဲ့လေပြီဖြစ်သည်။ အခက်အခဲမြောက်မြားစွာထဲမှ ဘုရား ကျေးဇူးတော်ဖြင့် မြန်မာပြည် ကက်သလိခ်သာသနာသည် အတိုင်းမသိ တိုးတက်လာခဲ့သည်။ သို့ဖြစ်၍ သာသနာပြု ပုဂ္ဂိ္ဂုလ်များသည် မိမိတို့ စိုက်ပျိုး လုပ်ကိုင်နေသော နုငယ်သေးသည့် သာသနာလယ်ကွင်းပြင်ကို လုပ်ငန်းများ ဆိုင်းငံ့ကာ စွန့်ခွာလိုသော ဆန္ဒ လုံးဝ မရှိခဲ့ကြချေ။ တဖန် ယင်းသို့ ထွက်ခွါသွားကြရမည်ဆိုလျှင် ဘုရားသခင်၏ သားသမီးတို့အား ၀ိညာဉ်ရေး ဘာသာရေး စသည်တို့ကို မည်သူတို့က ဆက်လက် အကျိုးဆောင် သွားနိုင်ကြပါမည်နည်း ဆိုသော မေးခွန်း ပုစ္ဆာသည် မြန်မာပြည်ကို ဦးဆောင်နေသော ဆရာတော်လောင်း မန်တေဂါးဇား အပေါ်သို့ အထင်အရှား ထွက်ပေါ် လာခဲ့သည်။

ဆရာတော်လောင်း မန်တေဂါးဇား အီတလီခရီးစဉ်
မိမိပေါ်၌ ထွက်ပေါ်လာခဲ့သော သာသနာရေး အမေးပုစ္ဆာကို အဖြေရရှိနိုင်စေရန် အလို့ငှါ ဆရာတော် လောင်းမန်တေဂါးဇားသည်  အချိန် မစောင့်ဆိုင်းတော့ပဲ အီတလီသို့ ခရီးထွက်ခွာခဲ့သည်။ မိမိ အသင်းဂိုဏ်းချုပ်ကြီးမှ ထုတ်ပြန်လိုက်သော ကြေညာစာတမ်းကို မြန်မာပြည်အတွက် ထည့်သွင်း စဉ်းစားပေးပါရန်နှင့် တိုးချဲ့လုပ်ငန်းများကို အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေး အတွက် အကူအညီများတောင်းခံရန် ဆုံးဖြတ်ချက်များ ချမှတ်၍ ဆရာတော် လောင်း မန်တေဂါးဇားသည် အီတလီသို့ ခရီး ထွက်ခွာခြင်းဖြစ်သည်။ မြန်မာပြည်၏ သာသနာလုပ်ငန်းများ ရပ်တန့် မသွားစေပဲ မိမိ လက်ဝယ်ရှိ ဘုန်းတော်ကြီးများကို အောက်ပါ အတိုင်း တာဝန် အသီးသီး ခွဲဝေ ချထားပေးအပ်ခဲ့သည်။

၁။ ဘုန်းတော်ကြီး လူဝီဂျိီ ဂရွန်ဒိုးနားအား အထက်မြန်မာပြည် ချမ်းသာရွာကျောင်းထိုင်အဖြစ် ခန့်အပ်သည်။ မိမိ ခရီးထွက်ခွာနေခိုက် တပြည်လုံးရှိ သာသနာ တာဝန်များကိုလည်း မိမိကိုယ်စား ထမ်းဆောင် စေရန် ခန့်အပ်ခဲ့သည်။
၂။ ဘုန်းတော်ကြီး ဂျိုဇက်ပေ ဒါမားတိုးနှင့် ဘုန်တော်ကြီး ဗင်ချန်းစိုစန်ဂျယ်ရ်မားနိုး တို့အား မြောင်မြို့နယ် နဘက်ရွာ နှင့် အနီးရှိ ဘာသာဝင်ရွာများကို  တာဝန်ယူ ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ပေးအပ်ခဲ့သည်။
၃။ ဘုန်းတော်ကြီး မီကောနီအား မုံလှရွာ၊ ရဟန်းဖြစ်သင်ကျောင်း၊နှင့် ဘာသာဝင်များအား ကြည့်ရှုရန် တာဝန် ပေးအပ်ခဲ့သည်။
၎။ ဘုန်းတော်ကြီး မာချဲလိုကော်တင်းနိုးဗစ်အား အမရပူရတွင် သာသနာ တာဝန်များကို ခန့်အပ်သည်။
၅။ ဘုန်းတော်ကြီး ဖီလိဘယ်ရ်တိုရေ နှင့် ဘုန်းတော်ကြီး ဂျိုဇက်ပေ ရိုဗယ်ရီဇီယိုတို့သည် အောက်မြန်မာပြည် ရန်ကုန် သာသနာတော်ကို ထိန်းကျောင်းရန် တာဝန်ပေးအပ်ခဲ့သည်။
 
    ဆရာတော် မန်တေဂါးဇား အီတလီပြည်သို့ ထွက်ခွာသွားသည့် ခရီးစဉ်တွင် အထူး အရေးပါသော လုပ်ငန်း တခုလည်း ပါရှိသည်။ ၁၇၇၆-ခုနှစ် ဆရာတော်ပယ်ရ်ကိုတို စတင်ခဲ့သော မြန်မာပုံနှိပ်လုပ်ငန်းကို ပြန်လည် စီစစ်၍ မွမ်းမံပြုပြင်ပေးရန်ဖြစ်သည်။ ဤတစ်ကြိမ်၌ ပယ်ရ်ကိုတို ခေတ်အခါက မြန်မာပုံနှိပ်လုပ်ငန်းကို ကူညီဆောင်ရွက် ပေးခဲ့သော "ရတနာဂျွန်း" ကဲ့သို့ ဆရာတော် မန်တေးဂါးဇားအား ကူညီဆောင်ရွက်ပေးသော ပုဂ္ဂိုလ်မှာ ဦးဆောင်းဆိုသူ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ဦးဆောင်းသည် အသက် (၆၆)နှစ်၊မြန်မာလူမျိုး ဗုဒ္ဂ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး၊ ဘုန်းကြီး လူထွက်တစ်ဦး ဖြစ်သည်မြန်မာစာ ပါဠိစာပေများတွင် အထူး ကျွမ်းကျင်သူဖြစ်သည်။ ဦးဆောင်းသည် ဘားရ်နားဘိုက် သာသနာပြု အတော်များများကို မြန်မာစာ၊ ပါဠိစာများကို သင်ကြား ပို့ချ ပေးခဲ့သူဖြစ်သည်။ ဆရာတော် ပယ်ရ်ကိုတိုလက်ထက်တွင် ဘာသာထဲသို့ ၀င်လာပြီး၊ ဂျွန်းမေရီ ဘာသာအမည်ကို ယူခဲ့သည်။ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးအားလည်း အထူး ဖူးမျှော်လိုသော ဆန္ဒပြင်းပြခဲ့သည်။ သို့ဖြစ်၍ မြန်မာပုံနှိပ်လုပ်ငန်းကို ဒုတိယအကြိမ်ပြန်လည် ထုတ်လုပ်ရန် မန်တေဂါဇားသည် ဦးဆောင်း၏ အကူအညီများကို ရလိုသဖြင့် ဦးဆောင်းအား အခြားသောမြန်မာ တိုင်းရင်းသားကလေး ပီအိုငနိုင် ဆိုသူနှင့် အတူ အီတလီသို့ ခေါ်ဆောင်သွားခဲ့သည်။

    သက္ကရာဇ် ၁၇၈၄-ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ဆရာတော် မန်တေဂါးဇားနှင့် အဖွဲ့သည် မြန်မာပြည်မှ  ထွက်ခွာခဲ့ကြသည်။ (၉)လ အကြာ ၄င်းနှစ် စက်တင်ဘာလ (၈)ရက်နေ့တွင် အီတလီပြည်သို့ရောက်ရှိသွားကြသည်။
 
 စက်တင်ဘာလ (၁၀)ရက်နေ့တွင် ဆရာတော်လောင်း မန်တေဂါးဇားသည် မိမိဧည့်သည် တော် (၂)ဦးအား ခေါ်ဆောင်လျက် သာသနာပြန့်ပွားရေး ဌာနချုပ်ကြီးသို့ ခေါ်ဆောင်သွားခဲ့သည်။ ရောမမြို့ လည်ခေါင်တွင် မြန်မာရိုးရာ ၀တ်စားဆင်ယင်မှုအပြည့်ဖြင့်လျောက်လှမ်းနေကြသော အရှေ့ တိုင်းရင်းသား (၂)ဦးအား တွေ့မြင်သူတိုင်းအတွက် အလွန် ထူးဆန်းသော မြင်ကွင်းတစ်ရပ်ဖြစ်နေတော့သည်။ အီတလီ တိုင်းရင်းသားများ အနေဖြင့် ပထမဆုံးတွေ့မြင်ဘူးသော မြန်မာတိုင်းရင်းသားများဖြစ်သည်။ သာသနာပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ဌာနချုပ်ကြီး၏ ဥက္ကဌ ဖြစ်သူ ကာဒီနယ် အန်တိုနယ်လီ နှင့် အထွေထွေ အတွင်းရေးမှုးမွန်ဆီညော် ဘောရ်ဂျီယာတို့သည် မန်တေဂါးဇားနှင့် ဧည့်သည် တော်များကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

    သာသနာ ကိစ္စ အ၀၀တို့ကို ဆွေးနွေးတင်ပြပြီးနောက် မြန်မာစာ ပုံနှိပ်လုပ်ငန်းများကို ဒုတိယအကြိမ် ပြန်လည် မွမ်းမံပြုပြင်ပေးလို ကြောင်း တင်ပြခဲ့သဖြင့် သာသနာဌာနချုပ်ကြီးမှ အကြံပြုချက်များကို လှိုက်လှဲစွာ ကြိုဆို လက်ခံခဲ့သည်။

        ထိုနောက် ဦးဆောင်း၏ အကူအညီဖြင့် မြန်မာ ပုံနှိပ်လုပ်ငန်းများကို အစမှချီ၍ပြန်လည် စစ်ဆေးပေး ကြသည်။မြန်မာ ခဲစလုံးများကို ပြန်လည် ပုံသွင်းခြင်း ၊မြန်မာစာများကို သတ်ပုံ သတ်ညွှန်း ပြင်ပေးခြင်း ၊မြန်မာသဒ္ဒါကိုလည်း အမှားများပြင်ပေးခြင်း၊ စရှိသော လုပ်ငန်းများကို မန်တေဂါးဇားသည် ဦးဆောင်းနှင့်အတူ ပူးတွဲ လုပ်ဆောင်ခဲ့သည်။ သို့ဖြစ်၍  ဒုတိယအကြိမ် ရိုက်နှိပ်သော စာအုပ်သစ်တွင် စာလုံး ဘလောက်များ ပိုမို တင့်တယ်လှပါသည်။ သတ်ပုံသတ်ညွှန်း သဒ္ဒါ၊ အစရှိသော မြန်မာစာနှင့် ပတ်သက်သည့် အပိုင်းများတွင် အမှားအယွင်းများ ပပျောက်ခဲ့သည်။ သို့ဖြစ်၍ ဤစာအုပ်သည် အဆင့်အတန်း ပိုမို တိုးတက်မြင့်မားလာသည်ကိုတွေ့ရှိရသည်။

သက္ကရာဇ် ၁၇၈၅ ခုနှစ် သြဂုတ်လ (၂၂)ရက် နေ့စွဲဖြင့် ကာဒီနယ်အန်တိုနယ်လီ နှင့် မွန်ဆီညော်ဘောရ်ဂျီရာ တို့၏ ဥယျောဇဉ်ပါရှိသော ဒုတိယအကြိမ်မြောက် ပုံနှိပ် ထုတ်ဝေလိုက်သော ALPHABETUM BARMANUM ဆိုသည့် BURMESE ALPHABET ဟုခေါ် " မြန်မာ ဗျည်းအက္ခရာ သင်ပုံးကြီး အညျွှန်း" စာအုပ် ထွက်ခဲ့သည်။ ဤတစ်ကြိမ် ရိုက်နှိပ်ခဲ့သော စာအုပ်တွင် ကက်သလိခ်ဘာသာဝင်များ၏ ယုံကြည်ခြင်းစာအုပ် (၀ါ) ဘုရားစကားစာအုပ်ကိုလည်း ပိုမို တိုးချဲ့ ရေးသားထားသည်ကို တွေ့ရှိရသည်။

    ၁၇၈၅ ခုနှစ်၊ ဒုတိယအကြိမ်မြောက် ပုံနှိပ် ထုတ်ဝေခဲ့သော စာအုပ်၏ ခရစ်ယာန် အယူဝါဒမြတ်စာအုပ်။
ဆရာတော် မန်တေဂါးဇားရေးသားပြုစု ပုံနှိပ်သည်။
 ပျောက်ဆုံးနေသော ဆရာတော် မန်တေဂါးဇားရေးသားပြုစုသည့် သမိုင်းစာအုပ်။
သက္ကရာဇ် ၁၇၈၄ ခုနှစ်၊ အီတလီပြည် သို့ထွက်ခွာသော ခရီးစဉ်တွင် ၊ဆရာတော်လောင်း မန်တေဂါးဇားသည် အဖိုးမဖြတ်နိုင်သော စာပေလုပ်ငန်းတခုကိုရေးသားပြုစုခဲ့သည်။ ၄င်းစာအုပ်ကိုပြင်သစ် ဘာသာစကားဖြင့် ရေးသားခဲ့သည် စာအုပ်ခေါင်းစဉ်မှာ "အင်းဝ နိုင်ငံတော်နှင့် ပဲခူးနိုင်ငံတော်များ အကြောင်း" ဖြစ်သည်။ စာအုပ်မှာ လက်ရေးမူဖြင့် စာမျက်နှာပေါင်း (၃၀၀) ရှိသည်။မြန်မာပြည်မြေပုံကြီး (၂)ပုံ ပါရှိသည်။ မှတ်စုများ၊ မှတ်ချက်များနှင့် ပြည့်နှက်လျက် ရှိသည်။ မန်တေဂါးဇား တင်ပြထားသည့် မြန်မာပြည်ဆိုင်ရာ သမိုင်းစာအုပ်ကို အောက်ပါအတိုင်း ခေါင်းစဉ်များခွဲခြား၍ တင်ပြလိုက် ရပေသည်။

၁။ ဗမာခေါ် မြန်မာတို့၏ မူရင်းအမည် ခေါ်ဝေါ်ခြင်း၊မြန်မာပြည် တည်နေရာနှင့် မြန်မာတို့၏ သမိုင်း မူရင်း အကြောင်း၊
၂။ ဗမာတို့၏ ကိုယ်အင်္ဂါ ထွားကြိုင်းမှု၊ အရောင်အသွေး၊ ပုံပန်းသဏ္ဍာန်နှင့် မြန်မာတို့၏ ၀တ်စားဆင်ယင်မှု။
၃။ ဗမာတို့၏ စကား အသုံးအနှုန်း၊ အရေးအသား၊ စာအုပ် စာတန်းများ နှင့် သိပံ္ပ/၀ိဇ္ဇာ ရပ်ဆိုင်ရာများ အကြောင်းများ။
၎။ ဗမာတို့၏ အုပ်ချုပ်ရေးဆိုင်ရာများ အကြောင်းနှင့် အားနည်းချက်များ။
၅။ မင်းဧကရာဇ်တို့၏ အိမ်ထောင်ရေးနှင့် သိကောင်းစရာ အကြောင်းများ။
၆။ အုပ်ချုပ်ရေးပုံစံ၊ တရားစီရင်မှု ထုံးတမ်းများနှင့် ဘုရင်တို့၏ သက်ဦးဆံပိုင် အုပ်ချုပ်မှု အကြောင်း။
၇။ စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှု၊ တိုက်ပွဲများ၏ နည်းဗျူဟာများ နိုင်ငံတော်၏ စစ်အင်အားစုများ အကြောင်း၊
၈။ ဗမာတို့ လက်ခံယူထားသော လူ့အဆင့်အတန်း (၀ါ) ဂုဏ်ပကာသနများ အကြောင်း၊
၉။ ဗမာတို့ ကိုးကွယ်သည့် ဘာသာအယူဝါဒ နှင့် ရိုးရာ ဓလေ့များ အကြောင်း။
၁၀။ ရာသီဥတုနှင့် မိုးလေ၀သအကြောင်း။
၁၁။ နိုင်ငံတော်၏ ထုတ်ကုန်များ နှင့် မွေးမြူသည့် တိရစ္ဆာန်များ အကြောင်း။
၁၂။ ဗမာပြည်ရှိ တိုင်းရင်းသား လူမျိုးများ အကြောင်း။

မန်တေဂါးဇားသည် မြန်မာပြည် သမိုင်းကြောင်းကို ရေးသားတင်ပြရာ၌ ရှေးအထက်ကျောင် ကာလမှ စ၍ သက္ကရာဇ် ၁၇၈၄ ခုနှစ် အချိန်အထိ သမိုင်းကိစ္စရပ်များကို အသေးစိပ်ရေးသား တင်ပြထားသည်။ မန်တေဂါးဇားတင် ပြထားသော မြန်မာပြည်မြေပုံကြီး (၂)ပုံ တို့သည်လည်းရှေးဦး အကျဆုံးရေးဆွဲထားသည့် မြေပုံကြီးများဟု မဆိုသာလည်း အသေးစိပ်ရေးသား တင်ပြထားသော ပထမဆုံး ထွက်ပေါ်လာသည့် မြေပုံကြီးများ ဖြစ်ကြပေသည်။ မြန်မာပြည်၌ ထိုခေတ်ရှိ မြို့ကြီးများနှင့် ကျေးရွာများကို တိကျစွာဖော်ပြထားသည်။ မြို့ရိုးများနှင့် တည်ဆောက်ထားသော မြို့ကြီးများကိုလည်း သီးခြား အမှတ်အသားပြု၍ ဖေါ်ပြထားသည်။ တဖန်ဈေးကွက်ရှိသော မြို့ကြီးများနှင့် ကက်သလိခ်သာသနာမှ တည်ဆောက်ထားသော ဘုရားရှိခိုးကျောင်းများ ရှိသည့် မြို့ကြီး၊ ရွာကြီးများတို့ကိုပါဖော်ပြထားသည်။ ရှေးယခင်က ထွက်ပေါ်ဘူးခဲ့သော မြေပုံများမှာ မန်တေဂါးဇား ရေးဆွဲထားသည့် မြေပုံလောက် တိကျမှုနှင့် အသေးစိပ် တင်ပြထားမှုများ မရှိခဲ့ကြချေ။
 
ဤုသမိုင်းစာအုပ်ကို မန်တေဂါးဇား စီစဉ်ပြင်ဆင်ရေးသားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ သို့သော် ၄င်းစာအုပ်ကို အီတလီခရီးစဉ်၌ သာလျှင် အကောင် အထည်ဖေါ်ခဲ့ခြင်းဖြစ်သည်။ရောမမြို့သို့ ရောက်ရှိသွားသော အခါ ဆရာတော် လောင်းသည် မိမိရေးသားပြုစုခဲ့သော စာအုပ်ကို သာသနာပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ဌာနချုပ်မှ အတွင်းရေးမှုးချုပ် ကာဒီနယ် အန်တိုးနယ်လီ(Cardinal Antonelli) သို့ ပေးအပ် ခဲ့လေသည်။

ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၂၂)

Read More...

Friday, May 22, 2015

အင်းဝရောက်ခြေရာများ - အပိုင်း (၂၀)


မြန်မာပုံနှိပ်လုပ်ငန်းကြီးသည် အောင်မြင်သွားခဲ့လေပြီ။ ပထမ အကြိမ် ရိုက်နှိပ်လိုက်သည့် မြန်မာစာအုပ်နှင့် တကွ  ပုံနှိပ်စက်များ၊ မြန်မာ ပုံနှိပ်ခဲစလုံးများ၊ စာရေးကိရိယာ စက္ကူများ၊ အခြား ဘာသာရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းများကို အလွန်ကြီးမားသော သေတ္တာ(၇)လုံးတွင် ထည့်၍ ဘားရ်နားဘိုက် သာသနာပြု (၃)ပါးကို မြန်မာပြည်သို့ စေလွှတ်ပေးခဲ့သည်။ (၂၈) ဘုန်းတော်ကြီး ကာရ်ပါးနီသည် မြန်မာပြည်သို့ ပြန်လည် မကြွမြန်းတော့ပဲ။ အီတလီ ပြည်မှာတွင် ဆက်လက် သီတင်းသုံးနေထိုင်ခဲ့သည်။ ဆဌမမြောက် ပီဦးရဟန်းမင်းကြီးသည်လည်း အင်းဝ နေပြည်တော်ဘုရင် မင်းမြတ်အတွက် လက်ဆောင် ပဏ္ဍာများကို လည်းကောင်း၊ ရတနာဂျွန်းအတွက် လက်ဆောင်မွန်များကို လည်းကောင်း အဆိုပါ သာသနာပြုများနှင့် အတူ မြန်မာပြည်သို့ ထည့်သွင်းပါးလိုက်သည်။ အလားတူ သာသနာ ပြန့်ပွားရေးဌာနချုပ်မှ မြန်မာ ခဲစလုံး (၇၀၀၀၀)နှင့် လက်တင်ခဲစလုံး(၄၀၀၀၀)တို့ကို ထည့်ပေးလိုက်သည်။ ဆရာတော် ပယ်ရ်ကိုတို အနေဖြင့် မိမိ စိတ်တိုင်းကျ ပုံနှိပ်ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ခဲ့ရလေသည်။

ဘားရ်နားဘိုက်များ ထပ်မံရောက်ရှိ
မြန်မာပြည်သို့ ထွက်ခွာလာကြသော ဘားရ်နားဘိုက် (၃)ပါးတို့ မှာ အောက်ပါတို့ဖြစ်ကြသည်။ 
၁။ ဘုန်းတော်ကြီး လူဝီဂျီ ဂရွန်ဒိုးနား Fr.Luigi Grondona
၂။ ဘုန်းတော်ကြီး ဂျွန်းမေရီ မာဇုခေးလီ Fr. John Mary Mazzu chelli
၃။ ဘုန်းတော်ကြီး ပါစကား ဖွန်တားဇီးယား Fr. Pascal  Fontasia

ရှေးဦးဆုံး ဂျွန်းမေရီ မာဇုခေးလီ Fr. John Mary Mazzuchelli နှင့် ဘုန်းတော်ကြီး ပါစကား ဒွန်တားဇီးယား Fr. Pascal Fontasia တို့သည် ၁၇၇၆ ဦးပိုင်းတွင် အီတလီပြည်မှ ထွက်ခွာခဲ့ကြသည်။ ဤတကြိမ်၌ မြန်မာပြည်သို့ ခန့်အပ်လိုက်သော ဘားရ်နားဘိုက် (၃)ပါးတို့သည် အတူတကွ ခရီးထွက်ရန် လိုလားခဲ့ကြသည်။ သို့ဖြစ်၍ "ပိုတို အောရီရင့်" Porto Oriente သင်္ဘောကြီးမှ ကျန်ရှိနေသေးသော ဘုန်းတော်ကြီး လူဝီဂျီ ဂရွန်ဒိုးနားကို စောင့်မျှော်ခဲ့ကြသည်။ သို့သော် အခြေအနေ မပေးသဖြင့် တကွဲတပြားစီ ထွက်လာခဲ့ကြရာ ဘုန်းတော်ကြီး ဂျွန်းမေရီ မာဇုခေးလီ Fr. John Mary Mazzu chelli  နှင့် ဘုန်းတော်ကြီး ပါစကား ဖွန်တားဇီးယား Fr. Pascal Fontasia တို့သည် ၄င်းနှစ် စက်တင်ဘာလပိုင်းတွင် ပဲခူးသို့ ရောက်ရှိလာခဲ့ကြသည်။ ဘုန်းတော်ကြီး လူဝီဂျီ ဂ၇ွန်းဒိုးနားမှာမူ သင်္ဘောပျက်သဖြင့် ၁၇၇၈ ခုနှစ်၊ သြဂုတ်လ (၃၀)ရက် နေ့ကျမှသာလျှင် မြန်မာပြည်သို့ ရောက်ရှိခဲ့သည်။

(၂၈) Storia del Cristianesimo nellmpero Barmano Luigi Gallo pp.109 Milano 1862

ဆရာတော် ပယ်ရ်ကိုတို ပျံလွန်တော်မူခြင်း
ဆရာတော် ပယ်ရ်ကိုတိုသည် အသစ်ရောက်ရှိလာခဲ့သော ဘားရ်နားဘိုက် သာသနာပြုတို့အား ၀မ်းပန်းတသာ ဆီးကြိုခဲ့ကြသည်။ မြန်မာပုံနှိပ်လုပ်ငန်းကြီး ထမြောက် အောင်မြင်သွားသဖြင့် ဘုရားသခင်အား ကျေးဇူးတင် မဆုံးဖြစ်ခဲ့သည်။ ယခုမူ မိမိ လိုအပ်တောင့်တသည့် အတိုင်း မြန်မာစာအုပ်များကို ထုတ်လုပ်နိုင်တော့မည်ဟု ကြည်နူး ၀မ်းမြောက်နေတော့သည်။

ဆရာတော်ပယ်ရ်ကိုတို ရေးသား ပြုစုနေသော ကျမ်းမှာ မြန်မာ-လက်တင်-ပေါ်တူဂီ (၃) ဘာသာတွဲ အဘိဓာန်ကျမ်းကြီး ဖြစ်သည်။ ဆရာတော်သည် သာသနာ လုပ်ငန်းများနှင့် စာပေလုပ်ငန်းများ၌ အားတက်သရော လုပ်ဆောင်နေခိုက် ကျန်းမာရေး ချို့တဲ့လာခဲ့သည်။ သွေးအားနည်းခြင်း နှလုံးအားနည်းခြင်း၊ ခြေများ ယောင်ယမ်းလာခြင်း၊စသဖြင့် ခံစားလာခဲ့ရသည်။ သို့ဖြစ်၍ မိမိ ကျန်းမာရေးအတွက် ခေတ္တ အနားယူရန် အင်းဝနေပြည်တော်သို့ ရောက်ရှိခဲ့သည်။ အင်းဝတွင် ကိုရင်ကြီး ဘယ်ရ်ဂွန်းဇီ၏ ဆေးဝါးကုသမှုကို ခံယူခဲ့သည်။ ရောဂါသက်သာမှု ပြန်လည် ရရှိသည်နှင့် မုံလှရွာသို့ ပြန်လာခဲ့သည်။ 

လုပ်ငန်းခွင်၌ စိတ်အားထက်သန်မှုနှင့် လုပ်ဆောင်နေသော်လည်း ကျန်းမာရေးသည် ယခင်ကကဲ့သို့ အခြေအနေ မပေးတော့ပဲ ရှိခဲ့သည်။ မိမိ ကျန်းမာရေး အခြေအနေကို သိရှိလာသည့်အတွက် နဘက်ရွာတွင် ကျေင်းထိုင်နေသော ဘုန်းတော်ကြီး မီကောနီအား မုံလှရွာသို့ လာစေပြီး သာသနာလုပ်ငန်းများကို လွဲပြောင်း ပေးအပ်ခဲ့သည်။ ဘုန်းတော်ကြီး မီကောနီအား မုံလှရွာရှိ ရဟန်းဖြစ်သင်ကျောင်းနှင့် အခြားသော သာသနာရေး ကိစ္စအ၀၀တို့ကို လက်ပြောင်း တာဝန်ယူစေပြီး ဆရာတော်သည် အင်းဝသို့ ကြွသွားခဲ့သည်။ မိမိ ရေးသားပြုစုနေသော (၃)ဘာသာတွဲ အဘိဓာန်ကျမ်းကြီးကို အင်းဝမှာပင် ဆက်လက် ရေးသားပြုစုခဲ့သည်။ ၁၇၇၆-ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ဆရာတော်ခံစားရသော ရောဂါဝေဒနာမှာ ပိုမို ဆိုးရွားလာခဲ့သည်။ `

မယ်တော်သခင်မ အပြစ်မဲ့ သန္ဓေယူသောပွဲ အဖိတ်နေ့ ဖြစ်သည့်အလျောက် အာပတ်ဖြေခြင်း စက္ကရမင်တူးများကို ခံယူလျက် မိမိကိုယ်ကို ပြင်ဆင်ခဲ့သည်။ ဒီဇင်ဘာလ (၈) ရက်နေ့တွင် မယ်တော်ပွဲကို ကောင်းစွာ ကျင်းပနိုင်ခဲ့ပြီး၊ ကောင်းသော သေခြင်း ခံယူနိုင်ဘို့ မယ်တော်အား ဆုပန်ခဲ့သည်။ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် အင်းဝမြို့ရှိ ခရစ်ယာန်သုဿန် သို့ အပန်းပြေ လမ်းလျှောက်ထွက်ခဲ့သည်။ သုဿန်မှ အပြန်လမ်းတွင် မိမိနှင့် နှစ်ပေါင်းမြောက်မြားစွာ ခင်မင်ရင်းနှီးခဲ့သော မိတ်ဆွေကြီး ပြင်သစ် အမျိုးသား ပေတလုဒ် မိလဒ်အား ၀င်ရောက် တွေ့ဆုံ နှုတ်ဆက်သည်။ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ဗုဒ္ဓ္ဓဘာသာဝင် ပုဂ္ဂိ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂုလ်တစ်ဦးနှင့် ဘာသာရေး ဆွေးနွေးရင်း စကားလက်ဆုံ ပြောခဲ့သေးသည်။ ၄င်း ညနေပိုင်း၌ ဆရာတော်သည် ညစာ မသုံးဆောင်နိုင်သဖြင့် အိပ်ရာသို့ စောစောဝင် နားယူခဲ့ရသည်။ ၁၇၇၆-ခုနှစ်  ဒီဇင်ဘာ (၁၂)ရက်၊ နံနက်ခင်းတွင် ဆရာတော်အိပ်ရာ မထသေးသဖြင့် အိပ်ခန်း အတွင်းဆောင်သို့ ၀င်ရောက် စစ်ဆေး ကြသောအခါ ဆရာတော်ပယ်ရ်ကိုတိုသည် အိပ်ရာတွင်း၌  မိမိ ရေးသား ပြုစုနေသော (၃) ဘာသာတွဲ အဘိဓာန် ကျမ်းစာမူများကို လက်တွင်း၌ ကိုင်ထားလျက် အသက်တော် ချုပ်ငြိမ်းနေသည်ကို တွေ့ရှိကြရသည်။

ဆရာတော်သည် အသက်တော် ၄၉ နှစ်ရှိပြီး၊ မြန်မာပြည်တွင် ၁၅ နှစ် သာသနာ တာဝန်များကို ထမ်းရွက်လျက် သီတင်းသုံး နေထိုင်သွားခဲ့သည်။ မြန်မာပြည် သာသနာအတွက်နှင့် မြန်မာလူမျိုးများအတွက် အလွန် အရေးပါ၍ သမိုင်းတွင် မှတ်ကျောက်တင် ကျန်ရစ်သော လုပ်ငန်းကြီးများကို ထမ်းရွက်ပေးခဲ့သည်။ အထက်မြန်မာပြည်ရှိ သာသနာတော်ကို ပြန်လည် ထူထောင်ပေးခြင်း၊ မြန်မာတိုင်းရင်းသားများ ရဟန်းဘောင်သို့ တက်လှမ်းနိုင်သော လမ်းစကို တင်ဖေါက်လုပ် ဖွင့်လှစ်ပေးခဲ့ခြင်း၊ ဘာသာရေး ကျမ်းဂန်စာအုပ်များကို ရေးသား ပြုစုခဲ့ခြင်း၊ မြန်မာအဘိဓာန်ကျမ်းကြီးကို ရေးသား ပြုစုပေးခဲ့ခြင်း၊ နောက်ဆုံး မြန်မာတိုင်းရင်းသားထု တစ်ရပ်လုံး၏ ကျေးဇူးရှင်အဖြစ် အမြော်အမြင် အလွန်ကြီးမားစွာဖြင့် မြန်မာပုံနှိပ်လုပ်ငန်းကြီးကို တီထွင် ဆောင်ရွက်ပေးခဲ့ခြင်းတို့ ဖြစ်ပေသည်။

အထက်မြန်မာပြည်ရှိ ကက်သလိခ် ဘာသာဝင်များ တက်ရောက်ပြီး၊ ရဟန်းတော်များ ခြံရံလျက် ဆရာတော်၏ ဈာပန အခမ်းအနားကို အင်းဝ နေပြည်တော်ရှိ ခရစ်ယာန်သုသာန်မှာပင် သင်္ဂြိုလ်ခဲ့ကြသည်။ ဆရာတော်၏ တပြည့်ရင်းသားဖြစ်ပြီး မိတ်ကောင်းဆွေကောင်း ဖြစ်သော "ကုလား ဗိုလ်ဘွဲ့ရ" ပေတလုဒ်မိလဒ်သည် ဆရာတော်၏ ဈာပနအခမ်းအနား ကုန်ကျစရိတ် အားလုံးကို လှူဒါန်းခဲ့ပြီး မိမိကိုယ်တိုင် တည်ဆောက် လှူဒါန်းသော ခရစ်ယာန်သုသာန်မှာပင် ဆရာတော်၏ ကြွင်းကျန်သော ရုပ်ကလပ်ကိုဂူသွင်းမြှုပ်နှံခဲ့သည်။  

ဆရာတော်အသစ် ခန့်အပ်ခြင်း

ဆရာတော်ပယ်ရ်ကိုတို ပျံလွန်တော်မူသော်လည်း ထာဝရဘုရားသခင်၏ သာသနာတော်သည် ဆက်လက် အဓွန့်ရှည် သွားလာရဦးမည်ဖြစ်သည်။ ဆရာတော်ပယ်ရ်ကိုတို၏ ရုံးခန်း၌ စာရွက် စာတမ်းများကို စစ်ဆေးပြုလုပ်နေသော ဘုန်းတော်ကြီး မီကောနီသည် လွန်ခဲ့သော (၈)နှစ်က ဆရာတော်ပယ်ရ်ကိုတို ရေးသားထားသည့် လှို့ဝှက် စာတမ်းတစ်စောင်ကို တွေ့ရှိခဲ့သည်။ စာတွင်းပါရှိသော အကြောင်းအရာမှာ မိမိ ပျံလွန်တော်မူခဲ့သော် မြန်မာပြည်ရှိ ကက်သလိခ်သာသနာတော်အား ဆက်လက်ထိန်းသိမ်းပေးရမည့် ပုဂ္ဂိ္ဂုလ်မှာ ဘုန်းတော်ကြီး ဂေရားဒို ကော်တင်းနိုးဗစ်ဖြစ်ကြောင်း ခန့်အပ်ထားသည်ကိုတွေ့ ရှိရသည်။

ဆရာတော်၏ သေတမ်းစာအရ ဘုန်းတော်ကြီးဂေရားဒိုသည် သာသနာတော်ကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့ရသည်။ သို့သော် မိမိကိုယ်တိုင်၌ကား ဆရာတော် အရိုက်အရာကို လက်ခံဘို့ရန် ငြင်းဆိုခဲ့သည်။ ဘုန်းတော်ကြီး ဂေတားနိုမန်တေဂါးဇားအား ဆရာတော်အဖြစ် ရွှေးကောက်ပေးပါရန် ရောမမြို့၊ သာသနာပိုင် အကြီးအကဲတို့အား လျှောက်ထား တင်ပြခဲ့သည် (၂၉)။ သို့သော် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပီဦးမှ ပြန်ပေးစာတွင် ဘုန်းတော်ကြီး ဂေရားဒို ကော်တင်းနိုဗစ်အား မြန်မာပြည် ကက်သလိခ်သာသနာတော် အတွက် ဆရာတော်အဖြစ် ရွှေးချယ် တင်မြှောက်လိုက်ကြောင်း ပါရှိခဲ့သည်။ သို့ဖြစ်၍ ဘုန်းတော်ကြီးဂေရားဒိုသည် ဆရာတော် ဘိသိတ်ခံယူရန် အိန္ဒိယပြည် မာလိယပိုမြို့သို့ ကြွမြန်း သွားခဲ့လေသည်။

ဘုန်းတော်ကြီး ဂေရားဒို ကောတင်းနိုဗစ်သည် ၁၇၈၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် အိန္ဒိယပြည်၌ အင်းဝ၊ ပဲခူးသာသနာတော်ပိုင်အဖြစ်  "ဆိုဇိုပိုလီတားနို" ဆရာတော်ဘွဲ့ (Bishop of Sozopolitano) ကို ခံယူ၍ ဆရာတော် ဘိသိတ်ခံယူခဲ့သည်။

(၂၉) (I) Letter of Rangoon.30 January 1777 Archives of Sacred Congregation for Propagation of Faith. Indie Orientali-Cina,raccolta 35,no .257.
       (II) Letter of Rangoon.10 January 1778/Archives of Sacred Congregation for Propagation of Faith. Indie Orientali_Cina, raccolta 35,no.543
      (III) Letter of Rangoon.25 .April 1779.Archives of Sacred Congregation for    Propagation of Faith. Indie Orientali_Cina, raccolta 36,no.72
(၃၀) Renzo  CARMIGANANL. La BIRMANIA  Ralazione inedita del 1784. Del Missionario  Barnabita  GM MANTEGAZZA ROMA 1950. CF P.25

အိန္ဒိယပြည်မှအပြန် ခရီးတွင် ဆရာတော် ဂေရားဒို ကော်တင်းနိုးဗစ်သည် မိမိသာသနာနယ်မြေဖြစ်သော နီကိုးဗားကျွန်းစုများတွင်  ၀င်ရောက် ကြည့်ရူခဲ့သည်။ အထူးသဖြင့် ဟိုင်းကြီးကျွန်းတွင် ကက်သလခ် ဘာသာဝင်များ တော်များများရှိခဲ့သည်။ သို့သော် ရဟန်းဘုန်းတော်ကြီးများ ရှားပါးမှုကြောင့် သာသနာလုပ်ငန်း ဆောင်ရွက်ပေးမှုများ လစ်ဟင်းခဲ့ရသည်။ ဟိုင်းကြီးကျွန်းတွင် သီတင်းသုံး နေခိုက် ဆရာတော်သည် ဌက်ဖျားရောဂါ ရရှိခဲ့သည်။ ၄င်းရောဂါ ဖိစီးမှုဒဏ်နှင့်ပင် ဆရာတော် ဂေရားဒို သည် "နီဂါရီ" ကျွန်းကလေးပေါ်မှာတွင် ပျံလွန်တော်မူခဲု့သည်။ (၃၁) သို့ဖြစ်၍ မြန်မာပြည်အတွက် ရရှိလိုက်သော ဆရာတော်အသစ်ကား မိမိသာသနာလယ်ကွင်းပြင်သို့ ပြန်လည် မရောက်သေးမီမှာပင် လက်ခုလတ်၌ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံသွားရလေတော့သည်။ (၃၁) အထက်ပါ အညွန်းအတိုင်း ဖြစ်သည်။

ပြင်သစ်အမျိုးသားကြီး ပေတလုဒ် မီလဒ် (Chevalier Millard)

ပြင်သစ် အမျိုးသားကြီး ပေတလုဒ်မိလဒ်အကြောင်းကို ရှေ့ပိုင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ပေတလုဒ်သည် ဆရာတော်ပယ်ရ်ကိုတို၏ ချစ်ခင်ရင်းနှီးသော တပြည့်သားရင်းတဦး ဖြစ်သည်။ မိမိဆရာတော် ပျံလွန်တော်မူခြင်းအတွက် ပေတလုဒ်သည် စိတ်အလွန် ထိခိုက်မိခဲ့သည်။ အလုပ် အားလပ်ချိန်များတွင် ပေတလုဒ်မိလဒ်အား ဆရာတော်ပယ်ရ်ကိုတို၏ သင်္ချိုင်းဂူအနားတွင် သွားရောက် ဆုတောင်းမေတ္တာများ ပြုလုပ်နေသည်ကို တွေ့ရှိတတ် ကြရသည်။ ဆရာတော်ပယ်ရ်ကိုတို ပျံလွန်တော်မူပြီး (၂)နှစ် အကြာ ၁၇၇၈ ခုနှစ်တွင် ပေတလုဒ်မိလဒ်သည်လည်း ကွယ်လွန်ခဲ့ရှာသည်။ မိမိ ကွယ်လွန်ပါက မိမိ၏ ကြွင်းကျန်သော ရုပ်ကလပ်ကို မိမိကြည်ညို ကိုးကွယ်သော ဆရာတော် ပယ်ရ်ကိုတို၏ သင်္ချိုင်းဂူအနီးတွင် သဂြိုလ်ပေးရန် မေတ္တာရပ်ခံခဲ့သဖြင့် ပေတလုဒ်မိလဒ်အား ဆရာတော်အနီးတွင် မြှုပ်နှံခဲ့ကြသည်။ ပေတလုဒ်မိလဒ်၏ သင်္ချိုင်းဂူတွင် အောက်ပါ လက်တင်ဘာသာနှင့် မြန်မာစာတို့ဖြင့် ရေးသားထားသော ကျောက်စာကို ဖတ်ရူကြရသည်။

ပြင်သစ်အမျိုးသား ကုလားဗိုလ်ဘွဲ့ရ ပေတလုဒ် မိလဒ် သင်္ချိုင်းဂူ ကျောက်စာ

         (HIC JACET)
PETRUS MILLARD GA LLIAE
EX CAPTIVO BELLI REGIB US
ACCEPTUS PRAESBITERIUM
ET.CIMITERIUM AECCLESIAE
        (CONSTRUXIT)
A REGE CLLIAE CENTURIO
ELECTUS, MORITUR ANNO
         MDCCLXXVIII

        ပရင်သစ်အမှု ပေတလူမီလတ်ပျင်သစ်ရှင် ဘုရာင်အမှုထဲသင် ဘောနှင့် လှည့်လည်သွားရမည် ခန့်ထား၍ လွင့်သွား သည်တွင် ဘိုးတော် အလောင်းမင်းတရားကြီးဘုရား ဟံသာဝတီကို သိမ်းရုံတော်မူသည် လွှတ်တော် ၁၁၁၇ နှစ် ရွှေစက်တော်မြတ်အောက်သို့ ရောံ၍ ဘိုးတော်အလောင်းမင်းတရားကြီး ဘုရား၊ ဘကြီးတော်ဘုရား၊ လက်ထက်တော် ဟံသာဝတီ၊ ယိုးဒယား ကသည်းမှစခု အရပ်ရပ်အမှုတော်ပေါ်ထွက်သမျှကို ထံရွက်ရသည်နှင့်ဘုရား၊ ခမည်းတော် ဆင်ဖြူရှင်ဘုရား၊ လွတ်တော်သက်တော်စောင့် ကုလားဘို အရာခန့်ထားတော်မူ၍ ရာဇာာရဘွဲ့အည်နှင့် တယ်မြို့ကို အသနားတော်မြတ်ခံရသည် ၄င်း နောက်ရာ ဇာသာရကျော်ထင်နှင့်၎င်းနောက် သီရိရာဇာသူရကျော်ထင်ဘွဲ့အမည်ကိုလည်း အသနားတော်မြတ်ခံရသည် ဘုရားရွှေလက် ထက်တော် သက်တော်စောင့်ကုလားဗို အရာထပ်၍ ခန့်ထားတော်မူသည် တဟ်မြို့နှင့် နေမျိုးသီရိရာဇူသရကျော်ထင်ဘွဲ့ အမည်ကိုလည်း အသနားတော်မြတ်ခံရသည်။ ကျေးဇူးတော်မြတ်ကို ဆက်ဆပ်ချင်လျှင် မရဏံ သေချင်းတည်းဟူသော အနိစ္စ ကံတရားနှင့် မကင်းမလွတ်နိုင်သည်ဖြစ်၍ သက်ကရာဇ် ၁၀၉၇ ခုတပေါင်းလဆန်း ၁၀ရက် ၄နေ့သား အသက်၄၃နှစ် အ၀င်သက ရာဇ် ၁၁၄၀ ၀ါခေါင်လပြည့်ကျော် ၇ရက် ၆နေ့တွင် အနိစ္စကံ တရားနောက်သို့လိုက်သည်။

မှတ်ချက်။      ။အထက်ဖေါ်ပြပါကျောက်စာကို မူရင်းအတိုင်း အပုဒ်မခွဲပဲ ပြန်လည်ရေးသား ဖေါ်ပြထားပါသည်။ လက်တင် ဘာသာဖြင့် ရေးသားထားသော ကျောက်စာကို အောက်ပါအတိုင်း မြန်မာပြန်ဆိုအပ်ပါသည်။

ဤနေရာ၌ လျောင်းစက်ခေါ်သည့်ပုဂ္ဂိုလ်မှာ
ပေတလုဒ်မီလဒ်ဖြစ်သည်။
စစ်မက်ဖြစ်ပွားချိန်တွင်
စစ်သုံ့ပန်းအဖြစ် အဘမ်းခံလာရပြီးနောက်
ယင်းသည် အသင်းတော်၏ သာသနာပြုများအတွက် ကျောင်းသင်္ကန်းကို
ဆောက်လုပ် လှူဒါန်းပေး၍
သုဿန်ကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။
ပြင်သစ်ဘုရင်ခံတော်မှ  "ဆာရ်ဘွဲ့ " ကိုခံယူရရှိပြီး
သက္ကရာဇ် ၁၇၇၈ခုနှစ်၊ အသက် ၄၂ နှစ်တွင်
ကွယ်လွန်ခဲ့သည်။

မှတ်ချက်။   ။ လက်တင်ဘာသာစကားဖြင့် ရေးသားထားသော ကျောက်စာသည် လက်ျာဘက်ပေါ်ပိုင်းတွင် အပိုင်း အစများ အနည်းငယ် ကျိုးပဲ့နေသည်။ ကျောက်စာအစွန်အဖျားရှိ မူရင်းစာလုံးများလည်း အကျိုးအပဲ့များတွင် ပါသွားသည် ။ သို့သော် လက်တင်ဘာသာစကားလုံးများကို ပြန်လည် ဖြည့်စွက်ပေးရန် အခက်အခဲမရှိပါ။ ပြန်လည်ဖြည့်စွက် စလုံးများကို မျဉ်းတား အစောင်းစာလုံးများဖြင့် ဖေါ်ပြထားသည်။

အခန်း(၈)
ဆရာတော် ဂေတားနိုးမန်တေဂါးဇား။

ဂေတားနိုမန်တေဂါးဇားသည်  အီတလီပြည် မီလန်းမြိ့တွင် သက္ကရာဇ် ၁၇၄၅ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဂေတားနိုးသည် အသက် ၁၆ နှစ်ရောက်ရှိသောအခါ၊ ဘားရ်နဘိုက်အသင်းဂိုဏ်း သူတော်စင်ဘောင်သို့ ၀င်ရောက်ခဲ့သည်။ ရဟန်းတို့ သင်ကြားအပ်သော ပညာရပ်များကို ဆက်လက် ဆည်းပူးခဲ့ပြီး၊ ၁၇၆၈ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့ တွင် အသက် (၂၃)နှစ် အရွယ်၌ ရဟန်းသိက္ခခံယူခဲ့သည်။ ဘုန်းတော်ကြီး မန်တေဂါးဇား၏ ပညာ အရည်အချင်း ပြည့်စုံမှုရှိသောကြောင့် ၄င်းရဟန်းဖြစ် တက္ကသိုလ်ကြီးမှာပင် စာချပုဂ္ဂိ္ဂုလ် အဖြစ် ဆက်လက်ခန့်ထားခြင်းခံခဲ့ရသည်။

ဂေတားနိုးမန်တေဂါးဇားသည် ငယ်ရွယ်စဉ်ကတည်းကပင် သာသနာပြု ပုဂ္ဂိ္ဂုလ်တပါးဖြစ်ချင်သည်။ တိုင်းတပါးသို့ သွားရောက် သာသနာပြုလိုသော ဆန္ဒမှာ စာချပုဂ္ဂိ္ဂုလ်အဖြစ် ထမ်းဆောင်နေရင်း တနေ့တခြား ပို၍ပင် တိုးပွား လာခဲ့သည်။ အထူးသဖြင့် မြန်မာပြည်၌ မိမိတို့ ဘားရ်နားဘိုက်အသင်းဂိုဏ်းကြီးသည် သာသနာလုပ်ငန်းများ တိုးချဲ့ ထမ်းဆောင်နေကြောင်း၊ တိုးချဲ့လုပ်ငန်းများ အတွက် သာသနာပြု ပုဂ္ဂိ္ဂုလ်များ အထူး လိုအပ်လျက် ရှိနေကြောင်း၊ အစရှိသောသတင်းများကို ကြားသိရသောအခါ မိမိအား သာသနာနယ်မြေသို့ စေလွှတ်ပေးးပါရန် အထက်အကြီးအကဲတို့အား လျှောက်ထားခဲ့သည်။

ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၂၁)

မှတ်ချက်။ ဆရာတော်ပယ်ရ်ကိုတို၏ ချစ်ခင်ရင်းနှီးသော တပြည့်သားရင်းတဦး ဖြစ်သည့် ဘုရင်ဂျီဘာသာဝင်  ပေတလူ မိတင်ဆိုသော ကုလားဗိုလ်(ပြင်သစ်လူမျိုး)၏ သချိုင်္င်းကျောက်စာ အပါအ၀င် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို "ကုန်းဘောင်ပြင်သစ်" နာမည်နဲ့ ဆရာရွှေစကြာက ရေးသားထားတဲ့ စာအုပ်တစ်အုပ် ကို အောက်ပါလင့်မှ တဆင့် ဖတ်ရှုနိုင်ပါသည်။

Read More...