Monday, October 28, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၂)

ဖါသာရ်ဂျွန်-ဦးမောင်ကလေး (၁၉၁၃-၁၉၉၀)
(Fr. John U Mg Galay)

    ဖါသာရ် ဂျွန် ဦးမောင်ကလေးသည် (၁၉၁၃)ခု ဇူလိုင်လ (၁၆)ရက်နေ့တွင် ဇော်ဂျီရွာ၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးဘဒင်နှင့် ဒေါ်ကြွယ်တို့ ဖြစ်သည်။ ဤရွာကို (၁၉၀၃)ခုနှစ်က ဖါသာပေလေတီးယား တည်ထောင်ခဲ့သည်။ ငယ်မည်မှာ မောင်ထွန်းစိန် ဖြစ်သည်။ ဇော်ဂျီရွာတွင် စာသင်ကျောင်းမရှိ၍ ပုလိပ်ဘူတာ ချမ်းသာကုန်းရွာတွင် မူလတန်းပညာကို (၅)တန်းအထိ သင်ယူခဲ့သည်။ အသက် (၁၄)နှစ် အရွယ်တွင် မေမြို့ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ မေမြို့ ရဟန်းဖြစ်သင်ကျောင်း၌ (၆)နှစ်သင်ကြားပြီး နောက် ပီနန် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် (၆)နှစ် သင်ကြားခဲ့သည်။ ကိုရင်ဘ၀နှင့် မြန်မာနိုင်ငံသို့ ရောက်လာပြီး (၃)နှစ် စုံစမ်းခြင်း ခံရသည်။ မိုးကုတ်နယ်၊ တောင်တွင်းကြီးမြို့နယ်တို့တွင် နေထိုင်ရသည်။ (၁၉၄၂) ခု ဇန္န၀ါရီလ (၆)ရက်နေ့တွင် မန္တလေးမြို့၌ ရဟန်းသိက္ခာခံယြူုပီးနောက် မိုးကုတ်တွင် (၆)နှစ် သာသနာတော် အမှုတော်ကို ထမ်းခဲ့သည်။ ထိုနောက် တောင်တွင်းကြီးမြို့နယ် သရက်ခုံရွာတွင် (၁၉၅၀) မှ (၁၉၅၃) အထိ (၄)နှစ် အမှုထမ်းခဲ့သည်။ ထိုနောက် မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် စာချပုဂ္ဂိုလ်အဖြစ် (၅)နှစ် အမှုထမ်းခဲ့သည်။ ကလေးမြို့နယ် တာဟန်းတွင် (၂)နှစ်၊ ရွှေဘိုခရိုင် ရွာတော်တွင် (၂)နှစ် အမှုထမ်းပြီး (၁၉၆၁)ခုနှစ်တွင် မန္တလေးမြို့ တော်အေ -ဦးဘခင်နှင့် ဘုန်းတော်ကြီး (၂၂)ပါး၊ မန္တလေး သာသနာအရပ်ရပ်မှ ဘာသာဝင် (၂၀၀၀)ခန့် တက်ရောက်ကြသည်။    

မစ္ဆားတရားတော်တွင် ချောင်းရိုး ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ်အန်ထော်နီက သြ၀ါဒ စကားမြွက်ကြားရာတွင် ရဟန်းဝါတော် (၂၅)နှစ်ပတ်လုံး ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးကျူးလျက် ဘုန်းတော်ကြီး၏ ဘ၀ ဖြစ်စဉ် ရာဇ၀င်ကို အကျဉ်းချုပ် ဖော်ပြပြီးနောက် ဘာသာထဲဝင်လာသော မိဖတို့မှ မွေးဖွား၍ သေးငယ်လှသော ရွာငယ် ဇနပုဒ်ကလေးမှ အဘိုးတန်လှသော ရဟန်းတပါးသာမက ဖါသာရ်ဂျွန်၏ နှမတယောက်ဟာလဲ စိန်ဂျိုးဇက်ဂိုဏ်းမှ သီလရှင်တပါး ဖြစ်မြောက်၍ ယခု ချင်းတောင်သာသနာတွင် မာသာရ်ကြီးအဖြစ်နှင့် ဘုရားအမှုတော်ကို ထမ်းရွက်လျက်ရှိကြောင်း၊ စသည်ဖြင့် အကျယ်တ၀င့် မိန့်ကြားသွားပါသည်။ ဖါသာရ်ဂျွန်သည် ဂျူဗလီခံပြီး ထိုနှစ်မှာပင် ချောင်းဦးသို့ ပြောင်းရွှေ့၍ ချောင်းဦး ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်(၁၉၆၇) မှ (၁၉၇၁) အထိ အမှုထမ်းခဲ့သည်။ (၁၉၆၉) တွင် မုံရွာ ဘုရားကျောင်းကျပ်ငွေ (၁၆၁၄၇) အကုန်အကျခံ၍ တိုးချဲ့ ပြုပြင်ခဲ့သည်။  (၁၉၇၁) မှ (၁၉၇၇) ထိ ချမ်းသာရွာ ဘာသာဝင်များကို ကြည့်ရှုရသည်။ (၁၉၇၇) ခုနှစ်မှ စ၍ အနားယူရင်း ချမ်းသာကုန်းရွာတွင် နေထိုင်ခဲ့သည်။(၁၉၉၀) ပြည့်နှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ချမ်းသာကုန်း၌ ပျံတော်မူသည်။

ဖါသာရ် စခရီးဗင်း-ဦးဘတုတ် (၁၉၁၁-၁၉၇၉)
(Fr.George Screven)
    ဖါသာရ် စခရီးဗင်း ဦးဘတုတ်သည် (၁၉၁၁)ခု အောက်တိုဘာလ (၁၇)ရက်နေ့တွင် ကျွဲဘွဲ(တောင်ငူ)၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဂျော့မွန်တေ့နှင့် ရိုစ်ဂျိုစဖင်း စခရီးဗင်းတို့ဖြစ်သည်။ (၁၉၃၂) ခု ဒီဇင်ဘာလ (၈)ရက်နေ့တွင် ရဟန်းဖြစ် သင်ကျောင်းဝင်သည်။ ထိုမှတဆင့် ပီနန်ရဟန်းဖြစ်သင် တက္ကသိုလ်သို့ သွားရောက် ပညာသင်ကြားပြီး (၁၉၄၂) ခု ဇန္န၀ါရီလ (၆)ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ဖါသာရ် စခရီးဗင်းသည် ချောက်မြို့တွင်၎င်း၊ မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် သာသနာအမှုတော်ကို ထမ်းဆောင်ခဲ့သည်။ (၁၉၆၀) မှ (၁၉၆၇)အထိ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ်နှင့် ချမ်းသာရွာ ဘာသာဝင်များကို ကြည့်ရှုရသည်။ (၁၉၆၇) မေလမှ (၁၉၇၄) မတ်လအထိ ရွှေဘို ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်နှင့် ဘာသာဝင်များကို ကြည့်ရှုရသည်။ ရွာတော် ဘာသာဝင်များကိုလည်း ကြည့်ရှုရသည်။ ရွာတော် ခေါင်းလောင်းစင်ရှိ ငှက်ပျောဖူးကို လေကြမ်းတိုက်လျှင် ပြုတ်ကျနိုင်သဖြင့် ရွှေဘိုမှ လက်သမားများကို ခေါ်ယူကာ ဖျက်၍ သွတ်အုပ်ဆောင်းငယ် မိုးထားခဲ့သည်။ ထိုနောက်(၁၉၇၄) ခု မှ (၁၉၇၉) ခုနှစ်အထိ မန္တလေးမြို့ စိန်ဂျိုးဇက် ဘုရားကျောင်း ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် တာဝန်ထမ်းရသည်။ (၁၉၇၉) ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် မေမြို့၌ ပျံတော်မူသည်။

ဖါသာရ်ယူးစတေ့ - ဦးချစ်ဦး (၁၉၁၈-၁၉၈၄)
(Fr.Eustace U Chit U)
         ဖါသာရ် ယူးစတေ့ ဦးချစ်ဦးသည် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာတွင် မွေးဖွားခဲ့သည်။ မိဖများမှာ ဦးအေး-ဒေါ်ဖွားယုံတို့ ဖြစ်သည်။ မွေးချင်း(၄) ယောက်အနက် ဒုတိယသား ရတနာဖြစ်သည်။ (၁၉၁၈) ခု ဇန္န၀ါရီလ (၄)ရက်နေ့တွင် မွေးဖွားသည်။ (၁၉၃၁) ခု မတ်လ (၄)ရက်နေ့တွင် မေမြို့ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ (၁၉၃၅) မှ (၁၉၄၁) ခုနှစ် အထိ ပီနန် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ပညာ ဆည်းပူးခဲ့သည်။ (၁၉၄၁)ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ (၁၉၄၃) ခု မတ်လ (၂၁)ရက်နေ့တွင် မန္တလေးမြို့ မနော်ယမံ စိန်ဂျွန်းကျောင်း၌ ဆရာတော် ဖါလီးယေးလက်တော်မှ ရဟန်းသိက္ခာခံယူပြီးနောက် ရှမ်းပြည်မြောက်ပိုင်း မိုးကုတ်မြို့နယ် ပန်ပေါက်ကျေးရွာတွင် ကချင်အမျိုးသားများအား တရားရေအေး တိုက်ကျွေးရင်း ကချင် ဘာသာစကား ကချင်လူမျိုးတို့၏ ဓလေ့ ထုံးစံ ရိုးရာ မနောအကကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သည်။ ပန်ပေါက်မှ တဆင့် ချင်းပြည်နယ် ထိုမှတဖန် မြစ်ငယ်၊ မြောက်ကိုင်း၊ ရွာတော်၊ မိတ္တီလာ၊ သာစည်၊ ရမည်းသင်း၊ မြင်းခြံ၊ ပခုက္ကူ၊ ချမ်းသာရွာ စသောဒေသများမှ ဘာသာဝင်များကို ကြည့်ရှုခဲ့သည်။ (၁၉၅၄) ခု (၁၉၅၆) အထိ ရွာတော် ဘာသာဝင်များကို ကြည့်ရှုရသည်။ စစ်ပြီးစက ရဟန်းဖြစ်သင် ကျောင်းသားများအတွက် ဆောက်လုပ်ခဲ့သော ကျောင်းဆောင်သည် ချပုန်းများ တက်နေသဖြင့် ဖျက်ပြီး လက်ရှိ ကလေးများ ဘုရားစကားသင်ရန်နှင့် စာသင်ရန်အတွက် နောက်ဘက်တိုး၍ ပြန်လည် တည်ဆောက်ခဲ့သည်။ နှစ်စဉ် ကျင်းပမြဲဖြစ်သော ဘုရားကျောင်းပွဲတော်နှင့် ရဟန်း ဘုန်းတော်ကြီးများ၏ ပွဲတော်နေ့များတွင် ရွာသူရွာသားများ ကပြအသုံးတော်ခံရန် ဇာတ်ခုံကြီးကို ကျောင်းရှေ့ ကွင်းပြင်တွင် ဆောက်လုပ်ထားခဲ့သည်။ ဘုရားရှိခိုးကျောင်း မီးပူဇော်ရန်အတွက် အင်ဂျင်မီးစက်ကို ငွေကျပ်သုံးသောင်းဖြင့် ၀ယ်ယူပြီး ခေါင်းလောင်းစင်ထိပ်ထိ မီးသီး မီးချောင်းများတပ်ဆင်ကာ ညစင် ညတိုင်း မီးထွန်းနိုင်ခဲ့သည်။ ညစဉ် မီးထွန်းသဖြင့် ခိုးသား ဓပြရန်မှလည်း ကင်းဝေးသည်။ (၁၉၆၇) ခုနှစ်မှ (၁၉၇၀) ခုအထိ ချမ်းသာရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်နှင့် ချမ်းသာရွာ ဘာသာဝင်များကို ကြည့်ရှုရသည်။ (၁၉၆၈) ခုတွင် ရဟန်းဝါတော် (၂၅)နှစ်မြောက် ငွေရတုသဘင်ပွဲကို ချမ်းသာရွာ၌ ခမ်းနားစွာ ကျင်းပခဲ့သည်။

    ဖါသာရ် ယူးစတေ့သည် (၁၉၇၁) မှ (၁၉၈၄) အထိ ချောင်းဦး ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ်နှင့်နဘက် မုံရွာဘာသာဝင်များကိုပါ ကြည့်ရှုရသည်။ မုံရွာ ဘုရားကျောင်း ပြုပြင်ခဲ့သည်။ ဘုန်းကြီးနေကျောင်း အဖီ ချခဲ့သည်။ ဘုန်းတော်ကြီးသည် (၁၉၈၂) ခုနှစ်မှစ၍ ကျမ်းမာရေး တစတစ ချွတ်ယွင်းလာခဲ့သည်။ သို့သော်လည်း မိမိ တာဝန်ဝတ္တရားများကို ကြေပွန်စွာ ထမ်းဆောင်ခဲ့သည်။ ဂိုဏ်းချုပ် ဆရာတော် အေဦးသန်းအောင်က မန္တလေးသို့ လာရောက် ဆေးကုရန် အကြိမ်ကြိမ် ဖိတ်ခေါ်သော်လည်း ငြင်းဆန်ခဲ့သည်။

ဖါသာရ် ယူးစတေစ်သည် (၁၉၈၄) ခု ဇူလိုင်လ (၁၁) ရက်နေ့ နံနက် (၆)နာရီတွင် ရောဂါ ပြင်းထန်စွာ ခံစားရသည်။ ထိုနေ့တွင် ချောင်းရိုးရွာမှ ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ်ဇေးဗီးယားသည် မမျှော်လင့်ဘဲ ရောက်ရှိလာပြီး အသဲအသန်ဖြစ်နေသော ဘုန်းတော်ကြီးကို နောက်ဆုံး စက္ကမင်တူးများ ပေးသည်။ နံနက် (၈)နာရီ (၄၅)မိီနစ်တွင် ပျံတော်မူသည်။ ထိုနေ့ ည(၇)နာရီတွင် မန္တလေးသာသနာ ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင်၊ ဖါသာရ်ဖီးလစ်နှင့် ကိုရင် (၃)ပါးရောက်ရှိလာကြသည်။ နောက်ရက်တွင် လားရှိုးမှ မွန်ဆီညော်ဂျော့စလင်း၊ ကက်သလစ် ဘုန်းတော်ကြီး (၁၂)ပါး၊ သီလရှင် (၁၆)ပါးနှင့် မန္တလေး၊ မုံရွာ၊ နဘက်၊ ရွှေဘို၊ မုံလှ၊ ချောင်းရိုးမှ ဘာသာဝင်များလည်း အချိန်မီ ရောက်လာကြသည်။

    (၁၃.ရ.၈၄)နေ့ ညနေသုံးနာရီတွင် ဂိုဏ်းချုပ်ဆရာတော် အာလ်ဖုန်းစ် ဦးသန်းအောင် ဦးဆောင်ကာ မွန်ဆီညော် ဂျော့စလင်းနှင့် ရဟန်းဘုန်းကြီး (၁၂)ပါးခြံရံ၍ အတူတကွ မစ္ဆားပူဇော်ကြသည်။ မုံရွာသာသနာ့ အကျိုးဆောင်အဖွဲ့မှ ဦးဆောင်၍ မုံရွာဘာသာဝင်များက လွမ်းသူ့ပန်းခွေများနှင့် ရွှေထီး (၄)လက်ဖြင့် မွမ်းမံထားသော ပန်းရထားပေါ်သို့ ရုပ်ကလပ်တော်ကို တင်၍ ပန်းရထားကို သီလရှင်များက ပန်းကြိုးဖြင့် ဆွဲ၍ သင်္ချိုင်းသို့ ပို့ဆောင်သည်။ ချောင်းဦးမြို့နယ် ပါတီကောင်စီအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဒေသခံ ဗုဒ္ဓဘာသာဝင်များ အားလုံး စုစုပေါင်း လူ(၂၀၀၀)ခန့် လိုက်ပါ ပို့ဆောင်ကြသည်။

ဖါသာရ် ဖီးလစ်ဦးလင်း (၁၉၁၃-၁၉၉၂)
(Fr.Felix U Lin)
    ဖါသာရ် ဖီးလစ် ဦးလင်းသည် (၁၉၁၃) ခု နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးဘိုးဇွင် ဒေါ်အန်နားတို့ဖြစ်သည်။ ဖါသာရ် ဖီးလစ် မောင်နှမ အရင်းအချာများမှာ ဆရာတော် ဂျိုးဇက်ဦးဝင်း၊ ဒေါ်မေ၊ ဒေါ်ငွေ၊ ဖါသာရ် အန်ထော်နီ ဦးကျော်မင်းနှင့် ဒေါ်ကြွေတို့ဖြစ်သည်။
သတ္တမတန်းအောင်သည် အထိ ချမ်းသာရွာ အလယ်တန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ (၁၉၂၉)တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်းဝင်သည်။(၁၉၃၃) ခုတွင် ပီနန်ကောလိပ်သို့ သွားရောက် ပညာသင်ကြားခဲ့သည်။ (၁၉၄၉) ခု နိုဝင်ဘာလတွင် မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိလာသည်။ (၁၉၄၆)ခု နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ချမ်းသာရွာ ဘုရားရှိခိုးကျောင်း၌ ဖါသာရ် ဂျက္ကဆင် ဦးကျော်ဇံ၊ ဖါသာရ် ဆေဗတ်စတီယန်၊ ဖါသာရ် ဆီရီလူး ဦးချစ်မောင်တို့နှင့်အတူ ရဟန်းသိက္ခာ တင်ပြီး ရွာတော်တွင် တာဝန်ထမ်းခဲ့သည်။ (၁၉၄၈) ခု ဖေဖေါ်ဝါရီလမှ (၁၉၄၉)ခုဇန္န၀ါရီလ အထိ ရွာတော်ဘာသာဝင်များကို ကြည့်ရှုရသည်။ ရွာတော်ရွာတွင် လူဦးရေများပြားလာပြီး အိမ်ပူး အိမ်ကပ်များလည်း တိုးပွားလာသဖြင့် ရွာနှင့် ဘုရားကျောင်းကြားရှိ လယ်မြေများကို ချီပါရွာ ဦးသက်ပြန် ထံမှ ၀ယ်ယူပြီး ရွာသားများကို နေရာ ချထားပေးသည်။ ရွာနှင့် ဘုရားကျောင်း တဆက်တည်း ဖြစ်သွားသည်။ ဂျပန်ခေတ်က (၃)နှစ် (၃)မိုး စွန့်ပစ်ထားခဲ့သော နွားရိုးများကို ရောင်းချပြီး ရရှိသောငွေများဖြင့် ဘုရားကျောင်းအတွင်း ထိုင်ခုံများ ပြုလုပ်ခဲ့သည်။

    (၁၉၄၉) ခုနှစ်တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်းသို့ ပြောင်းရွှေ့၍ စာချ ပုဂ္ဂိုလ်အဖြစ် အမှုထမ်းရသည်။ (၁၉၄၇) ခုနှစ်မှစ၍ ရဟန်းဖြစ်သင် ကျောင်းသားများအား စာပေ ပို့ချသင်ကြားခဲ့ရသည်။ (၁၉၅၈) ခုတွင် ဥရောပနိုင်ငံများဖြစ်သော အီတလီ၊ ပြင်သစ်နိုင်ငံများသို့ လေ့လာရေး ခရီး သွားရောက်ခဲ့သည်။ (၁၉၆၆) ခုနှစ်မှ စ၍ (၁၉၇၁)ခုနှစ် အထိ မေမြို့ ရဟန်းဖြစ်သင်ကျောင်းအုပ် အဖြစ် အမှုထမ်းခဲ့သည်။ မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် (၂၂)နှစ်တိုင် စာပေ သင်ကြားပို့ချခဲ့သည်။ မိမိ တပြည့်များထဲမှ ဘုန်းကြီး (၃၃)ပါး ဆရာတော် (၃)ပါးဖြစ်သည်။ (၁၉၇၁)ခုနှစ်တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ကျောင်းအုပ်အဖြစ်မှ အနားယူ၍ မုံလှရွာတွင် ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် တာဝန်ထမ်းရသည်။ မုံလှရွာ၌ မိမိ ရဟန်းဝါတော် (၂၅)နှစ်မြောက် ငွေရတုသဘင်ပွဲ ကျင်းပခဲ့သည်။ (၁၉၈၃) ခု ဇန္န၀ါရီလ (၄) ရက်နေ့တွင် မန္တလေးသို့ ပြောင်းရွှေ့၍ မန္တလေးမှာပင် အနားယူတော့သည်။ (၁၉၈၅) ခု ဇူလိုင်လ (၁၇) ရက်နေ့တွင် ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး၏ ၀တ်ပြု ကိုးကွယ်ခြင်းဆိုင်ရာ ရဟန်းမင်းကြီး၏ ကိုယ်ရံတော်ဘွဲ့ ချီးမြှင့်ခြင်း ခံရသည်။ (၁၉၈၆) ခု မေလ (၁၅)ရက်နေ့တွင် မန္တလေး ရွှေနှလုံးတော်ဘုရားကျောင်း၌ ၀တ်ပြု ကိုးကွယ်ခြင်းဆိုင်ရာ ရဟန်းမင်းကြီး၏ ကိုယ်ရံတော် ဘွဲ့ရရှိသော အခမ်းအနား ကျင်းပသည်။ (၁၉၉၂) ခု ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် မန္တလေး သံဝင်းရပ် စိန်မိုင်ကယ်ကျောင်း၌ ပျံတော်မူသည်။ ဖါသာရ် ဖီးလစ်ဦးလင်း၏ ရုပ်ကလပ်ကို သံဝင်းကျောင်းမှ ပြင်ဦးလွင်သို့ သယ်ဆောင်ပြီး၊ ရဟန်းဖြစ်သင်ကျောင်းဝင်း အတွင်း ဂူသွင်း သဂြိုလ်သည်။
ဖါသာရ် ဆီရီလူးစ် ဦးချစ်မောင် (၁၉၁၉-၁၉၄၇)
(Fr. Cyril U Chit Maung)
    ဖါသာရ် ဆီရီလူးစ် ဦးချစ်မောင်သည် (၁၉၁၉) ခု ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးပေတလူးနှင့် ဒေါ်လှမယ်တို့ ဖြစ်သည်။ (၁၉၃၃)ခု ဖေဖေါ်ဝါရီလ (၂)ရက်နေ့တွင် မေမြို့ရဟန်းဖြစ်သင် ကျောင်းဝင်သည်။ (၁၉၄၆)ခု နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ချမ်းသာရွာ၌ ဆရာတော် ဖါးလီးယေးလက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၉၄၇) ခုနှစ် သြဂုတ်လ (၁၉)ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ် သရက်ခုံရွာတွင် ပျံတော်မူသည်။

ဖါသာရ် ဂျက္ကဆန် ဦးကျော်ဇံ
(Fr. Jackson U Kyaw Zan)
    ဖါသာရ် ဂျက္ကဆန် ဦးကျော်ဇံသည် (၁၉၁၆)ခု ဇွန်လ (၂၅)ရက်နေ့တွင် ပျဉ်းမနား၌ မွေးဖွားခဲ့သည်။ မိဖများမှာ မစ္စတာဖရန့်ဂျက္ကဆန်နှင့် ဒေါ်နွယ်တို့ ဖြစ်သည်။ (၁၉၃၄) ခု မေလ (၈)ရက်နေ့တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ထိုမှတဆင့် ပီနန်ရဟန်း ဖြစ်သင်တက္ကသိုလ်သို့ သွားရောက် ပညာသင်ကြားခဲ့သည်။ (၁၉၄၆) ခု နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ချမ်းသာရွာ၌ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ရဟန်းသိက္ခာခံယူပြီးနောက် ချင်းပြည်နယ် တွန်းဇံတွင်၎င်း၊ တာဟန်းတွင်၎င်း၊ သာသနာအမှုတော်ကို ထမ်းဆောင်ခဲ့သည်။ (၁၉၅၃) ခု ဇန္န၀ါရီလမှ(၁၉၅၄) ခု ဇန္န၀ါရီလအထိ ရွာတော် ဘာသာဝင်များကို ကြည့်ရှုခဲ့သည်။ ထိုနောက် မန္တလေး ကာသီဒရယ်ကျောင်းတွင်၎င်း၊ မေမြို့ ရဟန်းဖြစ်ကျောင်းတွင်၎င်း၊ သာသနာအမှုတော်ကို ထမ်းဆောင်ခဲ့သည်။ ရွာတော် ဘာသာဝင်များကို ကြည့်ရှုရစဉ် လူမျိုးဘာသာ မခွဲခြားဘဲ လူအများကို ဆေးကုသပေးသည်။ ရွာသူရွာသားများ သောက်သုံးရန်အတွက် ရွာ၏ တောင်ဘက်တွင် ပြည်တော်သာ ရေကန်ကို တူးဖေါ် အောင်မြင်ခဲ့သည်။

ဖါသာရ် ဆေဗတ် စတီယန် (၁၉၁၇-၁၉၇၆)
(Fr. Sebastian)
    ဖါသာရ် ဆေဗတ်စတီယန်သည် အိန္ဒိယတောင်ပိုင်း ကေရာလာ (Kerala) တွင် (၁၉၁၇)ခု သြဂုတ်လ (၁၆) ရက်နေ့တွင် မွေးဖွားခဲ့သည်။ (၁၉၃၄) ခုတွင် (၁၀)တန်းအောင်ပြီးနောက် နိုင်ငံခြား သာသနာပြုလုပ်ငန်း ဆောင်ရွက်လို၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး၊ (၁၉၃၅)ခုတွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်ခဲ့သည်။ (၁၉၃၈) ခုတွင် ပီနန် ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ (၁၉၄၆)ခုနှစ်တွင် မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိလာပြီး ထိုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ရွှေဘိုခရိုင် ရေဦးမြို့နယ် ချမ်းသာရွာတွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာ ခံယူပြီးနောက် ဖါသာရ် ဆေဗတ်စတီယန်အား စိန်ဇေးဗီးယား ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် တာဝန်ပေးသော်လည်း ချက်ချင်း လက်မခံသေးဘဲ မိဘ ဆွေမျိုးများနှင့် တွေ့ရန် (၃)လ ခွင့်ရသဖြင့် အိန္ဒိယပြည်တောင်ပိုင်းရှိ ဆွေမျိုးများထံ အလည်အပတ် သွားရောက်ခဲ့သည်။ (၁၉၄၇)ခု ဖေဖေါ်ဝါရီလရောက်မှ စိန်ဇေးဗီးယား ကျောင်းထိုင် ဘုန်းကြီးတာဝန်ကို စတင် ဆောင်ရွက်သည်။ များမကြာမီ ဆရာမ ဒေါ်ညွန့်ခင်၊ မစ္စမေရီဒါတ်စ်နှင့် ဦးဒိုရေရရှ်တို့၏ အကူအညီဖြင့် မူလတန်း စာသင်ကျောင်း ပြန်ဖွင့်ခဲ့သည်။

    (၁၉၄၇) ခုနှစ်တွင် ဒုတိယကမ္ဘာစစ် ပြီးဆုံး၍ မြန်မာနိုင်ငံက ထွက်ခွာကြမည့်ဗြိတိသျှ ဘုရင်လေတပ်မတော်သားများထံ မှ အလှူငွေများ လက်ခံရရှိသည့်အတွက် ၄င်းငွေများကို မတည်၍ စိန်ဇေးဗီးယားဘုရားကျောင်း အသစ်ကို လက်ရှိနေရာ စိတ္တရမဟီရပ်တွင် စတင် တည်ဆောက်ခဲ့သည်။ ဗြိတိသျှဘုရင် လေတပ်မတော်သားများအား ကျေးဇူးတင်ကြောင်းကို ကျောက်ပြားတွင် ကမ္ပည်းထိုးကာ ဘုရားကျောင်းအတွင်း နံရံတွင် ကပ်ထားပါသည်။ ဘုရားကျောင်း အသစ်ကို (၁၉၄၉)ခု မေလ အစောပိုင်းတွင် ပန္နက်ရိုက် အုတ်မြစ်ချပြီး (၁၉၅၀) အောက်တိုဘာလတွင် ပြီးစီးပါသည်။ (၁၉၅၀)ခု ဒီဇင်ဘာလ (၃)ရက် စိန်ဖရန်စစ်ဇေးဗီးယားပွဲနေ့တွင် ဘုရားကျောင်းသစ် ကောင်းကြီးပေးခြင်း၊နှင့် ခရစ္စမားပေးခြင်းများ အပြိုင်တည်း ကျင်းပခဲ့သည်။ ဤဘုရားကျောင်းသစ်ကို မန္တလေးမြို့ ၈၂-လမ်းရှိ ရွှေနှလုံးတော်ဘုရားကျောင်း တည်ဆောက်ပေးသူ အင်ဂျင်နီယာ မစ္စတာအာရ်ဒီရတ်နမ်းက တာဝန်ယူတည်ဆောက်ခဲ့သည်။

    ဖါသာရ် ဆေဗတ်စတီယန်သည် (၁၉၅၁) ခုနှစ်တွင် စိန်ဇေးဗီးယား မူလတန်းကျောင်းကို အလယ်တန်းကျောင်း အဖြစ်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ မာရီယား တမန်တော်အသင်းကို (၂၃.၉.၁၉၅၉) နေ့တွင် စတင်ဖွဲ့ခဲ့သည်။ (၁၉၅၄) ခုတွင် အဆောက်အဦး (၂) ခု ဆောက်လုပ်၍ စိန်ဇေးဗီးယား အလယ်တန်းကျောင်းကို အထက်တန်းကျောင်း အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ (၁၉၅၅) ခုတွင် သီလရှင်များနှင့် မိဖမဲ့ ကလေးများအတွက် (၂)ထပ် အဆောက်အဦးတစ်ခု ဆောက်လုပ်ခဲ့သည်။ (၁၉၅၆) ခုနှစ်တွင် ကက်သလစ်ကျောင်းသားများအတွက် ကလပ်တခု ဆောက်လုပ်ခဲ့သည်။ (၁၉၅၈)ခုနှစ်တွင် ဖါတီမာမယ်တော် ကျောင်းဆောင်ကို တည်ဆောက်ခဲ့သည်။ (၁၉၆၀) ပြည့်နှစ်တွင် လက်ရှိ ဘုရားရှိခိုးကျောင်းကို လက် (၂) ဘက် တိုးချဲ့၍ ပြန်လည် မွမ်းမံ တည်ဆောက်ခဲ့သည်။ (၁၉၆၅) ခုတွင် စာသင်ကျောင်းများ ပြည်သူပိုင်သိမ်းသဖြင့် ဖါသာရ်ဆေဗတ်စတီးယန်၏ စိန်ဇေးဗီးယား အထက်တန်းကျောင်း ပြည်သုပိုင် အသိမ်းခံရသည်။ ပြည်သူပိုင်သိမ်းပြီးနောက် ဘုရားကျောင်းနှင့် စာသင်ကျောင်းကို တံတိုင်း ကာရံ၍ ပိုင်းခြားလိုက်ရသည်။ မနော်ယမံ စိန်ဂျွန်းအနာကြီး ကုဆေးရုံကို ပြည်သူပိုင် သိမ်းလိုက်သောအခါ စိန်ဂျွန်းဘုရားကျောင်းမှ ခေါင်းလောင်းနှင့် သံစုံကြီးကို စိန်ဇေးဗီးယားဘုရားကျောင်း အတွက် ယူ၍ သုံးခဲ့သည်။

    ဖါသာရ် ဆေဗတ်စတီယန်သည် (၁၉၅၁)ခုနှစ်မှ စ၍ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ် ကောလိပ်အသီးသီးတွင် ပညာသင်ကြားနေကြသော ကက်သလစ် ကျောင်းသူကျောင်းသာများအသင်းကို ဖွဲ့စည်း၍ ဘာသာရေး၊ လူမှုဆက်ဆံရေးများတွင် အချင်းချင်း ရင်းနှီးမှုရရှိကြပြီး၊ စည်းလုံးညီညွှတ်စေရန် တစ်လတကြိမ် တနင်္ဂနွေနေ့တွင် စုပေါင်း ဆွေးနွေးပွဲများ ပြုလုပ် ဆောင်ရွက်ခဲ့သည်။ တနင်္ဂနွေနေ့မှအပ နေ့စဉ် ပြည်သူ့ဆေးရုံကြီးသို့သွား၍ လူနာများကို ကြည့်ရှုကာ လိုအပ်သည့် အကူအညီများပေးသည်။ အကျဉ်းထောင်ကိုလည်း တလတကြိမ် သွားရောက်၍ ဘာသာဝင် အကျဉ်းသားတို့အတွက် မစ္ဆားပူဇော်ခြင်း၊ အာပတ်ဖြေ နားထောင်ခြင်း၊ ကိုယ်တော်မြတ်ပေးခြင်းများ အပြင် ထိုသူတို့၏ အခက်အခဲများကိုလည်း ကူညီ ဆောင်ရွက်ပေးသည်။ နန်းတွင်းနှင့် အပြင် စစ်တပ်များသို့လည်း သွားရောက်၍ ဘာသာဝင် စစ်သားများအား ဘာသာဝတ္တရား ကြေပွန်အောင် ဟောပြော နှိုးဆော်ပေးသည်။ ဖါသာရ် ဆေဗတ်စတီးယန်၏ ရဟန်းဝါတော် (၂၅)နှစ်မြောက် ဂျူဗလီပွဲကို (၁၉၇၁)ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

    ဖါသာရ် ဆေဗတ်စတီယန်သည် (၁၉၇၁) ခုနှစ်မှစ၍ ကျန်းမာရေး ချွတ်ယွင်းလာသဖြင့် မန္တလေး ဆေးရုံကြီးရှိ သမားတော်ကြီးများအား ပြသရာ အသဲနှင့်ကျောက်ကပ်ပါ ရောဂါစွဲကပ်သည့် အပြင် ဆီးချိုရောဂါလည်း စွဲကပ်ရာ သွေး၌ပင် အချိုဓါတ်ဝင်ရောက်နေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ သွားရောက် ကုသရန် ညွှန်ကြားသဖြင့် ရန်ကုန်သို့ သွားရောက်ကုသသည်။ ရန်ကုန်ဆေးရုံကြီးတွင် တလခန့် ကုသရာ ရောဂါမှာ ပျောက်ကင်းနိုင်ရန် အခြေအနေမရှိ နေသာထိုင်သာ သက်သာရုံသာ ကုသပေးနိုင်သဖြင့် မည်သည့်အစာကိုသာ စားရမည်။ မည်သည့်အစာကို ရှောင်ရမည်၊ သွားလာရာ၌လည်း စက်ဘီး မစီးရ၊ လမ်းရှောက် မသွားနိုင်သော ခရီးကို ကားဖြင့် သွားရမည်ဟု ညွှန်ကြားလိုက်သည်။ သို့သော် အခါခပ်သိမ်းကား မရနိုင်သဖြင့် ဆိုက်ကားဖြင့် သွားရသည်က များသည်။ ဆင်းရဲနွမ်းပါးသူထဲမှ နာရေးကိစ္စ ပေါ်ပေါက်ပါက သင်္ဂြိုလ်စရိတ် အထောက်အပံ့ရရန် ရည်ရွယ်၍ (၁၉၇၆) ခု မတ်လ (ရ)ရက်နေ့တွင် စိန်ဇေးဗီးယား နာရေးအသင်းကို ဖွဲ့စည်းခဲ့သည်။

    ဖါသာရ် ဆေဗတ်စတီယန်သည် ရောဂါဖိစီးမှု ဒဏ်ခံရသော်လည်း ဘာသာရေးလုပ်ငန်းများကို ကြိုးစား ဆောင်ရွက်ခဲ့သည်။ (၁၉၇၆) ခုနှစ် သြဂုတ်လ(၂၆) ရက်နေ့တွင် ရောဂါ ပြင်းထန်လာပြီး စက်တင်ဘာလ (၂၃)ရက်နေ့တွင် အိပ်ရာထဲလဲတော့သည်။ ဝေဒနာ ပြင်းထန်သဖြင့် မအိပ်နိုင် မနေနိုင် ခံစားရသည်။ အောက်တိုဘာလ (၁၅)ရက်နေ့မှ စ၍ ရောဂါအခြေအနေ တနေ့ထက် တနေ့ ပိုမို ဆိုးရွားလာခဲ့သည်။ ဆရာဝန်သမားတော်ကြီးများ အစွမ်းကုန် ကြိုးစားကုသသော်လည်း (၁၉၇၆) ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့ ည (၁၂) နာရီအချိန်တွင် ပျံလွန်တော်မူသည်။ ဖါသာရ် ဆေဗတ်စတီယန်၏ ရုပ်ကလပ်ကို စိန်ဇေးဗီးယားဘုရားကျောင်း အတွင်း ပြင်ဆင်ထား၍ ကျောင်းသူကျောင်းသားများ မိတ်ဆွေ သင်္ဂဟ ရဟန်း ကိုရင် သီလရှင်များ ဘာသာဝင်များ လာရောက် ဂါရ၀ ပြုကြသည်။ ကျောင်းသားဟောင်းများက ဈာပနကော်မတီဖွဲ့၍ စီစဉ် ဆောင်ရွက်ကြသည်။ ဖါသာရ် ဆေဗတ်စတီယန်၏ ရုပ်ကလပ်ကို သင်္ချိဲုင်းသို့ ပို့ဆောင်သင်္ဂြိုလ်ရန်အတွက် သာသနာမှ ကားကြီး အစီး(၂၀)နှင့် အုတ်ဂူ၊ တမီးလ်ဘာသာဝင်များက အလောင်းထည့်ရန်ခေါင်း၊ အမှတ်(၁၂) အထက ကျောင်းအုပ် ဒေါ်တင်တင်ခင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများက ယပ်တောင် (၁၅၀၀)နှင့် လွမ်းသူ့ပန်းခွေ၊ မစ္စတာဆိုက်ပယ်က ဘုန်းတော်ကြီး၏ ဓါတ်ပုံနှင့် အထိမ်းအမှတ်ကဒ်ပြား (၁၀၀၀)စသည်ဖြင့် အသီးသီး တာဝန်ယူကြ၍ ကျန်လိုအပ်ချက်များကို ကျောင်းသာဟောင်းများက တာဝန်ယူသည်။

    (၆.၁၁.ရ၆) နေ့ ညနေ (၂)နာရီအချိန်တွင် စိန်ဇေးဗီးယားဘုရားကျောင်း၌ ဂိုဏ်းချုပ်ဆရာတော် အေဦးဘခင်၊ ဆရာတော် အေဦးသန်းအောင်၊ ဆရာတော် ဂျော့စလင်တို့ဦးဆောင်၍ ဘုန်းတော်ကြီး (၁၅)ပါး ခြံရံကာ ဈာပနမစ္ဆားပုဇော်ပွဲ အခန်းအနား ကျင်းပပါသည်။ မစ္ဆားပူဇော်ပွဲအပြီးတွင် အထူး ပြင်ဆင်ထားသော ရွှေထီး လေးလက်မိုးထားသည့် ဈာပနယာဉ်ပေါ်တွင် ဖါသာရ် ဆေဗတ်စတီယန်၏ ရုပ်ကလပ်ကို တင်ဆောင်ပြီး ကျောင်းသား(၁၀၀) ကျောင်းသူ (၁၀၀)တို့က ရှေ့ကတဘက်စီ တန်း၍ အေလမ်း သင်္ချိုင်းသို့ ဆွဲယူ ပို့ဆောင်ကြသည်။ ဈာပနအခန်းအနားတွင် သာသနာမှ ကားကြီး အစီး(၂၀) ကျောင်းသာဟောင်းများမှ ကားကြီး (၆)စီး ကိုယ်ပိုင်ယာဉ် အစီး(၃၀) လူပေါင်း (၃၀၀၀)ခန့်လိုက်ပါ ပို့ဆောင်ကြသည်။

    ဖါသာရ် ဆေဗတ်စတီယန် ဆန္ဒကို ရည်စူး၍ နေပူ မိုးရွာ ခေတ္တနားခိုရန် စိန်ဇေးဗီးယားကျောင်းအတွင်း ဆေဗတ်စတီယန်ဟော အမည်ဖြင့် အဆောင်တခုကို ယ္ခုရာပြည့်ခန်းမနေရာတွင် ကျောင်းသားဟောင်းများက ဆောက်လုပ် လှူဒါန်းခဲ့သည်။ ရာပြည့်ခန်းမ ဆောက်လုပ်သောအခါ ယင်းအဆောင်ကို ဘုရားကျောင်း၏ အရှေ့မြောက်သို့ရွှေ့သည်။ နောက် ဆေးပေးခန်း ဆောက်လုပ်သောအခါ ယင်းအဆောင်ကို ဘုရားကျောင်း မြောက်ဘက်သို့ ရွှေ့ပြောင်းထားရာ ယနေ့တိုင် တွေ့နိုင်ပါသည်။

ဆက်ရန် -
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၃)

Read More...

Monday, October 21, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၁)


ဖါသာရ်ပေါလ်-ဦးကျော် (၁၉၀၇-၁၉၉၃)
(Fr. Paul U Kyaw)
    ဖါသာရ်ပေါလ် ဦးကျော်သည် (၁၉၀၇) ဇူလိုင်လ (၂၈)ရက်နေ့တွင် ချောင်းရိုးရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးဘိုးကျော် ဒေါ်ရွှေပင်တို့ဖြစ်သည်။ (၁၉၂၁)တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ထိုမှတဆင့် ပီနန် ရဟန်းဖြစ်တက္ကသိုလ်တွင် ဆက်လက် သင်ကြားပြီး(၁၉၃၃)ခု နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၉၃၆)ခု မတ်လမှ (၁၉၃၉)ခု ဇန္န၀ါရီလအထိ ရွာတော် ဘာသာဝင်များကို ကြည့်ရှုရသည်။ ဖါသာရ် အာလက်ဆီနှင့် ဖါသာရ် လောရင်းတို့ တည်ဆောက်ခဲ့သော ရွာတော် ဘုရားရှိခိုးကျောင်း သာဓုခေါ်ပွဲ ကျင်းပသည်။ (၁၉၃၉)မှ(၁၉၄၁) အထိ နဘက် ဘာသာဝင်များကို၎င်း၊ (၁၉၄၀) မှ (၁၉၅၁) အထိ ချောင်းဦး၊ မုံရွာ၊ ဘာသာဝင်များကို၎င်း ကြည့်ရှုခဲ့သည်။ ဒုတိယကမ္ဘာစစ် ဗုံးဒဏ်ကြောင့် ပျက်စီးသွားသော ဖါသာရ်ရေမန်းဒက် တည်ဆောက်ခဲ့သည့် မုံရွာ ဘုရားရှိခိုးကျောင်းနှင့် ဘုန်းကြီးနေကျောင်းကို ပြန်လည် တည်ဆောက်ခဲ့သည်။ ပျက်စီးသွားသော ဘုရားကျောင်း အုတ်ခုံပေါ်တွင် နံကပ်ဘုရားကျောင်း ပြန်လည် တည်ဆောက်ခဲ့သည်။ (၁၉၄၉) မှ (၁၉၅၃)အထိ နဘက်ဘာသာဝင်များကို ဒုတိယအကြိမ် ကြည့်ရှု ရသည်။

(၁၉၅၄)ခု မှ (၁၉၅၉)အထိ မြင်းခြံ ဘာသာဝင်များကို ကြည့်ရှုရသည်။ (၁၉၅၈)တွင် မြင်းခြံ၌ ငွေဂျူဗလီ ကျင်းပခဲ့သည်။ (၁၉၅၉) မှ (၁၉၆၀) အထိ ချမ်းသာရွာ ဘာသာဝင်များကို ကြည့်ရှုရသည်။ (၁၉၆၁) ဖေဖေါ်ဝါရီလ မှ ဒီဇင်ဘာလအထိ ရွာတော် ဘာသာဝင်များကို ဒုတိယအကြိမ် ကြည့်ရှုရသည်။ ထိုနောက် (၁၉၆၆) ဒီဇင်ဘာလမှ (၁၉၆၇) မတ်လအထိ ရွာတော် ဘာသာဝင်များကို တတိယအကြိမ် ကြည့်ရှုရသည်။ ထိုနောက်တွင် ဇော်ဂျီ ဘာသာဝင်များကို ကြည့်ရှုပြီး အနားယူရင်း (၁၉၈၂)ခု၌ ကလေးမြို့တွင် ရွှေဂျူဗလီ ခံခဲ့သည်။ (၁၉၂၂) ခုနှစ် ဇန္န၀ါရီလ (၂၆) ရက်နေ့တွင် ချောင်းဦးမြို့၌ စိန်ဂျူဗလီ ကျင်းပခဲ့သည်။ စိန်ဂျူဗလီ အခန်းအနားသို့ မန္တလေး ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင်နှင့် ဘုန်းတော်ကြီး (၂၅) ပါး တက်ရောက်ကြသည်။ နံနက် (၁၁)နာရီတွင် ပွဲတော် အခန်းအနား ကျင်းပပြီး နေ့လည် (၂)နာရီတွင် နှုတ်ဆက်ပွဲ ကျင်းပသည်။ (၁၉၃၃) မတ်လ (၉)ရက်နေ့တွင် ချောင်းဦး၌ ပျံတော်မူသည်။

ဖါသာရ် ဂါဗြီအဲလ် ဦးဖိုးဝင်း
(Fr.Gabriel U Po Win)
    ဖါသာရ် ဂါဗြီအဲလ် ဦးဖိုးဝင်းသည် နဘက်ရွာတွင် မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးကာလူးနှင့် ဒေါ်မေယုတို့ ဖြစ်သည်။ (၁၉၂၀) ခုနှစ်တွင် မေမြို့ စိန်အာလောရှက် ဆေမီနာရီ ကျောင်းဝင်ရောက်ခဲ့သည်။ (၁၉၃၃) ခု နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ရဟန်း သိက္ခာခံသည်။ (၁၉၄၀) ပြည့်နှစ်တွင် ပျံလွန်တော်မူသည်။

ဖါသာရ် အန်ထော်နီ်-ဦးကျော်မင်း (၁၉၁၁-၁၉၇၈)
(Fr.Anthony U Kyaw Min)
    ဖါသာရ် အန်ထော်နီ ဦးကျော်မင်းသည် (၁၉၁၁) ခု ဇန္န၀ါရီလ (၂၄)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးဘိုးဇွင်-ဒေါ်အန်နားတို့ ဖြစ်သည်။ ဆရာတော် ဂျိုးဇက်ဦးဝင်း၏ ညီအရင်း ဖြစ်သည်။ ချမ်းသာရွာ အာစီအမ်ကျောင်းမှ သတ္တမတန်း အောင်သည်။ (၁၉၂၃) ခုနှစ်တွင် ရဟန်းဖြစ်သင်ကျောင်းဝင်သည်။ (၁၉၃၅) ခု ဧပြီလ (၂၄)ရက်နေ့တွင် ချမ်းသာရွာ၌ ရဟန်း သိက္ခာ ခံယူပြီးနောက် ချင်းပြည်နယ် ကန်ပက်လက်တွင် သာသနာအမှုတော်ကို ထမ်းရွက်ရသည်။ ၄င်းနောက် ဇော်ဂျီ မြောက်ကိုင်းရွာများ၌ သာသနာအမှုတော်ကို ထမ်းရွက်သည်။ (၁၉၅၁)ခုနှစ်တွင် ရွှေဘိုမြို့ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် အမှုထမ်းရသည်။ ကန့်ဘလူ၊ ကော်လင်း၊ ချပ်သင်း၊ ကိုးတောင်ဘို့၊ မေဂွန်၊ တဲကြီး၊ ဟံလင်းကြီး၊ ၀က်လက် စသည့်ဒေသများ၌ နေထိုင်ကြသော ဘာသာဝင်များကို ကြည့်ရှုရသည်။ ရွှေဘိုမြို့တွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ သာသနာကျောင်း ဖွင့်ခဲ့သည်။ ဖါတီမာ မယ်တော်၏ ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ခဲ့သည်။ မေဂွန်ရွာတွင် ဘုရားကျောင်း ဆောက်ခဲ့သည်။ ဘာသာဝင်များ၏ ပြဿနာများကို အထက်အကြီးအကဲ အာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဖြေရှင်းပေးနိုင်ခဲ့သည်။ (၁၉၅၄) ဧပြီလတွင် အင်္ဂလန်၊ ပြင်သစ်၊ အီတလီနိုင်ငံများသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။ ရွှေဘိုမြို့တွင် သီလရှင်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးစားနေစဉ် (၁၉၅၉) ခုတွင် ချောင်းရိုးသို့ ပြောင်းရွှေ့ အမှုထမ်းရသည်။ (၁၉၆၀) ခုနှစ်တွင် ချောင်းရိုးရွာ၌ ရဟန်း ၀ါတော် (၂၅)နှစ်မြောက် ငွေရတုသဘင်ပွဲတော် ကျင်းပခဲ့သည်။ ချောင်းရိုး၊ ရေဦး၊ ညောင်ကိုးပင် ဘာသာဝင်များ ကြည့်ရှုရသည်။ (၁၉၆၇) ခုနှစ်တွင် မကွေးတိုင်း၊ ချောက်မြို့သို့ ပြောင်းရွှေ့ အမှုထမ်းရသည်။ ဘာသာရေး စာပေများ၊ ဘာသာပြန်လုပ်ငန်းများ အထူး ကြိုးစား လုပ်ဆောင်ခဲ့သည်။ လက်ထပ် ထိမ်းမြားခြင်းအကြောင်း သိကောင်းစရာ စာအုပ်၊ ရေးသားပြုစုခဲ့သည်။ (၁၉၇၈)ခု ဇန္န၀ါရီလ (၄)ရက်နေ့တွင် မန္တလေး၌ ပျံတော်မူသည်။

ဖါသာရ် ဟင်နရီ ဦးစံကြည်(     -၁၉၄၉)
(Fr.Henary U San Kyi)
ဖါသာရ် ဟင်နရီ ဦးစံကြည်သည် မုံလှရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးစီမုန်-ဒေါ်ရွှေရိုးတို့ ဖြစ်သည်။ (၁၉၂၆)တွင် ရဟန်း ဖြစ်သင်ကျောင်းဝင်သည်။ (၁၉၃၆) ခုတွင် ရဟန်းသိက္ခာ ခံယူသည်။ (၁၉၄၁) မှ (၁၉၄၉) အထိ နဘက်ဘာသာဝင်များကို ကြည့်ရှု ခဲ့သည်။ (၁၉၄၅) ခု မတ်လ (၂)ရက်နေ့ နံနက် (၃) နာရီတွင် နဘက်ကျောင်းကို ဂျပန်များ မီးရှို့ ဖျက်ဆီးကြသည်။ ဖါသာရ် ဟင်နရီသည်(၁၉၄၉)ခုနှစ်တွင် ပျံတော်မူသည်။

ဖါသာရ် မိုးဇယ် ဦးဘခင် (၁၉၀၇-၁၉၇၈)
(Fr. Moses U Ba Khin)
    ဖါသာရ်မိုးဇယ် ဦးဘခင်သည် ရွှေဘိုခရိုင် တန်ဆည်မြို့နယ် ချောင်းရိုးရွာတွင် အဖ ဦးသစ် အမိ ဒေါ်သာလိတို့မှ (၁၉၀၇) ဒီဇင်ဘာ (၂၀) ရက်နေ့တွင် မွေးဖွားခဲ့သည်။ အသက် (၁၃)နှစ်အထိ ချောင်းရိုးရွာ စာသင်ကျောင်းမှာ ပညာ သင်ကြားခဲ့သည်။ (၁၉၂၁) မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ (၃)နှစ် ပညာသင်ပြီး ကျန်းမာရေး မကောင်းသဖြင့် (၁၉၂၄)ခုနှစ်တွင် မိမိနေရပ် ချောင်းရိုးသို့ ပြန်လာရသည်။ ရွာ၌ နေစဉ် မိဖတို့လုပ်ကိုင်သော လယ်ယာလုပ်ငန်း၌ ကိုယ်တိုင် ထွန်ယက် လုပ်ကိုင်ပေး၍ ရသမျှ အချိန်ပိုများတွင် ကျောင်းထိုင်ဘုန်းကြီးအား အမြဲ ကူညီ လုပ်ကိုင်ပေးခြင်းဖြင့် အချိန်ကုန် လွန်ခဲ့သည်။ သူ၏ စိတ်တွင် အစဉ် ကိန်းအောင်းနေသည်မှာ ကျန်းမာလာလျှင် ရဟန်းဖြစ်သင်ကျောင်းကို ပြန်သွားမည်ဟူသော ရည်ရွယ်ချက်ပင် ဖြစ်သည်။ ထိုအချိန်က မန္တလေးသာသနာတွင် အုပ်ချုပ်လျှက်ရှိသော ဆရာတော်ကြီး ဖူးလ်ကီးယေးသည် သူ၏ စိတ်သဘောထားကို သိပြီးဖြစ်၍ ကျန်းမာရေးအခြေအနေကို ဆရာဝန်တစ်ဦးအား စစ်ဆေးစေရာ ဆက်လက် ပညာ သင်ကြားနိုင်လောက်အောင် ကျန်းမာရေး ကောင်းမွန် လာကြောင်း ထောက်ခံ စာပေးသဖြင့် (၁၉၂၇) ခုနှစ်တွင် ဒုတိယအကြိမ် မေမြို့ရဟန်းဖြစ်သင်ကျောင်းသို့ သွားရောက်၍ ပညာသင်ကြားသည်။ (၁၉၃၀) ပြည့်နှစ်တွင် ပီနန်ရဟန်းဖြစ်သင် တက္ကသိုလ်သို့ သွားရောက် ပညာသင်ကြားရာ (၆)နှစ် ကြာခဲ့သည်။ (၁၉၃၆) ခုနှစ်တွင် ကိုရင်အဖြစ်နှင့် ပြန်လာပြီး မန္တလေးသာသနာ ဘုန်းတော်ကြီးများ လက်အောက်တွင် တနှစ် စုံစမ်းခြင်းခံရသည်။ (၁၉၃၇) ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ဘုရားရှိခိုးကျောင်း၌ ဆရာတော် ဖါးလီးယေးက ရဟန်းသိက္ခာ တင်ပေးသည်။ ထိုနှစ်မှာပင် တောင်တွင်းကြီးမြို့နယ် မြေပြန့် ချင်းလူမျိုးတို့၏ နေရပ်ဖြစ်သော ချင်းညောင်ပင်သာ ပထမ သာသနာတည်ထောင်၍ သာသနာပြုလုပ်ငန်း စတင် ဆောင်ရွက်ရသည်။ တနှစ်အကြာတွင် ငှက်ဖျားရောဂါ ကပ်ရောက်၍ ရွှေဘိုနယ် ရွာတော်ရွာသို့ ပြောင်းရွှေ့ကာ ဘာသာဝင်များကို (၁၉၃၉) ခု ဇွန်လမှ (၁၉၄၀)ပြည့်နှစ် မေလအထိ ကြည့်ရှုခဲ့ရသည်။ ဖါသာရ်မိုးဇယ်သည် ရွာတော်သားများ အလွန်ဆင်းရဲသဖြင့် ယက်ကန်းစင်များ တည်ထောင်ပေးသည်။ ဖါသာရ်မိုးဇယ် ကိုယ်တိုင် အထည်များကို ဖေါက်သည် ရှာပေးသည်။ ဤသို့ဖြင့် ရွာသူ ရွာသားများ စားဝတ်နေရေး ချောင်လည် လာသည်။
    (၁၉၄၀) ခုနှစ် ဒီဇင်ဘာလတွင် ဖါသာရ်မိုးဇယ်သည် ဖါသာရ်ဗလီးဘေးနှင့် အတူ မြောက်ပိုင်း ချင်းတောင်သို့ ပထမဆုံး သာသနာပြုရန် ထွက်ခွာ ခဲ့ကြသည်။ လမ်းမသိဘဲ မေးမြန်း စုံစမ်းပြီးသွားကြရာ (၈) ရက်ကြာမှ တွန်းဇံရွာသို့ ရောက်ကြသည်။ (၃)လ အကြာတွင် ချင်းစကား တတ်မြောက်သဖြင့် တတောင်ဆင်း တတောင်တက် လှည့်လည် သာသနာပြုကြရာ (၁၂) နှစ်ကြာသောအခါ လူပေါင်း (၃၀၀၀)ကျော် ဘာသာဝင် ဖြစ်လာသည်။ (၁၉၅၃) တွင် ချမ်းသာရွာ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ်နှင့် ဘာသာဝင်များကို ကြည့်ရှုရသည်။ ချမ်းသာရွာ မယ်တော်ပွဲ တောင်ပိုင်း မြောက်ပိုင်း ပြိုင်ဆိုင်မှုကို တားမြစ်ခဲ့သည်။ ချမ်းသာရွာ သင်္ချိုင်းအတွင်း အုတ်ခဲများ ၀ဲယာ တဘက်တချက် ဒေါင်းလိုက်စီ၍ လူသွားလမ်းများ စနစ်တကျ ပြုလုပ်ခဲ့သည်။ ဦးဘိုးဆင် ဒေါ်သစ်တို့မှ လှူသော ဘုရားကျောင်းဆောင် တစ်ခုကို သင်္ချိုင်းအတွင်း ဆောက်လုပ်ခဲ့သည်။ ဖါသာရ်မိုးဇယ်သည် ချမ်းသာရွာ၌ (၆)နှစ် အုပ်ချုပ်ပြီးနောက် (၁၉၅၉) ခုတွင် ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ဇော်ဂျီရွာသို့ ပြောင်းရွှေ့၍ ဘာသာဝင်များကို ကြည့်ရှုရပြန်သည်။ ဇော်ဂျီ ရွာသူရွာသားများသည်လည်း ဆင်းရဲ နွမ်းပါးကြသဖြင့် ဘုန်းတော်ကြီး ကိုယ်တိုင် ဦးဆောင်ကာ လယ်ယာများကို ရေစုတ်သွင်းပြီး စိုက်ပျိုးစေရာ အောင်မြင်သဖြင့် ရွာသားများ အသက်ရှု ချောင်လာသည်။

    (၁၉၆၂) ခုနှစ်တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ်၏ ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။ (၁၉၆၅)ခု စက်တင်ဘာလ (၁၂) ရက်နေ့တွင် ရောမမြို့ ဗာတီကင်နန်းတော်မှ ရဟန်းမင်းကြီး ဆဌမမြောက်ပေါလ်သည် မန္တလေးမြို့ ရွှေနှလုံးတော် ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ် မိုးဇယ်ဦးဘခင်အား မြန်မာပြည် အထက်ပိုင်း မန္တလေးသာသနာတွင် ဂိုဏ်းချုပ် ဆရာတော်အဖြစ် ဆောင်ရွက်ရန် အမိန့် ထုတ်ပြန်လိုက်သည်။ ထိုအမိန့်ကို မန္တလေးသာသနာ တ၀ှမ်းလုံး သိရှိစေရန် ဂိုဏ်းထောက်ကြီး ဖါသာရ်မင်းနီးယေးက ကြေငြာလိုက်သည်။ (၁၉၆၅) ခု နိုဝင်ဘာလ (၂၁)ရက် တနင်္ဂနွေနေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ် ကျောင်းတော်ကြီး ရှေ့လေဟာပြင်တွင် မဏ္ဍပ်ထိုး၍ ဆရာတော် သိက္ခာတင်ပွဲ အခမ်းအနား ကျင်းပသည်။ သိက္ခာတင်ပွဲတော်သို့ ရန်ကုန်၊ ပုသိမ်၊ ပြည်၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ တောင်ကြီး၊ တောင်ငူမှ ဆရာတော်ကြီးများ၊ မန္တလေး ဂိုဏ်းချုပ်သာသနာနယ်မှ ရဟန်း ဘုန်းတော်ကြီးများ ကိုရင်များ၊ သီလရှင်များ၊ ဘာသာဝင်များ၊ တက်ရောက်ကြသည်။ ဆရာတော်လောင်း မိုးဇယ် ဦးဘခင်အား ရန်ကုန်ဂိုဏ်းချုပ်ဆရာတော် ဗီတာဘားဇင်းက သိက္ခာတင်ပေးသည်။ သိက္ခာတင်ပွဲ အခမ်းအနားကို နံနက် (၉း၃၀) နာရီတွင် ပြီးဆုံးသည်။ ဆရာတော် ဦးဘခင်သည် မန္တလေး ဂိုဏ်းချုပ်သာသနာနယ်၏ တတိယမြောက် ဂိုဏ်းချုပ် ဆရာတော်ဖြစ်သည်။ ဒုတိယမြောက် မြန်မာလူမျိုး ဖြစ်သည်။

    ဆရာတော် မိုးဇယ်သည် ချင်းတောင်တန်း၊ ကက်သလစ်သာသနာကို နောက်ဆုံးအကြိမ် ကြည့်ရှုရန်အတွက် (၁၉၇၈) ခု အောက်တိုဘာလ (၃)ရက် အင်္ဂါနေ့ နံနက် (၉)နာရီ မိနစ်(၂၀)အချိန်တွင် မန္တလေးမြို့ ချမ်းမြသာစည် လေဆိပ်မှ လေယာဉ်ဖြင့် စတင် ထွက်ခွာခဲ့သည်။ လေယာဉ်တက်သွားပြီး မကြာမီ စက်ချွတ်ယွင်းသဖြင့် ရုတ်တရက် စစ်ကိုင်းမြို့ အနီး ဧရာဝတီမြစ်ကမ်း သဲသောင် ပေါ်သို့ လေယာဉ် ထိုးဆင်းလိုက်ရသည်။ လေယာဉ်မယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားသည်။ ဆရာတော်မိုးဇယ်မှာ ပြင်းထန်စွာ ဒဏ်ရာ ရသည်။ ခြေတစ်ဘက်နှင့် လက်တစ်ဘက် ကျိုးသွားသည်။ မန္တလေးမြို့ ပြည်သူဆေးရုံကြီးမှ သမားတော်ကြီးများ အစွမ်းကုန် ကုသသော်လည်း (၁၉၇၈)ခု အောက်တိုဘာလ (၁၀) ရက် အင်္ဂါနေ့ နံနက် (၉)နာရီ (၄၅)မိနစ် အချိန်တွင် ပျံလွန်တော်မူသည်။ ဆရာတော် အာလ်ဖုန်း ဦးသန်းအောင်နှင့် ဖါသာရ် သြဂုတ်စတင်း ဦးစိုတို့ ဦးစီးကာ လူပုဂ္ဂိုလ် (၂၀) ပါဝင်သော ဈာပနကော်မတီတရပ်ကို ဖွဲ့စည်းလိုက်သည်။ ဆရာတော်ကြီး အေ ဦးဘခင်၏ ရုပ်ကလပ်ကို ဂိုဏ်းချုပ်ဆရာတော် ကျောင်းတိုက်တွင် (၁၀.၁၀.၇၈) အင်္ဂါနေ့မှ (၁၄.၁၀.၇၈) စနေနေ့အထိ မန္တလေးမြို့သူ မြို့သားများနှင့် ရပ်ဝေး ရပ်နီးရှိ ဘာသာဝင် မိတ်ဆွေသင်္ဂဟများ လာရောက် ဖူးမျှော် ဂါရ၀ပြုနိုင်ရန် (၅)ရက် တိတိထားသည်။

    (၁၄.၁၀.၇၈) စနေနေ့ ညနေ (၃)နာရီ တိတိအချိန်တွင် ဆရာတော်၏ ကျောင်းတိုက်မှ ဆုတောင်း ပဌာနာပြုသည်။ ထို့နောက် ကာသီဒရယ် ဘုရားရှိခိုးကျောင်းတော်သို့ ဆရာတော်၏ ကြည်ညိုဖွယ်ကောင်းသော ရုပ်ကလပ်ကို သယ်ဆောင်ကြသည်။ ကာသီရယ် ဘုရားရှိခိုးကျောင်းဝင်း အတွင်း၌ ကြီးကျယ် မြင့်မြတ်၍ အခမ်းနားဆုံး မစ္ဆားပူဇော်ပွဲကြီးကို ပြည့်စုံ သိုက်မြိုက်စွာ ကျင်းပခဲ့သည်။ မစ္ဆားပူဇော်ခြင်းတွင် ဆရာတော်ကြီး (၄)ပါး ရဟန်းတော်အပါး (၄၀) သီလရှင်အပါး (၈၀) ကိုရင်အပါး (၄၀) အစိုးရဌာန အသီးသီးမှ ပုဂ္ဂိုလ်များ ပါတီကောင်စီဝင်များ၊ မန္တလေး ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် ဆရာမများ၊ မန္တလေး ၀ိဇ္ဇာသိပံ္ပ တက္ကသိုလ်မှ ပါမောက္ခများ၊ နိုင်ငံခြား သံတမန်များ၊ သင်းကွဲ ခရစ်ယာန် ရဟန်းတော်များ၊ မိတ်ဆွေသင်္ဂဟများနှင့် ရပ်နီး ရပ်ဝေးမှ ဘာသာဝင် လေးထောင်ကျော် တက်ရောက်ကြသည်။ ဆရာတော် အာလ်ဖုန်း ဦးသန်းအောင်က မစ္ဆားပူဇော်ခြင်း အခမ်းအနားတွင် ဆရာတော်အေ-ဦးဘခင် အကြောင်းနှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေး အထုပတ္တိကို ရှင်းပြသောအခါ ဂါရ၀ပြုပွဲသို့ လာကြသူ (၄၀၀၀)ကျော်တို့ မှာ ၀မ်းနဲမဆုံး ဖြစ်ကြသည်။

    မစ္ဆားပူဇော်ပွဲ အပြီးတွင် ဆရာတော်အေ-ဦးဘခင်၏ ရုပ်ကလပ်ကို အတတ်နိုင်ဆုံး အကောင်းမွန်ဆုံးနည်းဖြင့် အေလမ်း ခရစ်ယာန် သုသန်သို့ပို့ရန် စီစဉ်ပါသည်။ ဆရာတော်၏ ရုပ်ကလပ်တင်ထားသော ပန်းကားကြီးက နောက်ဆုံး ဂါရ၀ပြုသည့် အနေဖြင့် ထယ်ဝါ လှပါ၏။ ဆရာတော်အား ရွှေထီး (၄)လက် မိုးပေးပါသည်။ ဆရာတော် အိပ်စက်နားစက်ရာ တံတင်းက ထရာဗီဇီယံပုံနှင့် ကြီးမား မြင့်မြတ်စွာ ပြုလုပ်ထားပါသည်။ ဖြူလွှလွ တက်ရွန်ပိတ်ပေါ်တွင် ခရမ်းနုရောင် ပန်းပွင့်ကလေးများက ဆရာတော်၏ နာမည်ကို ပီပီပြင်ပြင် ကြည်ကြည်ညိုညို ရေးထိုးထားပါသည်။ ရှေ့မှာ စိမ်းလန်းသော ကျောက်ပန်း နှင်းဆီတို့ဖြင့် ပြုလုပ်ထားသော လက်ဝါးကပ် ပုံသဏ္ဍာန်မှာ ဆရာတော်အား ဂါရ၀ပြုထားပါသည်။ ဘာသာဝင် အသီးသီးနှင့် ဌာနအသီးသီးမှ ပေးပို့ကြသော လွမ်းသု့ ပန်းခွေများမှာ ပြောမဆုံးအောင် များပြားလှပါသည်။ ဘာသာတူအုပ်စုမှ လူငယ်မောင်မယ် (၁၀၀)ကျော်တို့သည် ၀မ်းနဲကြေ ကွဲသော အထိမ်းအမှတ်အဖြစ် လုံချည်အနက် အင်္ကျီအဖြူကို ၀တ်ဆင်၍ မျက်လွှာကလေးများ ချကာ ဆရာတော်၏ ပန်းကား၊ ပန်းရထားရှေ့မှာ ၀မ်းနည်းမဆုံး ယူကြုံး မရဖြစ်ကြရသည်။ သူုတို့က ဆရာတော်၏ ရုပ်ကလပ်ကို နောက်ဆုံး ကြည်ညိုသော အားဖြင့် ပန်းကား ပန်းရထားကို ကြိုးဖြင့် ဆွဲပြီး ဆရာတော်အား ကောင်းကင်ဘုံသို့ ပို့ဆောင်မည့်သူများ ဖြစ်ကြသည်။ ရှေ့ဆုံးမှ ခရစ္စတုူးတိုင် ဖယောင်းတိုင်ကိုင် တရားထောက်များ၊ တရားထောက်များ နောက်မှ လုံချည်အနက် အင်္ကျီအဖြူ ၀တ်ဆင်ထားသော ဘာသာတူ လူငယ် မောင်မယ်တို့က ဆရာတော်၏ ရုပ်ကလပ် ပန်းကား ပန်းရထားကို ကြိုးဖြင့် ဆွဲ၍ ကာသီဒရယ် ကျောင်းတော်မှ စတင် ထွက်ခွာလေသည်။ ပန်းကား ပန်းရထား၏ တဘက်စီတွင် ရဟန်းတော်များ ကိုရင်များ ခြံရံ၍ ဆရာတော်အား နောက်ဆုံး ဂါရ၀ပြုခြင်း အနေဖြင့် ဓမ္မသီချင်းများ သီဆိုကြပါသည်။ စိပ်ပုတီး စိပ်ခြင်းဖြင့် မေတ္တာဘာဝနာ ပွားများကာ ဆရာတော်ကြီးအား ဂါရ၀ပြုပြီး လိုက်ပါ ပို့ဆောင်ကြပါသည်။ ပန်းကား၏ နောက်မှ ဆရာတော်ကြီး တပါးစီ စီးသော မော်တော်ကားငယ်များ၊ ရဟန်းတော်များ၏ မော်တော်ယာဉ်များ၊ သီလရှင်များ၏ မော်တော်ယာဉ်များ၊ ကိုယ်ပိုင် ယာဉ်ငယ်များ၊ ဘစ်ကားကြီးများ စီကာ စဉ်ကာ စနစ်တကျတန်းစီ ပို့ဆောင်ကြသည်။ ပို့ဆောင်သော ကားအစီးပေါင်းမှာ မန္တလေးမြို့တွင် မကြုံစဖူး ထူးကဲစွာ ကားကြီးကားငယ် အသွယ်သွယ်တို့ (၁၅၀)ကျော် ခန့် ရှိလေသည်။

    ဆရာတော်၏ ပန်းကားနှင့် ပန်းရထားမှာ ဗထူး အားကစားကွင်း အနောက်ဘက်သို့ ရောက်ရှိနေသော်လည်း၊ ကားများ ကာသီဒရယ်ကျောင်းမှ ထွက်ဆဲဖြစ်နေသည်ကပင် မည်မျှ ကြီးမား ကျယ်ပြန့် စည်ကားသည်ကို သိရှိနိုင်ပါသည်။ (၂၆) လမ်း ကျုံးဘေးတလျှောက် ဆရာတော်၏ ပန်းကား ပန်းရထားသွားရာ လမ်းကြောင်းတွင် မန်းပရိဿတ်ကြီးမှ မြင်ရသူ အံ့မခန်းလိလိ များပြားလှပါသည်။ သင်္ချိုင်းတွင် နောက်ဆုံး ဂူမသွင်းမီ ဂါရ၀ပြုကြရာတွင် သင်္ချိုင်းတော်အတွင်း လူများ ပြည့်ကြပ် သွားလေသည်။ ချင်းတောင်တန်း သာသနာဆိုင်ရာ ပုဂ္ဂိုလ်တို့ကလည်း ဆရာတော်အေ=ဦးဘခင်အား နောက်ဆုံး ဂါရ၀ပြုသည့်အနေနှင့် လွမ်းဆွတ် တသသော စာတမ်းများ ဖတ်ပြီး ဆရာတော်ကြီး ဦးဘခင်၏ ရုပ်ကလပ်ကို ဂူုသွင်း သင်္ဂြိုလ်လိုက်ပါသည်။

ဆက်ရန် -

Read More...

Friday, October 18, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၀)


 ဖါသာရ် နီကောလာစ် ဦးဝန် (၁၈၈၆-၁၉၅၂)
(Fr. Nicholas U Win)
    ဖါသာရ် နီကောလာစ် ဦးဝန်သည် (၁၈၈၆)ခု စက်တင်ဘာလ (၂၂)ရက်နေ့တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ မိဖနှစ်ပါးမှာ ဆရာသောင်းနှင့် ဒေါ်အုန်းတို့ ဖြစ်သည်။ (၁၉၁၇)ခုတွင် ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ရဟန်းဖြစ်သင်ကျောင်း မ၀င်မီ မန္တလေး စိန်ပီတာကျောင်းတွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ (၁၉၂၈) ခုနှစ်တွင် ရဟန်းသိက္ခာ ခံသည်။ ရဟန်းသိက္ခာခံပြီးနောက် (၁၉၂၉) မှ (၁၉၃၄)ခုနှစ်အထိ မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် ကျောင်းအုပ်အဖြစ် အမှုထမ်းဆောင်ရသည်။ (၁၉၃၄) ခုတွင် မန္တလေးမြို့ သံဝင်းရပ် စိန်မိုင်ကယ်ကျောင်းသို့  ပြောင်းရွှေ့၍ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်သည်။ အကြို အခြေခံရဟန်းဖြစ် သင်ကျောင်းသားကိုလည်း ထိန်းသိမ်းရသည်။ (၁၉၅၂)ခုနှစ် ဇန္န၀ါရီလ (၁၉)ရက်နေ့တွင် မန္တလေး၌ ပျံတော်မူသည်။

ဖါသာရ်စတီးဗင်း ဦးဘအို (၁၈၉၆-၁၉၇၀)
(Fr.Stephen U Ba Oo)
    ဖါသာရ် စတီးဗင်းဦးဘအိုသည် စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ နဘက်ရွာတွင် (၁၈၉၆)ခုနှစ် ဧပြီလ (၁၂)ရက်နေ့၌ အဖဦးပေ အမိဒေါ်အိုဘော်တို့မှ မွေးဖွားခဲ့သည်။ ငယ်စဉ်အခါ နဘက်ရွာရှိ စာသင်ကျောင်းတွင် ပညာသင်ကြားခဲ့ရာ (၁၆)နှစ်တွင် ပဉ္စမတန်းအောင်ပြီး မန္တလေးမြို့ ဖါသာရ်လဖုန်းကျောင်း ပြောင်း၍ ပညာ ဆက်လက်သင်ကြားခဲ့သည်။ (၁၉၁၈) ခုနှစ်တွင် ၄င်းကျောင်းမှ အင်္ဂလိပ်မြန်မာ သတ္တမတန်း အောင်မြင်ခဲ့သည်။ ထိုနှစ်တွင်ပင် မေမြို့ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ မေမြို့တွင် (၃)နှစ် သင်ကြားပြီးနောက် (၁၉၂၁)ခုနှစ်တွင် ပီနန် ရဟန်းဖြစ်သင် တက္ကသိုလ်သို့သွား၍ ပညာဆည်းပူးခဲ့သည်။ ပီနန် ရဟန်းဖြစ်တက္ကသိုလ်တွင် (၇)နှစ် သင်ကြား၍ ဦးပဉ္စင်းသိက္ခာ အသီးသီး ခံယူခဲ့သည်။ (၁၉၂၉)ခု ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ဘုရားရှိခိုးကျောင်းတော်ကြီး၌ ဆရာတော်ကြီး ဖူလ်ကီးယေးလက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ သိက္ခာခံယူပြီး ဇွန်လ (၂၄) ရက်နေ့တွင် အမရပူရကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် ပထမဆုံး တာဝန်ပေးခံသည်။ (၁၉၃၄)ခုတွင် မိထ္ထီလာ၊ ရမည်းသင်း၊ သာစည်မြို့ရှိ ဘာသာဝင်များကို ကြည့်ရူရသည်။ (၁၉၃၇)ခု ဒီဇင်ဘာလ (၃)ရက်နေ့မှစ၍ တောင်တွင်းကြီး ချင်းရွာများသို့ သွားရောက် သာသနာပြုရသည်။ (၁၉၄၂) ခု မေလ(၂) ရက်နေ့တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသဖြင့် ဆရာတော်၏ ခွင့်ပြုချက်အရ မိမိမွေးဖွားရာ နဘက်ရွာ၌ ခေတ္တ သွားရောက်ခိုလှုံနေခဲ့သည်။ (၁၉၄၅)ခု ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ ရမည်းသင်းနယ်ကို ပြန်သွား၍ ဘာသာဝင်များကို ကြည့်ရူရသည်။ (၁၉၄၇)ခုတွင် ချောက်မြို့၊ ရေနံချောင်းမြို့များသို့ သွားရောက်၍ တနှစ်ခန့် တာဝန် ထမ်းဆောင်ရသည်။ ထိုမှ တဆင့်(၁၉၄၉) ခု မတ်လမှ (၁၉၅၃) ခု ဇန္န၀ါရီလအထိ ရွာတော်ဘာသာဝင်များကို ကြည့်ရူခဲ့ရသည်။ ဖါသာရ် စတီးဗင်း လက်ထက်တွင် မြွေဆေးကု ဆရာကြီး ဦစီ+ဒေါ်ဖွားရင်တို့က မယ်တော်ဂူလိုင်ကို ချမ်းသာရွာပုံစံအတိုင်း ဆောက်လုပ် လှူဒါန်းခဲ့သည်။

(၁၉၅၃) ဖေဖေါ်ဝါရီလတွင် အမရပူရကို ဒုတိယအကြိမ် တာဝန်ယူရသည်။ (၁၉၅၄)ခုတွင် ရဟန်းဝါတော် (၂၅)နှစ်ပြည့်မြောက် သဖြင့်အမရပူ၌ ငွေစင်ဂျူဗလီပွဲတော် ကျင်းပခဲ့သည်။ (၁၉၅၅)ခုနှစ်တွင် မန္တလေးကာသီဒရယ်ကျောင်း၌ လက်ထောက် ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရသည်။ (၁၉၅၈)ခုနှစ် မတ်လ (၁၂) ရက်ဗုဒ္ဓဟူးနေ့၌ မုံလှရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ဖါသာရ်စတီးဗင်း မုံလှရွာ၌ နေထိုင်စဉ် ဘုရားကျောင်းဝင်း၏ အရှေ့ဘက် အနောက်ဘက်နှင့် တောင်ဘက်တို့တွင် အုတ်တံတိုင်းများ ကာရံခဲ့သည်။ ဖါသာရ်စတီးဗင်းသည် (၁၉၇၀)ခုနှစ် မတ်လ (၁၄)ရက်နေ့တွင် မိမိမွေးဖွားရာ ဇာတိ နဘက်ရွာသို့ သွားရောက် အနားယူသည်။ ထိုနှစ် ဂျွန်လ (၂)ရက်နေ့တွင် ပျံတော်မူသည်။

။ ဆရာ ဦးမြမောင် (မုံလှ)၏ မှတ်တမ်း။

ဖါသာရ်အန္ဒြူး ဦးဘချို (၁၉၀၂-၁၉၆၆)
(Fr. Andrew U Ba Cho)
    ဖါသာရ်အန္ဒြူး ဦးဘချိုသည် (၁၉၀၂)ခု ဂျွန်လ (၂၆)ရက်နေ့တွင် ချောင်းဦးမြို့၌ မွေးဖွားသည်။ မိဘနှစ်ပါးမှာ ဦးနွေ ဒေါ်ပွင့်တို့ဖြစ်သည်။(၁၉၁၃) ခုနှစ် ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ (၁၉၂၉)ခု ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူသည်။ (၁၉၂၉)ခု မှ (၁၉၃၀)အထိ နဘက်ဘာသာဝင်များကို ကြည့်ရူရသည်။ (၁၉၃၀)တွင် ချမ်းသာရွာသို့ ပြောင်းရွှေ့၍ ချမ်းသာရွာ ဘာသာဝင်များကို ကြည့်ရူရသည်။

    (၁၉၃၂) မှ (၁၉၃၈)အထိ ကျောင်းထိုင်ဘုန်းကြီးအဖြစ်နှင့် နဘက်ရွာကို ကြည့်ရှု အုပ်ချုပ်ရသည်။ မြင်းခြံနှင့် ပခုက္ကူ ဘာသာဝင်များကိုလည်း ကြည့်ရှုရသည်။ ပခုက္ကူမှ ဘုံဘေဘားမားသစ် ကံထရိုက် မစ္စတာစတော့၏ လှူဒါန်းငွေဖြင့် ယခင် အုပ်ခုံပေါ်တွင် (၆၇)ပေအမြင်ရှိ့်သော နဘက်ခေါင်းလောင်းစင်ကို ဆက်လက် ဆောက်လုပ်ရာ (၁၃၇)ပေမြင့်သော ခေါင်းလောင်းစဉ်ပြီး သွားသည်။
ခေါင်းလောင်းစင်အမြင့်
    (၁) အခြေခံအုတ် = ၇၀ ပေ။ (၂) နောက်ထပ်ဆင့် = ၁၂ပေ
    (၃) အချွန်      = ၄၀ ပေ။  (၄) ကမ္ဘာလုံး       = ၃ပေ
     (၅) ခရစ္စတုူးတိုင်=၁၂ ပေ။  (၆) စုစုပေါင်း       =၁၃၇ပေ။

    ထိုနောက် ဖါသာရ်အန္ဒြူးသည် ရွာသားများ၏ လုပ်အားဖြင့် လူဒယ်မယ်တော်ဂူလိုင်ကို ဆောက်လုပ်ခဲ့သည်။

    ဖါသာရ်အန္ဒြူးသည် (၁၉၄၀)ခုလောက်မှ စ၍ (၁၉၄၆)ခု အထိ သရက်ခုန်ရွာတွင် ကျောင်းထိုင်ခဲ့သည်။ ဘုန်းကြီးနေရန် ကျောင်းလည်း ဆောက်လုပ်ခဲ့သည်။ အပြီးမသတ်ခဲ့ပေ၊ စာသင်ကျောင်းဖွင့်၍ ဓမ္မဆရာများနှင့် စာသင်ပေးခဲ့သည်။ ဂျပန်ခေတ်နှင့် ကြုံကြိုက်နေ၍ တိုးတက်မှု နည်းသည်။ ဘာသာရေး တိုးတက်မှုရှိသည်။ သင်္ဂျိုင်းအတွက် မြေတကွက် ၀ယ်ထားခဲ့သည်။ ၂ (၁၉၆၆) ခု နိုဝင်ဘာလ (၃)ရက်နေ့တွင် မေမြို့၌ ပျံတော်မူသည်။

။ တောင်တွင်းကြီး ကက်သလစ်သာသနာ နှစ် (၅၀)ပြည့် စာစောင် ၁၉၉၀ပြည့်နှစ်၊ စာမျက်နှာ-၆

ဖါသာရ်မိုက်ကယ် ဦးဥာဏ်
(Fr.Michael U Nyan)
    ဖါသာရ်မိုင်ကယ် ဦးဥာဏ်သည် ချောင်းဦး ဇာတိဖြစ်သည်။ မိဖနှစ်ပါးမှာ ဦးခဖြူ ဒေါ်တင်တို့ဖြစ်သည်။ (၁၉၁၃)ခုတွင် ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်သည်။ (၁၉၂၉)တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၉၂၉)ခု ဇွန်လမှ (၁၉၃၀)ခု ဇန္န၀ါရီအထိ ရွာတော် ဘာသာဝင်များကို ကြည့်ရူခဲ့ရသည်။ ၄င်းလက်ထက် ဇူလိုင်လ ရွာတော်ရွာ မီးလောင်ခဲ့သည်။ ထိုနောက် ချမ်းသာရွာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ်လေအို၏ လက်ထောက်အဖြစ်နှင့် နေထိုင်ခဲ့ရာ (၁၉၃၄)ခုတွင် ဖါသာရ်လေအို ရေဦးမြို့ ရွှေနှလုံးတော် ဘုရားကျောင်း သွားရောက်ဆောက်လုပ်နေစဉ် ချမ်းသာရွာ ဘုန်းကြီးနေကျောင်း မီးလောင်ခဲ့သည်။ ထို့နောက် တောင်ပိုင်း ချင်းတောင် မင်းတပ်မြို့တွင် သာသနာ အမှုတော်ကို ထမ်းဆောင်နေစဉ် (၁၉၄၂) ခုနှစ် ဇန်န၀ါရီလ (၁၂)ရက်နေ့တွင် ပျံတော်မူသည်။

ဖါသာရ်အလက္ကဇန္ဒား ဦးဘသိန်း
(Fr.Alexander U Ba thein)
   ဖါသာရ်အလက္ကဇန္ဒား ဦးဘသိန်းသည် ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၊ မုံလှရွာတွင် မွေးဖွားခဲ့သည်။ မိဘနှစ်ပါးမှာ ဦးဘိုးဆိုင် ဒေါ်မကြီးတို့ ဖြစ်သည်။ (၁၉၁၆)ခုတွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ထိုနောက် ပီနန် ရဟန်းဖြစ်သင်ကျောင်းတွင် (၆)နှစ် ပညာသင်ကြားပြီးနောက် (၁၉၃၁)ခုနှစ်တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် ကလယ်လူမျိုးတို့ကို ကြည့်ရှုစောင့်ရှောက်ရန် ဆရာတော်ဘုရား၏ ရည်ရွယ်ချက်အတိုင်း ကုလားစာပေကို သင်ကြားပြီးနောက် (၁၉၃၆) မှ (၁၉၄၂) အထိ၊ မန္တလေးမြို့ စိန်ဇေးဗီးယားကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်ရသည်။ ထိုသို့ စိန်ဇေးဗီးယား ဘာသာဝင်များကို ကြည့်ရှုရစဉ် စိန်ဇေးဗီးယား တမီးလ် အင်္ဂလိပ်အလယ်တန်းကျောင်းကို အထက်တန်းကျောင်းသို့ တိုးမြှင့်၍ ကျောင်းအုပ်အဖြစ် တာဝန်ယူဆောင်ရွက်သည်။

    ဖါသာရ်အလက္ကဇန္ဒားသည် ကလယ်အမျိုးသားတို့၏ ဘာသာရေး ပညာရေးနှင့် မြစ်ငယ်သာသနာရေးပါ ဆောင်ရွက်ရသဖြင့် အလုပ်ကိစ္စ များပြားလှသောကြောင့် ဖါသာရ်ဂျော့မောင်ငယ်က လက်ထောက်အဖြစ် တာဝန်ယူ ဆောင်ရွက်ပေးသည်။ ဖါသာရ် အလက္ကဇန္ဒားသည် မိမိဆောင်ရွက်ရသော အလုပ်တာဝန် ၀တ္တရားတင်မက သာသနာတော်ကြီးပွား တိုးတက်ရန် နယ်သစ်ဖွင့်လှစ် တည်ထောင်ရန် ကြံရွယ်တော်မူသည့်အတိုင်း မန္တလေးမြို့နှင့် (၁၇)မိုင်ဝေးသော မေမြို့သို့သွားသော လမ်းဘေးအနီး မြစ်ငယ်မြစ် ခေါ် ဒုတ္တာဝတီမြစ်ကမ်းပါးအနီးရှိ ကထီရွာတွင် အခြေစိုက်၍ ပတ်ဝန်းကျင်ဒေသရှိ ကျွဲနဖားရွာ ကျောက်ကြောရွာ၊ စွံရဲရွာ၊ ရွေးလက်ရွဲရွာများပါ တဖြည်းဖြည်း သာသနာပျံ့ပွားအောင် ကြံရွယ်လျက် စာသင်ကြားပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊ မွေးစကလေးများကို ဆေးကြောခြင်း မင်္ဂလာပေးခြင်းစသည်တို့ဖြင့် စတင် သာသနာပြုခဲ့သည်။ ဤသို့ဖြင့် ကထီရွာတွင် ၀ါးထရံကာ တဲကျောင်းကလေး ဆောက်၍ စိန်ဇေးဗီးယားကျောင်း စာသင်ပိတ်သောအချိန်၌ တပည့်ကျောင်းသားများနှင့် ဆရာအချို့တို့သည် ထိုနေရာသို့ သွားရောက်လေ့ ရှိကြသည်။

    (၁၉၄၂)ခုတွင် ဗြိတိသျှအစိုးရမင်းများ မြန်မာပြည်မှ ထွက်ခွာ၍ ဂျပန်များ ၀င်ရောက်လာကြသည်။ ဂျပန်များ ကျောက်ဆည် ပတ်ဝန်းကျင်သို့ ရောက်လာသောအချိန်တွင် မန္တလေးမြို့ပေါ်ရှိ အဆောက်အဦးကြီးများကို ဂျပန်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည်။ (၁၉၄၂)ခု ဧပြီလ (၃)ရက်နေ့ သောကြာနေ့ကြီးတွင် မန္တလေးမြို့ကို ဗုံးကြဲတိုက်ခိုက်ရာ ဗုံးတလုံးသည် စိန်ဇေးဗီးယားဘုရားရှိခိုးကျောင်းနှင့် ကွန့်ဗင့်ကျောင်းကြားတွင် ကျ၍ မီးလောင်ပေါက်ကွဲရာ ဘုရားကျောင်းအတွင်းရှိ သီလရှင် (၂)ပါးနှင့် ကွန့်ဗင့်ကျောင်းတွင်ရှိသော မိန်းမကြီးတစ်ဦးတို့ ဗုံးဒဏ်ကြောင့် ကွယ်လွန်ကြရရှာသည်။ ဗုံးဒဏ်ကြောင့် စိန်ဇေးဗီးယားဘုရားကျောင်း၊ ဘုန်းကြီးနေကျောင်း၊ စာသင်ကျောင်း သီလရှင်ကျောင်းနှင့် လူနေအိမ်များ မီးလောင်ပျက်စီးရသည်။ စိန်ဇေးဗီးယားကျောင်းကို ဗုံးထိသဖြင့် ကျောင်းအိပ် ကျောင်းစား ဘော်ဒါကျောင်းသူကလေးများ သီလရှင်အချို့နှင့် ဘာသာဝင်အချို့ကို ကထိီရွာသို့ ရွှေ့ပြောင်းကြသည်။ ထိုနောက် သီလရှင်များနှင့် ကျောင်းသူကလေးများအား ဆရာတော်ကြီးက ပြန်ခေါ်ပြီး စစ်ဘေးကင်းရာ ဗန်းမော်သို့ပို့သည်။

    သီလရှင်များ ပြောင်းရွှေ့သွားပြီး မကြာမီ တနေ့တွင် ည (၇)နာရီခန့်အချိန်လောက် လူဆိုးဓားပြ (၂၀၀)ကျော်လောက် လာရောက်ကြပြီး ကျောင်းကို ၀ိုင်းကာ သေနတ်ဖြင့် ပစ်ကြသည်။ ဖါသာရ်အလက္ကဇန္ဒားမှာ သေနတ်ထိမှန်၍ ပြင်းစွာဒဏ်ရာရပြီး လဲနေသည်။ ကျောင်းအောက်ရှိ ဘာသာဝင်တချို့မှာ သေနတ်ထိမှန်ကြသော်လည်း ဒဏ်ရာ မပြင်းထန်သဖြင့် ထွက်ပြေး တိန်းရှောင်နိုင်ကြသည်။ ဓားပြများသည် ကျောင်းပေါ်သို့ တက်၍ ဘုန်းတော်ကြီးများကို လိုက်လံရှာဖွေကြရာ သေနတ်ထိမှန်သော ဖါသာရ် အလက္ကဇန္ဒားကို ပွေ့ဖက်ကူမလျက်ရှိသော ဖါသာရ်ဂျော့အား တွေ့ရသည်။ ဘုန်းတော်ကြီးက အမျိုးမျိုး တောင်းပန်သော်လည်း ပါရှိ လာသော ဓားဖြင့် ဘုန်းတော်ကြီးအား အပိုင်းပိုင်း ခုတ်သတ်ကြလေသည်။ တွေ့ရှိသမျှသော ကျောင်းသား ကလေးများကိုလည်း ဓားနှင့် အပိုင်းပိုင်း ခုတ်သတ်ပြီး၊ အစပြုတ်အောင် ကျောင်းကိုပါ မီးရှို့ပစ်ကြသည်။ မီးလောင်ပြီး ကြွင်းကျန်ရစ်သော ဘုန်းတော်ကြီးများ၏ အရိုးများကို ဇော်ဂျီဘုန်းတော်ကြီးက သယ်ယူ၍ ဇော်ဂျီသင်္ချိုင်းတွင် သင်္ဂြိုလ်သည်။

ဖါသာရ်လောရင်း ဦးဖိုးရှိန် (၁၉၀၄-၁၉၆၆)
(Fr.Laurence U Po Shein)
    ဖါသာရ် လောရင်း ဦးဖိုးရှိန်သည် (၁၉၀၄) ခု စက်တင်ဘာလ (၂၇)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးထွန်းဝနှင့် ဒေါ်နားကြီးတို့ ဖြစ်သည်။ (၁၉၁၈) ခုနှစ်တွင် ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ထိုမှတဆင့် ပီနန် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ပညာသင်ကြားပြီးနောက် (၁၉၃၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာ ခံယူခဲ့ ပြီးနောက် (၁၉၃၃)ခု ဧပြီလမှ (၁၉၃၆)ခု ဇန်န၀ါရီလအထိ ရွာတော်ဘာသာဝင်များကို ကြည့်ရှု ခဲ့ရသည်။ ဖါသာရ်အာလိုက်ဆီ စတင် ဆောက်ခဲ့သော ဘုရားရှိခိုးကျောင်းကို ပြီးစီးအောင် ဆောက်လုပ်ခဲ့သည်။

    ဖါသာရ်လောရင်းသည် ဂျပန်ခေတ်တွင် ဇော်ဂျီ၌ သီတင်းသုံးသည်။ သွားလာရေး လွယ်ကူစေရန် ကိုယ်ပိုင်မော်တော် ဆိုင်ကယ်တစီး ၀ယ်ထားသည်။ လိုင်စင်ဖြင့် ကိုင်ဆောင်သော ခြောက်လုံးပြူးသေနတ်လည်း ရှိသည်။ ဂျပန်တို့က အင်္ဂလိပ် သူလျှိုဟုထင်သည်။ ကက်သလစ် ခရစ်ယာန် ဘာသာဝင်တို့သည် ဘုန်းတော်ကြီး မစ္ဆားပူဇော်ခြင်းကို တရားဟောသည်ဟု ခေါ်လေ့ရှိကြသည်။ ဘာသာဝင် အချင်းချင်း နားလည်ကြသော်လည်း ဘာသာပများ နားမလည်ကြပေ။ တနေ့တွင် ဂျပန်ထောက်လှမ်းရေးက ဘုန်းတော်ကြီး ဖါသာရ်လောရင်း မြောက်ကိုင်းရွာကို ဘာလာလုပ်သလဲဟု မေးသည်။ ရွာသားတချို့က တရားဟောရန် လာသည်ဟု ဖြေသည်။ မစ္ဆားပူဇော်ရန် လာသည်ဟု ဆိုလိုသော်လည်း ဂျပန်ထောက်လှမ်းရေးက နိုင်ငံရေးတရား ဟောရန်လာသည်ဟု နားလည်သည်။ သို့ဖြစ်၍ ဖါသာရ်လောရင်းအား ဖမ်းဆီး ချုပ်နှောင်သည်။ အမျိုးမျိုး ညှင်းပန်း နှိပ်စက်သည်။ ညှင်းပန်းနှိပ်စက်မှု ပြင်းထန်သဖြင့် စိတ်ထိခိုက် သွားခဲ့သည်။

    ဖါသာရ်လောရင်းသည် (၁၉၄၇)မှ (၁၉၄၉)အထိ ချင်းညောင်ပင်သာရွာ၌ ကျောင်းထိုင်ခဲ့သည်။ ဘော်ဒါကျောင်းကို ဆက်လက် ထိမ်းသိမ်းခဲ့သည်။ မိန်းကလေးများအတွက် စက်ယက္ကန်း စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သာသနာပျံ့ပွားရေး အတွက် (၃)နှစ် ဆောင်ရွက်ခဲ့ပြီး ဂျပန်တို့၏ ညှင်းဆဲ နှိပ်စက်မှုဒဏ်ကြောင့် စိတ်ဝေဒနာ ခံစားမှု ပြင်းထန်လာသဖြင့် မန္တလေးသို့ ပြန်၍ အနားယူခဲ့သည်။ ၁ (၁၉၆၆)ခု ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် ရန်ကုန်၌ ပျံတော်မူသည်။

၁။ တောင်တွင်းကြီး ကက်သလစ်သာသနာ နှစ် (၅၀)ပြည့် စာစောင် ၁၉၉၀ပြည့်နှစ်၊ စာမျက်နှာ-၆

ဖါသာရ် ရာဖါအဲလ်-ဦးဘရီ (၁၉၀၆-၁၉၇၈)
(Fr.Raphael U Ba Yi)
    ဖါသာရ် ရာဖါအဲလ် ဦးဘရီသည် (၁၉၀၆)ခု နိုဝင်ဘာလ (၁၅)ရက်နေ့တွင် နဘက်ရွာ၌ မွေးဖွားခဲ့သည်။ မိဘများမှာ ဦးဘိုးစံနှင့် ဒေါ်ပိုတို့ ဖြစ်သည်။ မန္တလေးမြို့ စိန်ပီတာ အထက်တန်းကျောင်းတွင် (၈)တန်းအထိ ပညာ သင်ကြားခဲ့သည်။ ထိုမှတဆင့် (၁၉၂၄)တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်သည်။ မေမြို့ ရဟန်းဖြစ်သင်ကျောင်းမှ ပီနန် ရဟန်းဖြစ်သင် တက္ကသိုလ်သို့ သွားရောက် ပညာသင်ကြားပြီး (၁၉၃၃)ခု နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၉၃၄)ခုနှစ်တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ကျောင်းအုပ်ဘုန်းတော်ကြီး ဗလီးဘေး၏ လက်ထောက်အဖြစ် ခန့်ထားခြင်း ခံရသည်။ ထိုအချိန်မှ စ၍ မေမြို့ရဟန်းဖြစ်သင်ကျောင်း စာချပုဂ္ဂိုလ်အဖြစ် အမှုထမ်းခဲ့သည်။ (၁၉၄၂)ခု မေမြို့ကို ဂျပန်များ ဗုံးချသောအခါ ဖါသာရ် ရာဖါအဲလ်သည် ရဟန်းဖြစ်သင် ကျောင်းသားများဖြစ်သော မောင်ခင်မောင်၊ မောင်ညီညီ၊ မောင်ဘသောင်း၊ မောင်ထွန်းရွှေ၊ မောင်ဖိးလစ်၊ မောင်မိုင်ကယ်၊ မောင်လောဖူ၊  မောင်လောင်းမြင်တို့နှင့် အတူ ချမ်းသာရွာသို့ ပြောင်းရွှေ့ခဲ့ရသည်။ ထိုနောက် (၁၉၄၅)ခုမှ (၁၉၄၈)ခု ဇန္န၀ါရီလအထိ ပန်ရန်ရွာတော်ဘာသာဝင်များကို ကြည့်ရူရသည်။ (၁၉၄၇)ခုနှစ်တွင် ဆရာတော်ကြီး ဖါးလီးယေးသည် ဗုံးဒဏ်ကြောင့် အမိုးမရှိ ပရိဘောမရှိ ပျက်စီးနေသော မေမြို့ ရဟန်းဖြစ်သင်ကျောင်းကို အမြန်ဆုံး ပြင်ဆင်စေခဲ့သည်။ ယင်းသို့ ရဟန်းဖြစ်သင်ကျောင်း ပြင်ဆင်နေသည့် အတွင်း၊ ပရန်တော်တွင် အခြေခံ ရဟန်းဖြစ်သင်ကျောင်းကို ပြန်လည်ဖွင့်လှစ်၍ ဖါသာရ် ရာဖါအဲလ် ဦးဘရီအား ကျောင်းအုပ်အဖြစ်၎င်း၊ (၁၉၄၆)ခုနှစ်က ချမ်းသာရွာ၌ သိက္ခာခံယူခဲ့သော ဖါသာရ် ဖိလစ်ဦးလင်းအား လက်ထောက်အဖြစ် ခန့်ထားလျက် စစ်နှင့် ကြုံကြိုက်၍ ပညာကောင်းစွာ မသင်ကြားခဲ့ရသော ကျောင်းသားဟောင်း (၁၈)ယောက်တို့အား စာသင်ကြားစေသည်။    

 ဖါသာရ်ရာဖါအဲလ်သည် (၁၉၅၂)ခုနှစ် မှ (၁၉၆၇)ခုနှစ်အထိ ချောင်းဦိး ဘာသာဝင်များနှင့် မုံရွာဘာသာဝင်များကို ကြည့်ရှုရသည်။ (၁၉၅၆)ခုနှစ် မုံရွာမီးကြီး လောင်သည် ဘုရားကျောင်းနှင့် ဘုန်းကြီးနေကျောင်းမှ လွဲ၍ အားလုံး မီးလောင်ကျွမ်းခံရသည်။ ဖါသာရ် ရာဖါအဲလ်က ဘုရားကျောင်းကို ၀င်းခြံ ပြန်ကာသည်။ ကျောင်းဝင်းအတွင်း ချောင်းဦးက ဘာသာဝင်များ လာရောက် နေထိုင်ကြသည်။ ထိုအချိန်တွင် သာသနာကိစ္စနှင့် ပတ်သက်လို့ ဆရာတော် ဂျိုးဇက်ဦးဝင်းက (၁၉၅၇)ခုနှစ် ဇွန်လ (၇)ရက်နေ့စွဲဖြင့် မန္တလေးသာသနာ ဘုရင်ဂျီ ဘုရားကျောင်းမြေ အတွင်း မှီတင်းနေထိုင်ကြကုန်သော ဘာသာဝင်များ လိုက်နာရန် စည်းကမ်းချက်များကို အောက်ပါအတိုင်း ထုတ်ပြန်ခဲ့သည်။

မန္တလေး ကက်သလစ်သာသနာ ဘုရင်ဂျီဘုရားကျောင်း မြေအတွင်း
မှီတင်းနေထိုင်ကုန်သော ဘာသာဝင်များ လိုက်နာရန်
စည်းကမ်းချက်များ
 ၁။ အိမ်ဆောက်နေရန် မြေကွက်ကို သက်ဆိုင်ရာ ဘုန်းတော်ကြီးထံမှ လျောက်တောင်းရမည်။
 ၂။ ယာယီအိမ်များကိုသာ ဆောက်လုပ်ရမည်။ အခြားခိုင်မာသော တိုက်တာအိမ်များကို ခွင့်မပြု။
 ၃။ ဆောက်လုပ်ရန် ခွင့်ရသောသူသည် အသင်းတော်က သာသနာအတွက် အဆောက်အအုံပြုလုပ်ရန် အလိုရှိသောမြေကို ပြန်အပ်နှင်းရန် ပဋိညာဉ် ပြုလုပ်ရမည်။
 ၄။ ဘာသာတူ အချင်းချင်းမှ တပါး မိမိအိမ်ကို အငှားချစားခြင်း မပြုလုပ်ရန် လုံးဝ တားမြစ်သည်။
 ၅။ အကြောင်းတစုံတခုကြောင့် အခြားအရပ်သို့ ကြာမြင့်စွာ ပြောင်းရွှေ့နေထိုင်သော် မိမိအိမ်ကို ဖျက်ယူ၍ မြေကွက်ကို ဆိုင်ရာ  ရဟန်းအား ပြန်အပ်နှင်းရမည်။
 ၆။ မိမိ အိမ်ဝင်းအတွင်း၌ အခြားသူများ အိမ်ဆောက် နေထိုင်ခွင့် မပြုရ။
 ရ။ ဘုရားကျောင်းမြေပေါ်ရှိ မိမိတို့အိမ်ကို ရောင်းခွင့်ရှိသည် သို့သော် ၀ယ်သူသည် ဘာသာဝင်မဟုတ်က ၄င်းအိမ်ကို ဖျက်ယူသွား  စေရမည်။
 ၈။ တစ်အိမ်ထောင် ဘာသာတူ တဦးလျှင် အိမ်ယာ တကွက်သာ ခွင့်ပြုမည်။
 ၉။ အိမ်ရာတကွက်လျှင် (ပေ၄၀xပေ၅၀) ပတ်လည်သာ ခွင့်ပြုမည်။
                ဆရာတော်
  J.U Win
                   Mandalay
                    ၇.၆.၅၇

    (၁၉၆၅) ခုနှစ် ဖေဖေါ်ဝါရီလ (၂)ရက်နေ့တွင် မုံရွာ၌ မီးကြီး လောင်ပြန်သည်။ အိမ်ခြေ (၁၅၀) မီးလောင်ရာ ကက်သလစ် ဘာသာဝင် အိမ်ခြေ (၄၀) မီးလောင်ကျွမ်းခံရသည်။ ဖါသာရ် ရာဖါအဲလ်သည် ချောင်းဦး မယ်တော်ဂူလိုင် တည်ဆောက်ခဲ့သည်။ (၁၉၆၇)ခုနှစ် ချောင်းရိုးရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရသည်။ ချောင်းရိုး ကျောင်းထိုင်ဘုန်းတော်ကြီးအနေနှင့် ရေဦး ညောင်ကိုးပင် ဘာသာဝင်များကိုလည်း ကြည့်ရှုရသည်။ ဘာသာရေး စာပေ တိုးတက်ပြန့်ပွားရေးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ (၁၉၇၇) ဒီဇင်ဘာ (၇)ရက်နေ့က ဘာသာပြန် ကိစ္စဆောင်ရွက်ပြီး မန္တလေးက ပြန်သွားသည်။ ခရစ္စမတ်ပွဲတော်တွင်လည်း ရေဦး၊ ချောင်းရိုး၊ ညောင်ကိုးပင်၊ မြို့ရွာများကို လွန်းပျံသွား၍ ပွဲ ကျင်းပပေးရသည်။ (၁၉၇၈)ခု ဇန္န၀ါရီလ (၁)ရက်နေ့တွင် ချောင်းရိုး၌ ပျံတော်မူသည်။


ဆက်ရန် -

Read More...

Monday, October 14, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၉)


ဖါသာရ် ပန်တာလေ အိုဂျော့ ဦးမောင်ငယ်
(Fr.George. U Mg Ngai)
    ဖါသာရ်ဂျော့ ဦးမောင်ငယ်၏ ဖခင်မှာ ချမ်းသာရွာမှ ဦးပေါ်အေးဖြစ်၍ မိခင်မှာ အောက်မြန်မာနိုင်ငံမှ ဖြစ်သည်။ (၁၉၁၂) ခုတွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ၄င်းမှ ပီနန် ရဟန်းဖြစ်တက္ကသိုလ်တွင် (၆)နှစ် ပညာသင်ကြားပြီးနောက် (၁၉၂၅)ခု ဇန္န္န၀ါရီလ (၂၅)ရက်နေ့၌ မန္တလေးမြို့ ကာသီဒရယ် ဘုရားရှိခိုးကျောင်းတွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံ ယူပြီးနောက် (၁၉၂၅)ခု စက်တင်ဘာလမှ (၁၉၂၉)ခု ဇွန်လအထိ ရွာတော်ဘာသာဝင်များကို ကြည့်ရူရသည်။ ဖါသာရ်ေ ဂျာ့သည် (၁၉၃၀) မှ (၁၉၃၂) အထိ ဖါသာရ်လောရန်းနှင့် အတူ နဘက်ရွာ ဘာသာဝင်များကို ကြည့်ရူရသည်။ (၁၉၃၀) ကုန်ခါနီး ဖါသာရ်လောရန်း ပျံတော်မူသဖြင့် တပါးတည်း နဘက်ဘာသာဝင်များကို (၁၉၃၂) အထိ ကြည့်ရူခဲ့ရသည်။ ထိုနောက် ဗန်းမော်မြို့တွင် သွားရောက်၍ အမှုထမ်းပြီးနောက် မန္တလေးမြို့ စိန်ဇေးဗီးယားကျောင်းတွင် ဖါသာရ် အလက္ကဇန္ဒားအား ကူညီရန် စေလွှတ်ခြင်း ခံရသည်။

    ထိုအချိန်တွင် ဖါသာရ် အလက္ကဇန္ဒားသည် စိန်ဇေးဗီးယား ဘာသာဝင်များကို ကြည့်ရူရုံမကဘဲ တာမာလ်
အင်္ဂလိပ် အထက်တန်းကျောင်းကို ကျောင်းအုပ်အဖြစ် ဆောင်ရွက်ရသည်။ ဖါသာရ် အလက္ကဇန္ဒားသည် ကလယ်အမျိုးသားတို့၏ ဘာသာရေး၊ပညာရေးနှင့် မြစ်ငယ်သာသနာရေးကို ပါဆောင်ရွက်ရသဖြင့် အလုပ်ကိစ္စ များပြားလှသောကြောင့် ဖါသာရ်ဂျော့ကို ကူညီရန် စေလွှတ်ခဲ့သည်။ ဖါသာရ် အလက္ကဇန္ဒားသည် သာသနာတော်ကြီးပွား တိုးတက်ရန် နယ်သစ်ဌာနသစ် ဖွင့်ရန် ကြံရွယ်တော်မူသည့်အတိုင်း မန္တလေးမြို့နှင့် (၁၇)မိုင်ဝေးသော မေမြို့သွားသော လမ်းဘေး အနီး မြစ်ငယ်မြစ်ခေါ် ဒုတ္ထ၀တီမြစ်ကမ်းပါး အနီးရှိ ကထီရွာတွင် အခြေစိုက်၍ ပတ်ဝန်းကျင်ဒေသရှိ ကျွဲနဖါးရွာ ကျောက်ကြောရွာ၊ စွံရဲရွာ၊ရွေးလက်ဝဲရွာများပါ တဖြည်းဖြည်း သာသနာ ပျံ့ပွားအောင် ကြံရွယ်လျက် စာသင်ပြပေးခြင်း၊ ဆေးကုသပေးခြင်း၊ မွေးဖွားစ ကလေးများကို ဆေးကြောခြင်း မင်္ဂလာပေးခြင်း၊ စသည်တို့ဖြင့် စတင်ကာ သာသနာပြုလျက်ရှိသည်။

    (၁၉၄၂) ခုနှစ် ဗြိတိသျှအစိုးရမင်းများ မြန်မာပြည်မှ ထွက်ခွာသွား၍ ဂျပန်များ ၀င်ရောက်လာကြသည်။ ဂျပန်များ ကျောက်ဆည်ပတ်ဝန်းကျင်သို့ ရောက်ရှိလာသောအချိန်တွင် မန္တလေးမြို့ပေါ်ရှိ အဆောက်အဦးကြီးများကို ဂျပန်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်သည်။ ဤသို့ ဗုံးချစဉ် ၀ါကျွတ်အခါကြီး ရက်ကြီး သောကြာနေ့ကြီး၌ စိန်ဇေးဗီးယားဘုရားကျောင်း ဘုန်းကြီးနေကျောင်း၊ စာသင်ကျောင်း၊ သီလရှင်ကျောင်းများ ဗုံးထိမှန်သဖြင့် ကျောင်းအိပ် ကျောင်းစား ဘော်ဒါ ကျောင်းသား ကျောင်းသူကလေးများ၊ သီလရှင်များနှင့် ဘာသာဝင်အချို့ ကတီရွာသို့ ရွှေ့ပြောင်းကြသည်။ ထိုနောက် သီလှရှင်များနှင့် ကျောင်းသူကလေးများကို ဆရာတော်ကြီးက ပြန်ခေါ်ပြီး စစ်ဘေးကင်းရာ ဗန်းမော်သို့ ပို့လိုက်သည်။ ကတီရွာတွင် ဘုန်းကြီးနှစ်ပါး ဘာသာဝင်အချို့နှင့် မိဖမဲ့ကလေးများသာ ကျန်ရစ်သည်။

    သီလရှင်များ ပြောင်းရွှေ့သွားပြီးနောက် မကြာမီ တနေ့တွင် ည (၇)နာရီအချိန်လောက် လူဆိုး ဓါးပြ (၂၀၀) ကျော်လောက် ရောက်လာကြပြီး ကျောင်းကိုဝိုင်းကာ သေနတ်ဖြင့် ပစ်ကြသည်။ ဖါသာရ်အလက္ကဇန္ဒားမှာ သေနတ်ထိ မှန်၍ ပြင်းထန်စွာ ဒဏ်ရာရပြီး လဲနေသည်။ ကျောင်းအောက်ရှိ ဘာသာဝင်အချို့တို့မှာ သေနတ် ထိမှန်ကြသော်လည်း ဒဏ်ရာ မပြင်းထန်ကြ။ထွက်ပြေး တိန်းရှောင်နိုင်ကြသည်။ ဓားပြများသည် ကျောင်းပေါ်သို့တက်၍ ဘုန်းတော်ကြီးများကို လိုက်လံ ရှာဖွေကြရာ သေနတ်ထိမှန်သော ဖါသာရ်အလက္ကဇန္ဒားကို ပွေ့ဖက်ကူမလျက် ရှိသော ဖါသာဂျော့က အမျိုးမျိုး တောင်းပန်သော်လည်း ပါရှိသောဓားဖြင့် အပိုင်းပိုင်း ခုတ်သတ်လေသည်။ တွေ့ရှိသမျှသော ကျောင်းသားလေးတချို့ကိုလည်း ဓားနှင့် အပိုင်းပိုင်း ခုတ်သတ်ပြီး အစပြတ်အောင် ကျောင်းကိုပါ မီးရှို့ပစ်ကြသည်။ မီးလောင်ပြီး ကြွင်းကျန်ရစ်သော ဘုန်းတော်ကြီးများ၏ အရိုးများကို ဇော်ဂျီဘုန်းတော်ကြီးက သယ်ယူပြီး ဇော်ဂျီ သင်္ချိုင်းတွင် သင်္ဂြိုဟ်သည်။

ဖါသာရ်ဂျိုးဇက် ဦးဝင်း (၁၉၀၁-၁၉၆၅)
(Fr.Joseph U Win)
    ဖါသာရ်ဂျိုးဇက် ဦးဝင်းသည် (၁၉၀၁)ခု အောက်တိုဘာလ (၁၄)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးဘိုးဇွင်နှင့် ဒေါ်အန်နားတို့ ဖြစ်သည်။ မွေးခြင်း (၆)ယောက်ရှိသည့်အနက် ဒုတိယသားကြီး ဖြစ်သည်။ သား(၃)ယောက်ရှိသည့် အနက် (၃)ယောက် စလုံး ရဟန်းဖြစ်ကြသည်။ ဖါသာရ် ဂျိုးဇက်ဦးဝင်းသည် (၁၉၁၃)ခုတွင် ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ (၁၉၁၆) မှ (၁၉၂၄)အထိ ပီနန် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ပညာအ၀၀ကို ဆည်းပူးခဲ့ပြီး (၁၉၂၆) ဇန္န္န၀ါရီလ (၃၁)ရက်နေ့တွင် မန္တလေးမြို့ ကာသီဒရယ် ဘုရားကျောင်း၌ ဆရာတော်ဖူးလ်ကီးယေး လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ပထမ သာသနာပြု အဖြစ် ဗန်းမော်မြို့နယ် နန်းလှိုင်ကျေးရွာတွင် သီတင်းသုံးခဲ့သည်။ ထို့နောက် (၁၉၂၇) မှ (၁၉၃၂)အထိ ချောင်းဦးကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် အမှုထမ်းခဲ့သည်။ ဖါသာရ် ဂျိုးဇက်ဦးဝင်းသည် ချောင်းဦးမြို့ရှိ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသော သခင်မဘုရားရှိခိုးကျောင်းကြီးကို ဆောက်လုပ် ပြီးစီးခဲ့သည်။ဤဘုရားကျောင်းကြီးကို ဘုရားကျောင်းတကာ ဦးထွန်းနှင့် ဒေါ်ဖွားသွယ်တို့၏ လှူဒါန်းငွေတို့ဖြင့် ဆောက်လုပ်ခဲ့သည်။ (၁၉၃၂)ခုတွင် မန္တလေးမြို့ ရွှေနှလုံးတော်ဘုရားရှိခိုးကျောင်းတော်ကြီး၏ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့၏ ဗုံးဒဏ်ကြောင့် မီးလောင်ပျက်စီးသွားသော ရွှေနှလုံးတော် ဘုရားကျောင်းတော်ကြီးကို (၁၉၅၁)ခုနှစ်တွင် ရဟန်းဝါတော် (၂၅)နှစ်မြောက် ငွေရတုသဘင်ပွဲတော်ကြီးကို မန္တလေးမြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။

    (၁၉၅၄) ခုနှစ် ဧပြီလ (၉)ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ၀န်ကြီးချုပ် ဦးနုက မြန်မာတိုင်းရင်းသား ရဟန်းတော်များအား ရောမသို့ ဘုရားဖူး စေလွှတ်ခဲ့သည်။ မန္တလေး ရွှေနှလုံးတော် ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေသော ဖါသာရ်ဂျိုးဇက်ဦးဝင်းက ခေါင်းဆောင်အဖြစ် လိုက်ပါသွားသည်။ ဧပြီလ (၁၀) ရက်နေ့ ည(၈)နာရီတွင် ရဟန်းမင်းကြီး သီတင်သုံးတော်မူသော ရောမမြို့သို့ လေယာဉ်ခရီးဖြင့် ဆိုက်ရောက်ကြသည်။ ထိုနေ့ ထိုရက်သည် ခေါင်းဆောင်အဖြစ် လိုက်ပါသွားသော ဖါသာရ်ဂျိုးဇက်အား ဆရာတော်ကြီး အဖြစ်သို့ တင်မြှောက် ခန့်ထားသော နေ့ရက် မင်္ဂလာ ဖြစ်သည်။ ရဟန်းမင်းကြီး ပေးအပ်တော်မူသော ဆရာတော်ကြီး သိက္ခာကို ဂိုဏ်းချုပ်ဆရာတော် မွန်တီနီ ပုဂ္ဂိုလ်တော်မြတ်ထံမှ ဧပြီလ (၂၀)ရက်နေ့တွင် ရရှိသည်ကစ၍ ဆရာတော် မွန်ဆီညော် ဂျိုးဇက်သည် ဆရာတော်၏ အဆောင်အရောင်ဖြစ်သော ခရစ္စတူးနှင့် ဖဲပြား ခါးပတ်ကို ၀တ်ဆင်ရ ပေတော့သည်။ ဘုရားဖူး ကြွမြန်းခဲ့ကြသည့် အနယ်နယ်ကပင် ခရီးဦးကြို ပြုလျက် ဂုဏ်ပြုကြသည် သာမက မြန်မာ တိုင်းရင်းသား ဆရာတော်ကြီး၏ ကောင်းကြီးဘင်သောင် မင်္ဂလာကို ခံယူလိုပါကြောင်း တောင်းလျောက် မေတ္တာရပ်ခံကြသည့် အလျောက် ကြွမြန်းခဲ့သည့် ဒေသတိုင်းတွင် ဆရာတော် မွန်ဆီညော် ဂျိုးဇက်က ကောင်းကြီး ပေးခဲ့ရသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတော် ၀န်ကြီးချုပ် ဦးနုနှင့်တကွ နိုင်ငံတော်သား အားလုံးတို့၏ ဗမာကို ကမ္ဘာကသိစေရမည် ဟူသော လိုအင်ဆန္ဒမှာ ယခုချိန်ခါဝယ် ပြည့်ဝခဲ့ပေပြီ။ မြန်မာ၏ ဂုဏ်အလင်းရောင်သည် ကမ္ဘာတွင် ထွန်းပြောင်ခဲ့ပေပြီ။မွန်ဆီညော် ဂျိုးဇက်ဦးဝင်းသည် (၁၉၅၄) ခု ဇူလိုင်လ (၁၈)ရက်နေ့တွင် မန္တလေးမြို့၌ ဆရာတော် သိက္ခာခံယူသည်။ အိန္ဒိယပြည် နယူးဒေလီမှ ရဟန်းမင်းကြီး၏ ကိုယ်စလှယ်တော် မာတင်လူးကပ်စ်သည် ဆရာတော် သိက္ခာတင်ပွဲသို့ တက်ရောက်ခဲ့သည်။ ဆရာတော် သိက္ခာတင်ပွဲသို့ တက်ရောက်ကြသော လူထု ပရိတ်ဿတ်မှာ ခန်းမှန်းခြေ (၃၀၀၀)ကျော်မျှ ရှိပေသည်။ ပရိတ်သတ် အပေါင်းအား သိက္ခာတင် အခန်းအနားအကြောင်း ကောင်းစွာနားလည်စေရန် ရွှေဘိုမြို့ ကျောင်းထိုင် ဘုန်းတော်ကြီး ဘိသိတ်ခံ ဆရာတော်ကြီး၏ ညီအရင်းတော်သူ ဖါသာရ်အန်ထော်နီက ပုလဲစီ ရွှဲစီသကဲ့သို့ တဆင့်ပြီး တဆင့် ရှင်းလင်းပြတ်သားစွာ အသံချဲ့စက်ဖြင့် မိန့်ဟပြောကြားပေးတော်မူရာ သိက္ခာတင်ခြင်း အခန်းအနားကြီးအား ထိရောက်စွာ အကူအညီ တရပ်ကို တဘက်မှ ဖြည့််စွက်ခြင်း ဖြစ်စေ၏။ သိက္ခာတင်ပွဲအခန်းအနားကို စိန်ပီတာကျောင်း အားကစားကွင်းတွင် ပေ (၁၄၀x၁၀၀)ရှိ အဆင့်ငါးခန်းမဏ္ဍပ်ကြီး ဆောက်၍ ကျင်းပသည်။

    ဆရာတော် ဂျိုးဇက်ဦးဝင်း၏ ဆရာတော်သိက္ခာတင်ပွဲ အခန်းအနားသို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ၀န်ကြီးချုပ် ဦးနုနှင့် ၀န်ကြီးဦးဝင်းတို့မှာ အလွှဲမရှောင်သာ အရေးပေါ် အထူး ကိစ္စကြောင့် မတက်ရောက်နိုင်သဖြင့် ၀မ်းနည်းသည့် စာချွန်တော်ကို၎င်းတို့၏ ကိုယ်စား မန္တလေးတိုင်းမင်းကြီး ကိုယ်တိုင်တက်ရောက်၍ ဆက်သ ပေးအပ်သည်။

            မြင့်မြတ်လှသော ဆရာတော်၏ ဂုဏ်ထူးကို ခံယူရသဖြင့် ကျွန်ုပ်ဝန်ကြီးချုပ်က မွန်ဆီညော် ဂျေဂျိုးဇက်အား အထူးဝမ်းသာ အားရဖြစ်ရခြင်းကား မြန်မာပြည် ကက်သလစ်သာသနာ ရာဇ၀င်တွင် ပြည်ထောင်စုသား မြန်မာလူမျိုးထဲမှ ပထမဦးဆုံး ထိုကဲ့သို့ ထူးကဲသော ရာထူးသို့ တင်သောကြောင့်ပေတည်း။ ကျွန်ုပ်ကိုယ်တိုင် တက်ရောက်ချီးမြှင့်လိုပါသော်လည်း ပြည်ထောင်စု၏ များမြောင်လှသော အရေးကြီးသည့် အလုပ် ၀တ္တရားများကြောင့် မတက်နိုင်သဖြင့် ၀မ်းနည်းပါ၏။ သို့ဖြစ်၍ ဤနှုတ်ဆက်စာ အားဖြင့်သာလျှင် တင်းတိမ်လိုက်ရပါ၏။ သာသနာပိုင် ရဟန်းမင်းကြီးက တင်မြှောက်ပေးလိုက်သော ဤရာထူး၏ ၀တ္တရားများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်၎င်း။ ခရစ်ယာန် ဘာသာတူ ပြည်ထောင်စုသားတို့၏ ကောင်းသော ရှေ့ဆောင်ဖြစ်နိုင်ရန်၎င်း၊ ကျွန်ုပ် ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

    ပြည်ထောင်စု မြန်မာနိုင်ငံတော် ၀န်ကြီးချုပ်ဦးနုနှင့် သာသနာရေးဝန်ကြီး ဦးဝင်းတို့သည် ကျွန်ုပ် ဆရာတော်သိက္ခာတင်ပွဲ သို့ကိုယ်တိုင်ကြွရောက် ပါဝင် ချီးမြှင့်လိုကြသော်လည်း၊ အကြောင်းမညီညွှတ်၍ မကြွရောက်နိုင်သဖြင့် မိမိ၏ ကိုယ်စား မန္တလေးတိုင်းမင်းကြီးအား ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လျက် မိမိတို့၏ နှုတ်ဆက်စာများကို ဖတ်ကြားပြောရန် စီစဉ်လိုက်ခြင်းကြောင့် ကျွန်ုပ်အားရ ၀မ်းသာစွာ ချီးကျူး၍ ကျေးဇူးဥပကာယတင်ပါကြောင်း နိုင်ငံတော် ၀န်ကြီးချုပ်ဦးနုသည် မကြာမီက ဘုရင်ဂျီဘုန်းကြီးများနှင့် ကိုရင်ကြီးများကို ရောမသို့ ဘုရားဖူးစေလွှတ်ခြင်း၊ အားဖြင့် လူမျိုးမရွှေး ဘာသာမရွှေး၊လွတ်လပ်ရေးတရားကို အထူးမြတ်နိုးသော စေတနာစိတ်ရှိကြောင်း၊ အကောင်အထည် ဖေါ်ခဲ့ပေပြီ။ ယခုလည်း တဖန် ပြည်ထောင်စုသား၏ ထူးကဲသော ဆရာတော်ဘိသိတ်ပွဲတော်သို့ ကိုယ်စာလှယ်အားဖြင့် ပါဝင်ဆင်နွဲပါသောကြောင့် ဘာသာကို လေးစားကြောင်း ကမ္ဘာအား အတိအလင်း ယနေ့ေ ကြငြာပြန်လေသည်။ ထိုအကြောင်းများကြောင့် မြန်မာပြည်မှာ နေထိုင်ကြသော ကက်သလစ်အသင်းဝင် ဆရာတော်များ ရဟန်းသံဃာများ ကိုရင်ကြီးများ သီလရှင်များနှင့် ဘုရင်ဂျီဘာသာတူ အားလုံးကလည်း ဤမျှလောက် ၀မ်းသာဘွယ် ကောင်းသော အခန့်သင့်အကွက်ကို ယူပြီး၊ ပြည်ထောင်စု အစိုးရအား အမြဲသစ္စာရှိစွာ ရိုသေလေးစားပါမည့် အကြောင်း ပြည်ထောင်စုကြီးအားလည်း လုံးဝ ငြိမ်းချမ်းလျက် စည်ပင်သာယာစေရန် ဘုရားသခင်ထံ ဆုတောင်းမေတ္တာ ပေးပို့ကြပါမည်အကြောင်း၊ မန္တလေးသာသနာ၏ ခေါင်းဆောင်အဖြစ်နှင့် ကျွန်ုပ်က အသစ်တဖန် ယနေ့ ၀န်ခံပါသည်။ ဤအကြောင်း အားလုံးတို့ကိုလည်း ၀န်ကြီးချုပ် ဦးနုအား ပြန်လည်လျှောက်ထားပါမည့်အကြောင်းကို တိုင်းမင်းကြီးအား မေတ္တာရပ်ခံ၍ ဤတွင် နိဂုံးချုပ်လိုက်ပါသည်။

    ဆရာတော် ဂျိုးဇက်ဦးဝင်းသည် ဗီယက်နန်အစိုးရ၏ ဖိတ်ကြားချက်အရ (၁၉၅၈)ခုနှစ်တွင် ဗီယက်နန်နိုင်ငံသို့ လေ့လာရေး ခရီး သွားရောက်ခဲ့သည်။ (၁၉၅၉) ခု ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် ဂိုဏ်းချုပ်အာဏာ အပ်နှင်းခြင်း ခံရသည်။ (၁၉၆၂) ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် ဆရာတော်ဂျိုးဇက် ဦးဝင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ စည်သူဘွဲ့ ချီးမြှင့်ခြင်း ခံရသည်။ ဂိုဏ်းချုပ် ဆရာတော်ကြီးဦးဝင်းသည် သက်တော် (၆၄)နှစ်အရွယ် (၁၉၆၅)ခု မေလ (၂၉)ရက်နေ့တွင် ကင်ဆာရောဂါဖြင့် ပျံတော်မူသည်။ ပထမဆုံး ဗမာတိုင်းရင်းသား ဆရာတော်ကြီး ဖြစ်သည်။

။ The little Messenger. Vol 6,Sept,Nov,1954,PP.19-27
။ The little Messenger. Vol 6,Sept,Nov,1954,PP.19-27
။ The little Messenger. Vol 6,Sept,Nov,1954,P.28

ဖါသာရ်သြဂုတ်စတင်း ဦးဖေ (၁၉၀၂-၁၉၄၅)
(Fr.Augustine U Pe)
    ဖါသာရ် သြဂုတ်စတင်း ဦးဖေသည် စစ်ကိုင်းခရိုင် မြောင်မြို့နယ် နဘက်ရွာ၌ (၁၉၀၂)ခုနှစ် ဇန်န၀ါရီလ (၈)ရက်နေ့တွင်မွေးဖွားခဲ့သည်။ မိဖများမှာ ဆရာလှ ဒေါ်မုန်းတို့ဖြစ်သည်။ ငယ်နာမည်မှာ ပေတလူး မောင်ဖေဖြစ်သည်။ နဘက်ရွာ မူလတန်းကျောင်းတွင် မူလတန်း ပညာသင်ကြားပြီးနောက် (၁၉၁၃)ခုတွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်းဝင်သည်။ ထိုမှတဆင့် ပီနန် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ပညာကြားသည်။ (၁၉၂၆)ခု ဇန္န္န၀ါရီလ (၃၁)ရက်နေ့တွင် ဖါသာရ်ဂျိုးဇက် ဦးဝင်းနှင့်အတူ မန္တလေးမြို့ ရွှေနှလုံးတော်ဘုရားကျောင်းတွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ သိက္ခာခံပြီးနောက် မန္တလေးမြို့ ရွှေနှလုံးတော်ကျောင်းတွင် နေရာချထားခြင်း ခံရသည်။ ထိုနောက် ကျောက်ဆည်စီရင်စု၊ ဇော်ဂျီရွာ၊ ချမ်းသာကုန်းရွာ၊ မြောက်ကိုင်းရွာ၊ မန်ကျည်းတောရွာ၊ကင်းလတ်ရွာ၊ ဆင်ဖြူရွာ အုပ်စုကို ကြည့်ရူရသည်။ (၁၉၃၆) မှ (၁၉၄၀)အထိ ချောင်းဦးမြို့နှင့် မုံရွာဘာသာဝင်များကို ကြည့်ရူရသည်။ (၁၉၄၁) မှ (၁၉၄၅) အထိ ရွာတော် ဘာသာဝင်များကို ကြည့်ရူရသည်။ ဖါသာရ်သြဂုတ်စတင်း ဦးဖေ ရွာတော်ဘာသာဝင်များကို ကြည့်ရူ အုပ်ချုပ်ရသောကာလသည် ဂျပန်များ အုပ်စိုးသော ဂျပန်ခေတ်ကာလ ဖြစ်သည်။ ဖါသာရ်သြဂုတ်စတင်း ဦးဖေမှာ ဂျပန်တို့၏ နှိပ်စက်မှုဒဏ်ကြောင့် (၁၉၄၅) ခုနှစ်တွင် ပျံတော်မူသည်။
ဆက်ရန် - 
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၀)

Read More...

Friday, October 11, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၈)


ဖါသာရ် လူဝီ-ဦးချိပ် (၁၈၈၁-၁၉၆၀)
Fr. Lowis
    ဖါသာရ် လူဝီ ဦးချိပ်သည် ခရစ်သက္ကရာဇ် (၁၈၈၁)ခုနှစ်တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဘများမှာ ဦးစံရ-ဒေါ်နီတာတို့ ဖြစ်သည်။ ဖါသာရ်လူဝီဦးချိပ်၏ အဘိုးဦးဘိုးစာက ချောင်းဇုံရွာသား သီပေါမင်း၏ အမှုထမ်းတစ်ဦးဖြစ်သည်။ အယူသီး ဗုဒ္ဓ၀ါဒီတဦးလည်း ဖြစ်သည်။ ဦးဘိုးစာသည် ချမ်းသာရွာသူ ဒေါ်မယ်ကြွယ်နှင့် အိမ်ထောင်ကျသည်။ ဘာသာကွဲ လက်ထပ်သည်။ ၄င်းတို့မှ ဖါသာရ်လူဝီဦးချိပ်၏ မိခင် ဒေါ်နီတာကို မွေးသည်။ ဒေါ်နီတာမှာ ချမ်းသာရွာ ဦးစံရနှင့် အိမ်ထောင်ကျသည်။ ဦးစံရ ဒေါ်နီတာတို့မှ မဖွားရှိန်၊ မောင်ချိပ်၊ မဖွားစိန်ဟူ၍ သားသမီ (၃) ယောက် ထွန်းကားသည်။ မောင်ချိပ် (၅)နှစ်သား အရွယ်တွင် အဖွားဒေါ်မယ်ကြွယ် ကွယ်လွန်သည်။ မရှေးမနှောင်းမှာပင် ဖခင် ဦးစံရ ကွယ်လွန်ပြန်သည်။ ဒေါ်နီတာတို့ မိသားစုမှာ အဘိုးရှိရာ ချောင်းဇုံရွာသို့ ရွှေ့ပြောင်း နေထိုင်ကြသည်။ မောင်ချိပ် (၈)နှစ်သားအရွယ်တွင် အဘိုးဖြစ်သူ ဦးဘိုးစာက ဗုဒ္ဓဘာသာ ထုံးစံအရ အလှူပေးသည် သင်္ကန်း စည်းပေးလိုက်သည်။ ကိုရင်ဘ၀ (၂)၀ါရပြီး အသက် (၁၀)နှစ်အရွယ်တွင် လူထွက်သည်။ ဦးဘိုးစာ၏ စီမံချက်အရ နွားကျောင်းရသည်။

    တနေ့တွင် ဦးဘိုးစာ ခရီးသွားနေစဉ် ဒေါ်နီတာ အသဲအသန် မကျန်းမာဖြစ်ရာ ချမ်းသာရွာ ဆွေမျိုးများ စီစဉ်ပေးမှုကြောင့် နောက်ဆုံး စက္ကရမင်တူးများ ကောင်းစွာ ခံယူပြီး ကွယ်လွန်ခဲ့သည်။ ဦးဘိုးစာ ပြန်ရောက်လာပြီး၊ ယူကြုံးမရ ဖြစ်ရသည်။ ဒေါ်နီတာ၏ ရုပ်ကလပ်ကို ချမ်းသာရွာသင်္ချိုင်းတွင် သင်္ဂြိုလ်ရန် တောင်းခံရာ ဦးဘိုးစာက လုံးဝ ခွင့်မပြုပါ။ ဘုရင်ဂျီသင်္ချိုင်းလည်း မဟုတ် ဗုဒ္ဓဘာသာ သင်္ချိုင်းလည်း မဟုတ်သော ဘိုးဘပိုင် မြေတကွက်တွင် သင်္ဂြိုလ်သည်။ ဘုရင်ဂျီ ဘုန်းကြီးရော ဗုဒ္ဓဘာသာဘုန်းကြီးပါ နှစ်ဦး ပြိုင်တူရွတ်ဖတ် သင်္ဂြိုလ်ကြသည်။ ဘုရင်ဂျီဘုန်းကြီး မပြီးမီ ကြေးစည်တီးသဖြင့် ဘုရင်ဂျီဘုန်းကြီးက ကြေးစည်ကြီးကို ယူပြီး အဝေးသို့ လွှင့်ပစ်လိုက်သည်။ ရုပ်ကလပ်ကို ထမ်းသူများကလည်း ချမ်းသာရွာ ဘာသာဝင်များပင် ဖြစ်သည်။ မြုပ်နှံ သင်္ဂြိုလ်သောအခါ ချမ်းသာရွာ ဘာသာဝင်များက အနောက်သို့ ဦးခေါင်းထားပြီး မြှပ်သည်။ ဦးဘိုးစာနှင့် ရွာသားများက မကျေနပ်သဖြင့် ညအခါ ပြန်ဖေါ်ပြီး အရှေ့သို့ ဦးခေါင်းထားကာ သင်္ဂြိုလ်လိုက်ကြသည်။

    တနေ့တွင် ချမ်းသာရွာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ်ဖိုးသည် မြင်းစီး၍ ချောင်းရိုးအသွားတွင် နွားကျောင်းနေသော (၁၃)နှစ်သား အရွယ် မောင်ချိပ်နှင့် တွေ့သည်။ ထိုအချိန်မှစ၍ ဖါသာရ်ဖိုးနှင့် မောင်ချိပ် မကြာခဏတွေ့ဆုံ၍ ဘုန်းတော်ကြီးက ဖြောင့်ဖျသည်။ မောင်ချိပ်ကို အသက်(၁၄)နှစ်တွင် အဘိုးဖြစ်သူ ဦးဘိုးစာအား အသိမပေးဘဲ ဖါသာရ်ဖိုး၏ စီမံချက်အရ မန္တလေးမြို့ ရဟန်းဖြစ်သင်ကျောင်းသို့ ပို့လိုက်သည်။ ဦးဖိုးစာ စုံစမ်းသိရှိသောအခါ ပျံလေတဲ့ဌက်ခါး နားကာမှသိမပေါ့ ငါ့မြေး ကြိုးရှည်ရှည်နဲ့ လှန်ထားလိုက်ဦးမယ်ဟု ကြိမ်းဝါးသည်။ မောင်ချိပ်သည် မန္တလေးမှ ပီနန်ကျွန်း ရဟန်းဖြစ်တက္ကသိုလ်သို့ သွားရောက် ပညာဆည်းပူးခဲ့သည်။ ပညာစုံ၍ ပီနန်မှအပြန် အဘိုးဦးဘိုးစာကို သွားရောက် တွေ့ဆုံ နှုတ်ဆက်သည်။ ဦးဘိုးစာသည် ရုပ်ရည်သန့်သန့် ခန့်ခန့် ယောက်ျားပီပီ သင်္ကန်းဖြူအရှည်ကလေးနှင့် မြေးကလေး ကိုရင်ချိပ်ကိုတွေ့သော အခါ အလွန် ကျေနပ်နေသည်။ ကိုရင်ချိပ်က မိမိ ရဟန်းသိက္ခာခံယူပွဲတွင် တရားဦးနာရန် အဘိုးဖြစ်သူ ဦးဘိုးစာ မန္တလေးလိုက်ခဲ့ဘို့ မှာကြားခဲ့သည်။ ဦးဘိုးစာက မြေးကလေး ကိုရင်ချိတ် သိက္ခာမတင်မီ တနှစ်အလိုတွင် ကွယ်လွန်သွားရှာသည်။ ဖါသာရ်လူဝီဦးချိပ်သည် ၁၉၁၁ ခုတွင် မန္တလေး၌ ရဟန်းသိက္ခာ ခံယူခဲ့သည်။ သိက္ခာတင်ပြီး မန္တလေး၊ ဇော်ဂျီ၊ မြောက်ကိုင်း၊ မြစ်ငယ်ကျေးရွာများရှိ ဘာသာဝင်များကို ကြည့်ရူရသည်။ ထိုနောက် (၁၉၂၀) ခု နိုဝင်ဘာလမှ (၁၉၂၄)ခု ဖေဖေါ်ဝါရီလအထိ ရွာတော် ဘာသာဝင်များကို ကြည့်ရူခဲ့ရသည်။ (၁၉၂၄)ခု ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် မုံလှရွာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖြစ်လာသည်။ (၁၉၃၉)ခုတွင် ဘုရားကျောင်းဆောက်၍ (၁၉၄၁)ခုနှစ်တွင် ကောင်းချီးပေး သာဓုခေါ်သည်။ (၁၉၃၆)ခုနှစ်တွင် ရဟန်းဝါတော် (၂၅)နှစ်မြောက် ငွေရတုသဘင် ကျင်းပခဲ့သည်။ မုံလှရွာတွင် (၃၄)နှစ် သီတင်းသုံးပြီး (၁၉၅၈)ခု မတ်လ(၂၀)ရက်နေ့တွင် ချမ်းသာရွာတွင် ခေတ္တအနားယူပြီး အမရပူရသို့ ပြောင်းရွှေ့သည်။ ရွှေဂျူဗလီ ကျင်းပရန် ပြင်ဆင်နေစဉ် (၁၉၆၀)ခုနှစ် နိုဝင်ဘာလ (၁၆)ရက် သက်တော် (၇၉)နှစ်တွင် အမရပူရ၌ ပျံတော်မူသည်။ နောက် (၄-၅)နှစ်အကြာ မန္တလေးမြို့ အေလမ်းရှိ ခရစ်ယာန်သင်္ချိုင်းသို့ ရွှေ့ပြောင်းသည်။ (၁၉၉၉)ခု ဖေဖေါ်ဝါရီ (၂၇)ရက်နေ့တွင် ကြာနီကန် သင်္ချိုင်းသို့ ရွှေ့ပြောင်းသဂြိုလ်သည်။

။ ဆရာဦးမြမောင် (မုံလှ)၏ မှတ်တမ်း
။ ဆရာဦးမြမောင် (မုံလှ)၏ မှတ်တမ်း
။ ဆရာဦးမြမောင် (မုံလှ)၏ မှတ်တမ်း

ဖါသာရ်ကာလူး ဦးထွန်းဝင်း (၁၈၈၃-၁၉၆၀)
(Fr.Carolus U Tun Win)
    ဖါသာရ်ကာလူး ဦးထွန်းဝင်းသည် (၁၈၈၃)ခုတွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့တွင် မွေးဖွားခဲ့သည်။ မိဖများမှာ ဦးဘိုးထင် - ဒေါ်ဖွားကြွယ်တို့ ဖြစ်သည်။ မွေချင်း(၈)ယောက်ရှိသည့်အနက် သားဦး ရတနာဖြစ်သည်။ ဦးထွန်းဝင်းညီ -ဦးထွန်းဘမှာ ပီနန်ရဟန်း ဖြစ်သင်ကျောင်းတွင် ပညာသင်ကြားနေစဉ် ကိုရင်ဘ၀ဖြင့် ပျံတော်မူသည်။ ဖါသာရ်ကာလူ ဦးထွန်းဝင်းသည် ရဟန်းသိက္ဓာ ခံယူပြီး နောက်အမရပူရတွင် ခေတ္တ ကျောင်းထိုင်ခဲ့သည်။ ၄င်းနောက် မန္တလေးမြို့ လဖုန်းစိန်ဂျိုးဇက်ကျောင်းတွင် ခေတ္တ ကျောင်းထိုင်ပြီး  ကချင်ပြည်နယ် ပန်ခတ်ကျေးရွာတွင် ကျောင်းထိုင်အဖြစ်နှင့် နှစ်ရှည်လများ သာသနာအမှုတော်ကို ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မိုးကုတ်ကျောင်းထိုင်အဖြစ် အမှုထမ်းစဉ် မိုးကုတ်မှ ချောင်းဦးသို့ ခေတ္တသွားရာ အပြန်တွင် ဂျပန်များက ဖမ်းဆီးပြီး မန္တလေးနန်းတွင်းတွင် ချုပ်နှောင်ထားခဲ့သည်။ စစ်ပြီးသောအခါ အမရပူရတွင် ခေတ္တ ကျောင်းထိုင်ခဲ့သည်။ (၁၉၅၂)ခုနှစ်တွင် မန္တလေးစိန်မိုင်ကယ် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် အမှုထမ်းစဉ်တွင် ကျမ်းစာများ၊ မေတ္တာစာများ၊ ဆုတောင်းစာများ၊ ဓမ္မသီချင်းများကို မြန်မာဘာသာဖြင့် ရေးသားခဲ့သည်။ ဖါသာရ်ကာလူး ဦးထွန်းဝင်းသည် (၁၉၆၀)ခုနှစ် မတ်လ (၂၉)ရက်နေ့တွင် စိန်မိုင်ကယ် ကျောင်းထိုင်အဖြစ် အမှုထမ်းဆောင်ရင်း ပျံတော်မူသည်။

။ ဦးခင်မောင်ဆင့် (သံဝင်း) မန္တလေး၏ မှတ်တမ်း။




ဖါသာရ်လေအို ဦးဝန် (၁၈၈၇-၁၉၆၉)
(Fr.Leo U Win)
    ဖါသာရ် လေအိုဦးဝန်သည် (၁၈၈၇)ခုနှစ် ဧပြီလ (၄)ရက်နေ့တွင် ချောင်းဦးမြို့၌ မွေးဖွားခဲ့သည်။ မိဘနှစ်ပါးမှာ ဦးသာခေါင်နှင့် ဒေါ်လွန်းအေးတို့ ဖြစ်သည်။ (၁၉၁၂)ခု ဇွန်လ(၁)ရက်နေ့တွင် ရဟန်းသိက္ဓာ ခံယူသည်။ ကိုယ်တော်သည် မန္တလေးသာသနာမှ တည်ထောင်သော ရဟန်းဖြစ်သင်ကျောင်းမှာ ပထမဆုံးဖြစ်သော ဘုန်းတော်ကြီး (၃)ပါးတွင် တစ်ပါး အပါအ၀င်ဖြစ်သည်။ ပညာသင်ရာတွင် လက်တင်ဘာသာ ထူးချွန်သူဖြစ်သည်။ ရဟန်းသိက္ဓာခံယူပြီးနောက် မြန်မာပြည်တွင် ဆဌမအကြိမ်မြောက် စစ်ကိုင်းခရိုင် နဘက်ရွာတွင် ဖွင့်လှစ်သော ရဟန်းဖြစ်သင်ကျောင်း စာချပုဂ္ဂိုလ်အဖြစ် ခန့်ထားခြင်းခံရသည်။ သို့သော် အမြဲတန်း ရဟန်းဖြစ်သင်ကျောင်းကို မေမြို့တွင်ဆောက်ပြီးသောအခါ (၁၉၁၄)ခုနှစ်တွင် ကျောင်းသား(၁၇) ယောက်နှင့်အတူ မေမြို့သို့ ပြောင်းရွှေ့သွားရသည်။ မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ဦးဝင်းနှင့် ဂိုဏ်းချုပ်ဆရာတော် အလောရှက်ဦးဘခင်တို့သည် ဖါသာရ်လေအို၏ တပည့်များ ဖြစ်ကြသည်။ (၁၉၁၂)ခု ရဟန်းဖြစ်သည်မှစ၍ ရဟန်းဖြစ်သင်ကျောင်းတွင် စာချပုဂ္ဂိုလ်အဖြစ် အမှုထမ်းခဲ့ရာ (၁၉၂၉)ခုတွင် မျက်စေ့မှုန်လာသဖြင့် (၁၈)နှစ်တိုင်တိုင် အမှုထမ်းခဲ့သော စာချပုဂ္ဂိုလ်အဖြစ်မှ အနားယူလိုက်သည်။ မျက်စေ့ မှုန်သော်လည်း အသက် (၄၂)နှစ်သာရှိသေး၍ ကျန်းမာရေး ကောင်းသောကြောင့် မိတ္ထိလာခရိုင်၊ ရမည်းသင်းခရိုင်က ဘာသာရွာများနှင့် မြင်းခြံရှိ ဘာသာဝင်များကို (၃)နှစ် ကြည့်ရူခဲ့သည်။

    (၁၉၃၁) ခုနှစ်မှစ၍ ချမ်းသာရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ဘာသာဝင် (၁၀၀၀)ကျော် အုပ်ချုပ်ရသည်။ ဖါသာရ် လေအိုသည် ရေဦးမြို့ ရွှေနှလုံးတော်ဘုရားကျောင်း သွားရောက် တည်ဆောက်စဉ် (၁၉၃၄)ခု မတ်လ (၁၉)ရက်နေ့ သံဇူဇယ်ပွဲနေ့ညနေ ဘုရားကျောင်းမတက်မီ ချမ်းသာရွာ ဘုန်းကြီးနေကျောင်း မီးလောင် ပျက်စီးသွားသည်။ ဖါသာရ်လေအို ဦးစီး၍ ပြန်လည်ဆောက်ရာ ပြီးစီးသွားသဖြင့် (၁၉၃၈) ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့တွင် ကောင်းကြီးပေး သာဓုခေါ်သည်။ (၁၉၄၂)ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်များ ၀င်ရောက်ပြီး (၁၉၄၅)တွင် ချမ်းသာရွာရှိ ဘုန်းတော်ကြီး ဖါသာရ်လေအိုနှင့် ဖါသာရ်ရာဖါအဲလ်တို့အား ဖမ်းဆီး ခေါ်ဆောင် သွားကြသည်။ ရွှေဘိုမှ မန္တလေးအထိ လိုက်သွားကြရသည်။ မ၀ တ၀ စားကြရသည်။ ဂျပန်တို့လက်ထက်တွင် (၃)လကျော်ကျော် ငရဲ ခံရကြရသည်။ စစ်ပြီးမှ ပြန်လည် လွှတ်မြောက်လာကြသည်။ (၁၉၅၁) ခုနှစ်တွင် ချမ်းသာရွာ ဘုရားကျောင်းကြီး၏ ခေါင်းလောင်းစင် အောက်မှ တံခါးကြီးများ ဖွင့်မရသည့် အခြေအနေတွင် မန္တလေးမှ အင်ဂျင်နီယာနှင့် ပရံဆရာများ လာရောက်၍ ဘုရားကျောင်း နံရံများကို ဖေါက်၍ သံချောင်းနှင့် ကျောက်ထုပ်ကြီးများ ရိုက်သည်။ အရံငှက်ပျောဖူးငယ်များကို သစ်သားအစား အုတ်အင်္ကတေဖြင့် ဘုရားကျောင်းတစ်ခုလုံး ပြင်ဆင်မွမ်းမံသည်။ ချမ်းသာရွာကျောင်းဝင်းအတွင်း မယ်တော်ဂူ အနောက်ဘက် ဦးသံ ဒေါ်ပွင့်လှူဒါန်းသော ရှေးဟောင်းဇရပ်ကြီးနေရာတွင် ဦးမောက်ကြီး ဒေါ်ခင်တို့လှူသော တထပ်နံကပ်တိုက်ကို တိုးချဲ့ စာသင်ကျောင်းဆောင်သစ် တခုဆောက်လုပ်ခဲ့သည်။ ဒီပဲယင်းမြို့အနီးရှိ ရုံးပင်ဟူသော ဘုရင်ဂျီရွာတည်ခဲ့သည်။ ဘုရားကျောင်းပွဲ ကျင်းပခဲ့သည်။ ဂျပန်ခေတ်တွင် ရွာပျက်သည်။

    ဖါသာရ်လေအိုသည် သက်တော် (၆၆)နှစ်သို့ရောက်၍ ဇရာထောင်းလာသောအခါ များပြားလှသော ဘာသာဝင်အုပ်စုကြီးကို ကြည့်ရူ့ရန် ၀န်နှင့်အား မမျှသောကြောင့် အနည်းငယ်သက်သာစေရန် ကိုယ်တော်ကြီး နေထိုင်ရန် သင့်တော်သည့်နေရာကို ရွှေးချယ်စေရာ ပထမဆုံးနေထိုင်ခဲ့သော နဘက်ရွာကို အသင့်တော်ဆုံးဟု ဆုံးဖြတ်၍ ကွယ်လွန်သည်အထိ နဘက်ရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် အမှုထမ်းခဲ့သည်။ ဖါသာရ်လေအိုသည် ဖါသာရ်ပေါလ် ပြုပြင်၍ အပြီးမသတ်သော နဘက်ဘုရားရှိခိုးကျောင်း ကျန်အစိတ်အပိုင်းများ ပြုလုပ်ပြီး၊ (၁၉၅၅)ခုတွင် ရွှေဂျူဗလီပွဲတော်ကို နဘက်ရွာ၌ ကျင်းပခဲ့သည်။ ငွေဂျူဗလီကို ချမ်းသာရွာ၌ ကျင်းပခဲ့သည်။ (၁၉၆၉)ဇန်န၀ါရီလလောက်တွင် ခြေတဘက်နာ၍ ဘုရားကျောင်းသို့ မဆင်းနိုင်ဘဲ ဘုန်းကြီးကျောင်းပေါ်တွင် မစ္ဆားပူဇော်ရသည်။ မတ်လအစတွင် မန္တလေးသို့ လာရောက် ဆေးကုလိုကြောင်း အကြောင်းကြားလိုက်သဖြင့် ဘုန်းတော်ကြီး ဦးသန်းအောင်နှင့် ဆရာမကြီး ဒေါ်မယ်ဂီတို့သည် ကားရော လူ အကူအညီပါလာရောက်၍ မန္တလေးသို့ တပါတည်း ခေါ်ဆောင်သွားကြသည်။ မန္တလေးတွင် ဆရာဝန် ဆရာမများ ကြပ်မတ်ကုသနေစဉ် (၁၉၆၉)ခု မတ်လ (၁၄)ရက်နေ့တွင် ပျံတော်မူသည်။

ဖါသာရ် အာလက်ဆီ ဦးဘခင်
ဖါသာရ်အာလက်ဆီ ဦးဘဒင်သည် (၁၈၉၈)ခု မတ်လ (၉)ရက်နေ့တွင် ချောင်းဦးမြို့၌ ဖွားမြင်ခဲ့သည်။ (၁၉၁၂) ခုနှစ်တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ၄င်းမှတဆင့် ပီနန် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ပညာသင်ကြားပြီး (၁၉၂၅)ခုတွင် ဇန်န၀ါရီလ (၂၅)ရက်နေ့တွင် မန္တလေး ကာသီဒရယ်၌ ရဟန်းသိက္ခာခံသည်။ ထိုနောက် ကျောက်ဆည်နယ်ရှိ ဘာသာဝင်များကို ကြည့်ရူ့ရသည်။ ဖါသာရ် အာလက်ဆီသည် (၁၉၃၂)ခု သြဂုတ်လမှ (၁၉၃၃)ခု ဇန္န္န၀ါရီလအထိ ရွာတော်ဘာသာဝင်များကို ကြည့်ရူရသည်။ ဖါသာရ်အာလက်ဆီ လက်ထက်တွင် ရွာတော်ဘုရားကျောင်းသည် ရပ်ရွာ၏ လူဦးရေနှင့် ၀န်ဆန်မှု့ မမျှသဖြင့် ယခင် ပျဉ်ကျောင်းအစား အုတ်ကျောင်း ဆောက်လုပ်ရန် ဆရာဦးင၊ ဆရာချုံတို့နှင့် တိုင်ပင်သည်။ အမြို့မြို့ အရွာရွာမှာ အလှူခံ၍ ရရှိငွေနှင့် အသင်းတော်၏ ထောက်ပံ့ငွေတို့ ပေါင်းကာ အုတ်ဘုရားကျောင်းကို အင်္ဂျင်နီယာ မစ္စတာဟားဝပ် ဦးစီး၍ ဆောက်လုပ်ခဲ့သည်။ ဖါသာရ်အာလက်ဆီမှာ ဘုရားကျောင်း မပြီးမှီ ပြောင်းရွှေ့သွားရသည်။ ဖါသာရ်လောရင်းက ဆက်လက် ဆောက်လုပ်ခဲ့သည်။ ဖါသာရ်ပေါလ် ဦးကျော် လက်ထက်ရောက်မှ ကျောင်းသာဓုခေါ်သည်။ ဘုရားကျောင်းအမည်မှာ မာရီးယား မာဒလေနာဖြစ်သည်။ မာရီယား မာဒလေနား ဆင်းတုတော်ကို ချောင်းဦးက ဒေါ်ဖွားဦးက လှူသည်။

    (၁၉၃၄)ခုတွင် ဖါသာရ်အာလက်ဆီ မင်းတပ် ပြောင်းရွှေ့ရသည်။ (၁၉၃၇)မှ (၁၉၅၉)ခုနှစ်အထိ ချောင်းရိုးရွာ ဘာသာဝင်များကို ကြည့်ရူ ခဲ့ရသည်။ ချောင်းရိုးရွာ၌ နေစဉ် ဂျပန်တို့၏ ဗုံးဒဏ်ကြောင့် ပျက်စီးသွားသော ချောင်းရိုးရွာ ဘုရားကျောင်းကို ပြန်လည် ပြင်ဆင်ခဲ့သည်။ ဘုန်းကြီးနေကျောင်း အသစ် ဆောက်ခဲ့သည်။ ဖါတီမာ မယ်တော်၏ ကျောင်းဆောင်ကိုလည်း ဆောက်လုပ်ခဲ့သည်။ (၁၉၅၉)ခုတွင် ချောင်းရိုးမှ ပြောင်းရွှေ့သည် မြင်းခြံတွင် (၂)နှစ်နေပြီး မြောက်ကိုင်းမှ တဆင့် အနားယူခဲ့ရာ (၁၉၇၃)ခု သြဂုတ်လ (၂)ရက်နေ့တွင် မေမြို့၌ ပျံတော်မူသည်။

ဖါသာရ်ပီတာ
(Fr.Peter)
    ဖါသာရ်ပီတာသည် ချောင်းဦးဇာတိဖြစ်သည်။ မော်လမြိုင် ရဟန်းဖြစ်သင်ကျောင်းမှ တဆင့် ပီနန်ရဟန်း ဖြစ်သင် တက္ကသိုလ်တွင် ပညာသင်ကြားပြီး (၁၉၂၅)ခု ဇန္န္န၀ါရီလ (၂၅)ရက်နေ့တွင် ဖါသာရ်အာလက်ဆီ ဦးဘဒင်၊ ဖါသာရ် ဗော်နဗင်တုးရာ ဦးဘိုးခင်၊ ဖါသာရ်ပန်တာလေအိုဂျော့ ဦးမောင်ငယ်တို့နှင့် အတူ မန္တလေးမြို့ ကာသီဒရယ်ဘုရားကျောင်း၌ ရဟန်းသိက္ဓာယူပြီး ဖါသာရ်ပီတာသည် ဗန်းမော်မြို့ရှိ ရှမ်းနှင့် ကချင် ဓမ္မဆရာကျောင်းတွင် ကျောင်းအုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၃၀)မှ (၁၉၃၂)ထိ ရွာတော်ဘာသာဝင်များကို ကြည့်ရူခဲ့သည်။ (၁၉၃၂) မှ (၁၉၃၆) ထိ ချောင်းဦးဘာသာဝင်များကို ကြည့်ရူခဲ့ပြီး။ (၁၉၃၇)ခုနှစ်၊ စက်တင်ဘာလ(၃)ရက်နေ့တွင် အမရပူရ၌ ပျံတော်မူသည်။

။ The voice,March,1925,PP.75-76

ဖါသာရ်ဗောနာဗင်တူးရား-ဦးဘိုးခင်
(Fr.Bonaventure)
    ဖါသာရ် ဗောနာဗင်တူးရား ဦးဘိုးခင်သည် (၁၉၁၂)ခုတွင် ရဟန်းဖြစ်သင်ကျောင်းဝင်သည်။ (၁၉၂၅)ခု ဇန္န္န၀ါရီလ (၂၅) ရက်နေ့တွင် ဖါသာရ်ပီတာ၊ ဖါသာရ်အာလက်ဆီ၊ ဖါသာရ်ပန်တာလေအိုဂျော့ဦးမောင်ငယ်တို့နှင့်အတူ မန္တလေးမြို့ ကာသီဒရယ်ဘုရားရှိခိုးကျောင်းတွင် ရဟန်းသိက္ဓာ ခံယူခဲ့သည်။ (၁၉၄၆)ခုတွင် ပျံတော်မူသည်။

ဆက်ရန် -

Read More...

Tuesday, October 8, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၇)

နိုင်ငံခြား သာသနာပြု ရဟန်းများနောက် ဘုရင်ဂျီ ရွာကြီးများကို
ဆက်လက် ကြည့်ရူ ထိန်းသိမ်းခဲ့ကြသော
နိုင်ငံသား ရဟန်း ဘုန်းတော်ကြီးများ

ဖါသာရ် မိုးဇယ် (၁၈၄၃-၁၉၀၉)
(Fr.Moses.)
    ဖါသာရ် မိုးဇယ်သည် (၁၈၄၃)တွင် ချောင်းရိုးရွာ၌ မွေးဖွားခဲ့သည်။ အသက် (၂၅)နှစ်ကျော်မှ ဆရာတော်ကြီး ဘီဂန်းဒက် လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ထိုစဉ်က မန္တလေးသာသနာသည် ရန်ကုန်သာသနာမှ မခွဲသေးပါ ဖါသာရ်မိုးဇယ်သည် မော်လမြိုင်တွင် တာဝန်ကျသည်။ ထိုစဉ်က မော်လမြိုင်မြို့တွင် ဖွင့်လှစ်ထားသော ရဟန်းဖြစ်သင်ကျောင်းတွင် ပထမဆုံး တိုင်းရင်းသား ကျောင်းအုပ် ဘုန်းတော်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ဖါသာရ်မိုးဇယ်သည် (၁၉၀၉) ခုနှစ် သက်တော် (၆၆)တွင် မော်လမြိုင်၌ ပျံတော်မူသည်။

ဖါသာရ်မိုးဇယ်၏ အုတ်ဂူပေါ်မှ ကမ္ဗည်းစာ
(1843-1009) Primus Moderato Seminarii
ရဟန်းဖြစ်သင်ကျောင်း၏ ပထမဆုံးသော ကျောင်းအုပ်

။ ချောင်းရိုးရွာဘုရားကျောင်းရာပြည့်စာစောင် စာမျက်နှာ-၁၅

ဖါသာရ် တိုဘိယ(၁၈၄၉-၁၉၂၅)
(Fr.Tobias)
ဖါသာရ်မိုးဇယ်၏ တူတော်သူ ဖါသာရ်တိုဘိယသည် (၁၈၄၉) ခု ဇွန်လတွင် ချောင်းရိုးရွာ၌ မွေးဖွားခဲ့သည်။ မင်းတုန်းမင်းကြီး လက်ထက် ဘုရင်ဂျီရွာများ အချိုးကျ စစ်မှု့ထမ်းရန် ထုတ်ပြန်ထားသည့် အမိန့်အရ ဖါသာရ်တိုဘိယသည် (၁၆) နှစ်အရွယ်တွင် စစ်မှုထမ်းခဲ့သည်။ အသက် (၁၉)နှစ်အရွယ်တွင် ဆရာတော် ဘီဂန်းဒက်၏ အားပေးမှုကြောင့် ပီနန် ရဟန်းဖြစ်သင်ကျောင်းသို့ သွားရောက်၍ ပညာ သင်ကြားခဲ့သည်။ (၁၈၇၈)ခုတွင် မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့သည်။ (၁၈၈၄) ခုတွင် ဆရာတော်ကြီး ဘူးရ်ဒွန်းထံမှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် ဖါသာရ် တိုဘိယအား မန္တလေးမြို့ မြောက်ဘက်ရှိ မတ္တရာမြို့နယ်သို့ သာသနာပြုရန် စေလွှတ်ခဲ့ရသည်။ ဖါသာရ်တိုဘိယသည် အားကျိုးမာန်တက် ဆောင်ရွက်သော်လည်း အောင်မြင်မှု မရဘဲ တနှစ်ကြာသောအခါ မိဘမဲ့ ယောင်္ကျားလေး (၂) ယောက်ကို ခေါ်ခဲ့ပြီး ပြန်ခဲ့သည်။

    ဆရာတော်ကြီး ဆီမွန်လက်ထက် မန္တလေးမြို့ တောင်ဘက်သို့ သာသနာပြုရန် စေလွှတ် ခဲ့ပြန်သည်။ ဤအကြိမ်တွင် ပလိပ်မြို့နှင့် မိုင်အနည်းငယ် ကွာဝေးသည့် ချမ်းသာကုန်းရွာရှိ ဇရပ် တန်ဆောင်းပေါ်တွင် တည်းခိုလျက် တရား ဒေသနာ ဟောကြားသည်။ ရရှိသော ဘာသာဝင် မိသားစုများနှင့်အတူ ဆင်းရဲခြင်းကို ကြံ့ကြံ့ခံကာ ထိုနေရာတွင် နေထိုင်ခဲ့သည်။ ဆရာတော်ကြီးက ယင်း ဘာသာဝင်များကို အုပ်ချုပ်ရန်နှင့် ဘုရားကျောင်း ဆောက်ရန် ဖါသာရ် ဝေဟင်းဂါး(၀င်းဂဲ)ကို စေလွှတ်ခဲ့သည်။ ပလိပ် ဘာသာဝင်များက မိမိတို့၏ လက်ဦးဆရာဖြစ်သော ဖါသာရ် တိုဘိယကို ကြည်ညိုကြသည့်အတွက် နောက်ရောက်လာသည့် နိုင်ငံခြားသား မျက်နှာဖြူ ဘုန်းတော်ကြီး ဖါသာရ်ဝေဟင်းဂါးကို မလိုလား၍ ကိစ္စတုံး စီရင်ရန် ကြံစည်ကြသည်။

    တည၌ ဆုတောင်းမေတ္တာများ ရွတ်ဆိုပြီးချိန်တွင် လူဆိုးများ ရုတ်တရက် ၀င်ရောက်လာကြသည်။ နိုင်ငံခြားသား မျက်နှာဖြူ ဘုန်းကြီး ဖါသာရ်ဝေဟင်းဂါး အထင်နှင့် ဖါသာရ်တိုဘိယနှင့် ကျောင်းသားကလေး ပီတာကို ဓါးနှင့် ခုတ်ပိုင်းကြသည်။ သေပြီဟု ထင်မှတ်၍ ချက်ခြင်း ထွက်ပြေးကြသည်။ ၄င်း လူဆိုးများကို ဖမ်းမိခဲ့ခြင်း မရှိပေ။ ဖါသာရ် ဝေဟင်းဂါးမှာ ဓါးခုတ်ခြင်းမှ လွတ်မြောက်ခဲ့သည်။ ဖါသာရ် တိုဘိယမှာ ရရှိသော ဓါးဒဏ်ရာများကို ဆေးကုသ ပျောက်ကင်းပြီးနောက် ချမ်းသာကုန်းသို့ ပြန်လာပြီး ဘာသာ အယူဝါဒများကို ဆက်လက် ပို့ချခဲ့သည်။ (၁၈၈၇-၁၈၉၂)ခုနှစ်များ အတွင်း ချမ်းသာကုန်းမှ (၃) မိုင်ဝေးသော မြောက်ကိုင်းရွာကို ၄င်း။ ချမ်းသာကုန်း၏ မြောက်ဘက် (၆)မိုင် ခန့်ဝေးသော ကင်းလတ်ရွာကို ၄င်း၊ ဘာသာဝင်များနှင့် တည်ထောင်နိုင်ခဲ့သည်။ ဆရာတော်ကြီး အုစ် လက်ထက်တွင်၊ ဗန်းမော်၊ ပျဉ်းမနားနှင့် အနာကြီးဆေးရုံ ရှိသော ဌာနများသို့ သွားရောက် ကူညီခဲ့သည်။ ဆရာတော်ကြီး ဖူကီးယေး လက်ထက်တွင် ရွှေဘို ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ်ဟဲ၏ သာသနာပြု လုပ်ငန်းတွင် ကူညီရန် လက်ထောက် ဘုန်းတော်ကြီးအဖြစ် တာဝန်ပေးခြင်း ခံရသည်။ ဖါသာရ်ဟဲသည် ရွှေဘိုကက်သလစ်သာသနာအုပ် ဘုန်းတော်ကြီး ဖြစ်၍ ဖါသာရ် တိုဘိယနှင့် ဖါသာရ် ရေမန်းဒက်တို့သည် လက်ထောက် ဘုန်းတော်ကြီးများ ဖြစ်သည်။ ယင်း ဘုန်းတော်ကြီးနှစ်ပါးတို့သည် ညောင်ချင်ပင်၊ တပူကုန်း၊ မဖေး၊ လက်ပံကြီး၊ ထနောင်းဝင်း၊ မေဂွန်၊ တဲကြီး၊ ကျည်းဖျား၊ ကန်ကြီးတော၊ ၀က်လက်၊ ကိုးထောင်ဘို့၊ ကန့်ဘလူ၊ ချပ်သင်း၊ ၀င်းသို၊ စသော မြို့ရွာရှိ ဘာသာဝင်များကို လှည့်လည် ကြည့်ရူရသည်။ ဖါသာရ်တိုဘိယသည် သာသနာပြုလုပ်ငန်းတွင် တန်ဖိုး ရှိစွာ ကူညီ နိုင်ခဲ့သည်။

    ဖါသာရ်တိုဘိယသည် (၁၉၂၁) ခုနှစ်တွင် မန္တလေးသို့ ၀တ်စောင့်လာရင်း မောပန်းနွမ်းနယ်သဖြင့် ဆရာဝန်ထံ ဆေးစစ် ခံခဲ့ပါသည်။ ဆရာဝန်က ဘုန်းတော်ကြီး၏ ဝေဒနာသည် မျှော်လင့်ချက် မရှိတော့ကြောင်း နောက်ထပ် တစ်လသာ အသက်ရှင်နိုင်မည် ဖြစ်ကြောင်း ခွဲစိတ် ကုသမှုခံယူပါက နောက်ထပ် လအနည်းငယ် ပို၍ နေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ သို့ဖြစ်၍ ဘုန်းတော်ကြီးအား ခွဲစိတ် ကုသမှုခံယူရန် အမျိုးမျိုး သွေးဆောင် တိုက်တွန်းကြသည်။ ဘုန်းတော်ကြီးသည် ခွဲစိတ် ကုသမှု မခံဘဲ နောက်တနေ့တွင် ရွှေဘိုသို့ ပြန်ကြွသွားသည်။ သာသနာလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သည်။ မန္တလေးသို့ အချိန်ကြာမြင့်စွာ မလာဘဲ နေခဲ့သည်။ (၁၉၂၄)ခု မတ်လမှ (၁၉၂၅)ခု မတ်လအထိ ရွာတော် ဘာသာဝင်များကို ကြည့်ရူခဲ့သည်။ (၁၉၂၅) ခု သြဂုတ်လ (၂၈)ရက်နေ့တွင် လေဖြတ်ခံရသည်။ ဖါသာရ် တိုဘိယသည် မိမိဘာသာဝင် သိုးစုများ အလယ်တွင် အသက်စွန့်လိုသော်လည်း ဆရာတော်ကြီး ဖူကီးယေးက မန္တလေးသို့ ခေါ်ယူသဖြင့် သြဂုတ်လ (၃၀)ရက်နေ့တွင် မန္တလေးသို့ ရောက်ရှိခဲ့သည်။ ရက်သတ္တတပတ် အကြာ (၁၉၂၅)ခု စက်တင်ဘာလ (၅) ရက်နေ့တွင် မနော်ယမံ၌ ပျံလွန်တော်မူသည်။ မနော်ယမံ အနာကြီးဆေးရုံနှင့် တွဲလျက်ရှိသော သချိုင်းတွင် ဖါသာရ်ဝေဟင်းဂါးဘေးတွင် ယှဉ်လျက် ဂူသွင်း သဂြိုလ်သည်။

။ ဦးပု(မုံရွာ) ဒွန်တိုးဘိယျ-ရဟန်းဖြစ်သင်ကျောင်း စိန်ရတုမဂ္ဂဇင်း၊ စာမျက်နှာ-၁၀၀-၁၀၂
။ ဦးပု (မုံရွာ) ဒွန်တိုးဘိယျ-ရဟန်းဖြစ်သင်ကျောင်း စိန်ရတုမဂ္ဂဇင်း၊ စာမျက်နှာ-၁၀၀-၁၀၂
။ ဦးပု (မုံရွာ) ဒွန်တိုးဘိယျ-ရဟန်းဖြစ်သင်ကျောင်း စိန်ရတုမဂ္ဂဇင်း၊ စာမျက်နှာ-၁၀၀-၁၀၂
။ ဦးဂျိုဇက် (ရွာတော်)၏ မှတ်တမ်း
။ ဦးပု(မုံရွာ) ဒွန်တိုးဘိယျ- ရဟန်းဖြစ်သင်ကျောင်း စိန်ရတုမဂ္ဂဇင်း၊ စာမျက်နှာ-၁၀၀-၁၀၂   

ဖါသာရ်ပေါလ် (၁၈၆၀-၁၉၁၈)
(Fr.Paul)
       ဖါသာရ်ပေါလ်သည် ခရစ်သက္ကရာဇ် (၁၈၆၀)ပြည့်နှစ် ဧပြီလ မြန်မာသက္ကရာဇ် (၁၂၂၂)ခု ကဆုန်လဆန်း (၆)ရက်နေ့တွင် နဘက်ရွာ၌ မွေးဖွားခဲ့သည်။ မွေးဖွားပြီး (၅)ရက်အကြာတွင် ပေါလူးအမည်ဖြင့် ဆေးကြောခြင်း ခံသည်။ အသက် (၁၂)နှစ် အရွယ် (၁၈၇၂)ခု ဆရာတော်ကြီး ဘူးဒွန်းလက်ထက် ရဟန်းဖြစ်သင်ကျောင်းလိုက်သည်။ (၁၈၇၄)ခုနှစ်တွင် ပီနန် ရဟန်းဖြစ်သင်ကျောင်းတွင် သွားရောက် ပညာသင်ကြားသည်။ ပီနန်ကောလိပ်တွင် (၉)နှစ်တိုင်တိုင် ပညာသင်ကြားပြီးနောက် (၁၈၈၄) ခုတွင် မန္တလေးမြို့သို့ ကိုရင်ဘ၀ဖြင့် ပြန်ရောက်လာခဲ့သည်။ ဆရာတော်ကြီး ဘူးရ်ဒွန်း ချမ်းသာရွာ ဖါသာရ် ဂျိုဇက်ဖိုး၏ လက်ထောက်အဖြစ် တာဝန် ထမ်းဆောင်ခိုင်းသည်။ ဖါသာရ်တာကော့သည် မန္တလေးမြို့ ကာသီဒရယ် ကျောင်းဝင်း မြောက်ဘက် စိန်ဂျိုးဇက် ဗမာ ကွန်ဗင့်ကျောင်းနေရာတွင် တည်ရှိသော အင်္ဂလိပ်မြန်မာ စာသင်ကျောင်းကို ကြီးကြပ်ရသည်။ ဖါသာရ်တာကော့ ဗန်းမော်သို့ ပြောင်းရွှေ့သွားသောအခါ ကိုရင်ပေါလ်က ကျောင်းကို တာဝန်ယူ ကြီးကြပ်ရသည်။ ကိုရင်ပေါလူးသည် (၁၈၉၂)ခု မေလတွင် ဦးပဉ္စင်းကြီး သိက္ခာ ခံယူသည် (၁၈၉၄)ခု မေလ (၂၀)ရက်နေ့တွင် မန္တလေးမြို့ ကာသီဒရယ် ဘုရားကျောင်း၌ ဆရာတော်ကြီး အုစ်လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာ ခံယူချိန်တွင် သက်တော် (၃၄)နှစ်ရှိသည်။ ကိုရင်ဘ၀နှင့် (၁၀)နှစ် အတွေ့အကြုံ ရပြီးသော ရဟန်းသစ် ဖါသာရ်ပေါလ်အား မန္တလေးမြို့ရှိ ဗမာဘာသာဝင်အုပ်စုကို အုပ်ချုပ်ရန် တာဝန်ပေးခဲ့သည်။ (၁၈၉၈)ခုတွင် ကာသီဒရယ် ကျောင်းဝင်း၏ မြောက်ဘက်တွင် နေထိုင်ကြသော ဗမာဘာသာဝင်များအား ရွှေတချောင်း အနောက်ဘက်သို့ ပြောင်းရွှေ့ နေထိုင်စေသည်။ အချို့ မိသားစုများက မပြောင်းရွှေ့လိုကြသော်လည်း ဖါသာရ်ပေါလ်၏ စည်းရုံးနိုင်မှုကြောင့် အောင်မြင်စွာ ပြောင်းရွှေ့ခဲ့ကြသည်။

    ဖါသာရ်ပေါလ်သည် ဆွေမျိုးများထံမှ အလှူခံပြီး ငွေဒင်္ဂါးကျပ် (၁၀၀၀) တစ်ထောင် အကုန်အကျခံ၍ ဘုန်းကြီးနေကျောင်းကို (၁၈၉၈)ခု မေလတွင် ဆောက်လုပ်ခဲ့သည်။ ဤကျောင်းတွင် နှစ်(၂၀)ကျော် သီတင်းသုံးခဲ့သည်။ နောက်(၂)နှစ် ကြာသော အခါ ကလေးများ ပညာသင်ကြားရန် မျက်နှာစာ အတောင်(၂၀)ရှိသော စာသင်ကျောင်း တဆောင် ဆောက်လုပ်ခဲ့သည်။ မန္တလေးမြို့ ကာသီဒရယ် ဘုရားကျောင်းတွင် ဥရောပနိုင်ငံသားများ၊ အိန္ဒိယနိုင်ငံသားများ မြန်မာနိုင်ငံသားများ အားလုံး စုပေါင်း၍ ဘုရားကျောင်း တက်ကြသဖြင့် လူဦးရေနှင့် ဘုရားကျောင်း ၀င်ဆန့်မှု မမျှသောကြောင့် ဆရာတော်ကြီးအုစ်က ဗမာများအတွက် ၄င်းတို့ နေထိုင်ရာ ရပ်ကွက်တွင် ဘုရားကျောင်းခွဲ ဆောက်ရန် အမိန့်ရှိသဖြင့် ဖါသာရ်ပေါလ်မှာ ဘာသာဝင်လူကြီးများနှင့် တိုင်ပင်၍ ဘုရားကျောင်း ဆောက်လုပ်ရန်အတွက် ဘာသာဝင်များထံမှ အလှူငွေများကို ခွဲတမ်းချ ကောက်ခံခဲ့သည်။ ဘာသာဝင်များက ရက်ရက်ရောရော လှူဒါန်းကြရာ ငွေဒင်္ဂါး (၃၀၀၀)ကျော် (၄၀၀၀)လောက် ရရှိသည်။ ရပ်ဝေးရပ်နီး ဘာသာဝင် မိတ်ဆွေများထံ စာရေး အကြောင်းကြား၍ အလှူခံရာတွင်လည်း ရက်ရက်ရောရော ပေးလှူကြသည်။ လိုအပ်ငွေကို အသင်းတော်မှ ခေတ္တ ချေးယူပြီး ဘုရား ကျောင်းဆောက်ရန် စီစဉ်သည်။ (၁၉၁၀) ခုနိုဝင်ဘာလ (၆)ရက်နေ့တွင် ဘုရားကျောင်း အုတ်မြစ်ချသည်။ အလျား (၆၇) တောင်၊ အနံအတောင် (၃၀) ငွေဒင်္ဂါး (၁၀၀၀၀)တစ်သောင်း ကုန်ကျသည်။ သံဝင်းဘုရားကျောင်း ဆောက်ပြီး၍ (၁၉၁၁) ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ရပ်ဝေး ရပ်နီးမှ ဘုန်းတော်ကြီးများနှင့် ဘာသာဝင်များကို ဖိတ်ကြားပြီး ကျောင်းသာဓုခေါ်ပွဲ ကျင်းပသည်။ နံနက် (၇း၃၀)နာရီတွင် ဆရာတော်ကြီး ဖူးလ်ကီးယေး ဦးဆောင်ကာ မစ္ဆားပူဇော်ပြီး သိကြားဗိုလ်ချုပ် သံမီကာအဲလ်ဘွဲ့ခံ သံဝင်း ဘုရားကျောင်းတော်ကို ဘုရားသခင်အား လှူဒါန်း ပူဇော် သာဓုခေါ်သည်။ ဘုန်းကြီးအပါး (၂၀)ကျော် တက်ရောက်ကြသည်။ ယိမ်းကပွဲ၊ ခြင်းပွဲ၊ ဘင်ခရာ တီးဝိုင်းတို့ဖြင့် ဧည့်ခံသည်။

    (၁၉၀၈)ခုတွင် စာရေးကြီး မောင်ခက် ဇနီးမောင်နှံတို့အလှူငွေဖြင့် လူဒယ်သခင်မ ဂူလိုင်ကို ဆောက်လုပ်ခဲ့သည်။ လူဒယ်သခင်မ ဆင်းတုတော်တစ်ဆူကို ပြင်သစ်ပြည်သို့ မှာကြား၍ ရောက်ရှိလာသောအခါ သက္ကရာဇ် (၁၉၀၉)ခု မြန်မာသက္ကရာဇ် (၁၂၇၁) ခု တော်သလင်းလ အတွင်း ဆရာတော် ဖူးလ်ကီးယေး ကိုယ်တိုင် ဂူလိုင်တွင် မယ်တော်သခင်မ ဆင်းတုတော် တင်၍ ဘုရားသခင်အား အပ်နှံ လှူဒါန်း ပူဇော်သည်။ (၁၈၉၇)ခုနှစ်တွင် စိန်ပီတာ ဟိုက်စကူးခေါ် စသင်ကျောင်း အဆောက်အဦးများ ဆောက်လုပ်ပြီးနောက် အဆောက်အဦးနှင့်တကွ ကျောင်းသား တပြည့်များကို ကျောင်းအုပ်ဆရာကြီး ဖရန်စစ်လက်သို့ လွဲအပ်ခဲ့သည်။ ဖါသာရ်ပေါသည် (၁၉၁၈) ခု ဇွန်လ (၉) ရက်နေ့ သက်တော် (၅၈)တွင် ပျံတော်မူသည်။

။ (က) The Voice , July, 1918, PP. 195-198
    (ခ) ရွေးလက်ဝဲအစု ဘုရင်ဂျီတပ်မှူး နေမျိုးရွှေတောင် ကျော်သူဘွဲ့ခံ ဆရာဝဲ၊ ရဟန်းတော် ဖါသာရ်ပေါလ် အဌုပ္ပတ္တိ စာတမ်း၊ စာမျက်နှာ-၁-၂၃
။ (က) The Voice , July, 1918, PP. 195-198
   (ခ) ရွေးလက်ဝဲအစု ဘုရင်ဂျီတပ်မှူး နေမျိုး ရွှေတောင် ကျော်သူဘွဲ့ခံ ဆရာဝဲ၊ ရဟန်းတော် ဖါသာရ်ပေါလ် အဌုပ္ပတ္တိစာတမ်း၊ စာမျက်နှာ-၁-၂၃
။ (က) The Voice , July, 1918, PP.195-198
   (ခ) ရွေးလက်ဝဲအစု ဘုရင်ဂျီတပ်မှူး နေမျိုးရွှေတောင် ကျော်သူဘွဲ့ခံ ဆရာဝဲ၊ ရဟန်းတော် ဖါသာရ်ပေါလ် အဌုပ္ပတ္တိစာတမ်း၊ စာမျက်နှာ-၁-၂၃

ဖါသာရ်တောမား (၁၈၆၁-၁၉၄၀)
(Fr.Thomas)
    ဖါသာရ်တောမားသည် (၁၈၆၁)ခု မေလ (၄)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ ချောင်းဦး ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ်ရေမန်းဒက် ပျံတော်မူပြီးနောက် ကျောင်းထိုင် ဘုန်းတော်ကြီးအသစ် မခန့်ထားမီ ဖါသာရ်တောမားက ချောင်းဦး ဘာသာဝင်များကို (၁၉၂၄)ခုမှ (၁၉၂၆)ခုအထိ ကြည့်ရူခဲ့ရသည်။ နဘက်ရွာတွင် နေထိုင်စဉ် တစ်နေ့တွင် မြင်းပေါ်ကကျ၍ ဒဏ်ရာပြင်းစွာ ရရှိခဲ့သည်။ အူုကျရောဂါကြောင့် မနော်ယမံတွင် နေရသည်။ (၁၉၄၀)ပြည့်နှစ် မတ်လ(၂၃)ရက်နေ့တွင် မနော်ယမံ၌ ပျံတော်မူသည်။

။ ချမ်းသာရွာ ဘုရားကျောင်း ရာပြည့် အထိမ်းအမှတ် သမိုင်းစာစောင် (၁၈၉၄-၁၉၉၄) စာမျက်နှာ-၃၉

ဆက်ရန် -

Read More...

Sunday, October 6, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၆)


မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၅)


 (၁၇) ရာစု အစောပိုင်းမှ (၂၀) ရာစုဦးပိုင်း အထိ
အထက်မြန်မာနိုင်ငံ အညာဒေသတွင် အနောက်နိုင်ငံ ခရစ်ယာန်သာနာပြုများ၏
လှုပ်ရှားမှု ခြုံငုံ သုံးသပ်ချက်

ပေါ်တူဂီ ဘုရင်ဂျီ စစ်သုံ့ပန်းများ ရွာများသို့ အစုခွဲ ပို့ခြင်း။
    တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့လက်ထက် နိုင်ငံတော် ကာကွယ်ရေးအတွက် ပေါ်တူဂီကြေးစား စစ်သားများကို ငှားရန်းရန် အသုံးပြုခဲ့ ကြသည်။ ပေါ်တူဂီ စစ်သားများ၏ စစ်ရည် စစ်သွေး မြင့်မားမှု၊ ရဲစွမ်းသတ္တိရှိမှု၊ လက်နက်များ ထုတ်လုပ်နိုင်မှု၊ စသည်တို့ကို ဘုရင်များက သိရှိ သဘောပေါက်ကြသည်။ အနောက်ဘက်လွန်မင်းသည် သန်လျင်တွင် နယ်ချဲ့ ခြေကုတ်ယူထားသော ပေါ်တူဂီ ခေါင်းဆောင် ဒီဗရစ်တိုကို အနိုင်တိုက်ယူပြီး ပေါ်တူဂီနွယ် စစ်သုံ့ပန်းအားလုံးကို အင်းဝသို့ ပို့ပြီး စစ်အကျဉ်းသားအဖြစ် ထားခဲ့သည်။

    သာလွန်မင်းလက်ထက်တွင် ပေါ်တူဂီ စစ်အကျဉ်းသားများသည် လူဦးရေတိုးပွားလာပြီး အင်အားကောင်းလာရာ စိုးရိမ်တော်မူသဖြင့် အင်းဝတွင် အရေးးပါသော အကြီးအကဲများကို ချန်ပြီး ပရိမ္မသို့ ပို့ခဲ့သည်။ ပရိမ္မတွင်လည်း အစုလိုက် အပြုံလိုက် ထားခြင်းသည် အန္တရာယ်ရှိနိုင်သဖြင့် မူးမြစ်နှင့် ချင်းတွင်းမြစ်ကြားရှိ ရွာများသို့ အစုခွဲ၍ ပို့ထားသည်။ ထိုဘုရင်ဂျီရွာများကို မိမိတို့ ဘာသာဓလေ့ ထုံးစံ အတိုင်း နေထိုင်ခွင့်ပြုထားသည်။ အခွံအထုပ်များ ကင်းလွတ်သည်။ သို့သော် ဘုရင်လိုအပ်သော အချိန်တွင် စစ်မှုထမ်း ပေးကြရသည်။

    ဆင်ဖြူရှင်မင်းလက်ထက် (၁၇၆၈)ခုတွင် ဖြစ်ပွားသော တရုတ်မြန်မာစစ်တွင် ဘုရင်ဂျီ (ခရစ်ယာန်)များ စစ်မှုထမ်းကြရသည်။ ပြင်သစ်လူမျိုး ချီဗားလီယားမီးလပ် ဦးဆောင်သော ဘုရင်ဂျီတပ်သားများသည် ရဲဝံ့ ကျွမ်းကျင်သူများဖြစ်၍ တရုတ်မြန်မာစစ်ပွဲတွင် မြန်မာတို့က အောင်ပွဲ ခံရသည်။ ဖါသာရ်ပဲရ်ကော်တိုသည် ဘုရင်ဂျီ စစ်သားများကို လိုက်လံ စောင့်ရှောက်ရသည်။ ချီဗားလီးယားမီးလပ်သည်လည်း နန်းတော်တွင် သြဇာရှိသူ တစ်ဦးဖြစ်လာပြီး ဆရာတော် ပဲရ်ကော်တိုသည်လည်း ဘုရင်၏ ဦးစားပေးခြင်း ခံရသည်။ (၁၇၆၉)ခု နိုဝင်ဘာလ (၃)ရက် နေ့စွဲနှင့် ဆရာတော်ပဲရ်ကော်တိုရေးသော စာတွင် တရုတ်မြန်မာစစ်ပွဲ တရုတ်တို့ကို အနိုင်ရပြီးနောက် ကျွန်ုပ်သည် အင်းဝ၊ နဘက်၊ ရွှေဘိုသို့ ပြန်လာခဲ့သည်။

    ဘကြီးတော်မင်းလက်ထက် (၁၈၂၄)ခုတွင် ဖြစ်ပွားသော အင်္ဂလိပ်မြန်မာပထမစစ်တွင် ဘုရင်ဂျီများ စစ်မှုထမ်းကြရသည်။ ဖါသာရ် ဓာမာတိုသည် အင်္ဂလိပ်မြန်မာ ပထမစစ်အတွက် အာသံတွင် စခန်းချနေသော ဘုရင်ဂျီ စစ်သည်များထံ သွားရောက် ကြည့်ရူ အားပေးခဲ့သည်။ ဘုရင့်တပ်မတော်တွင် အမှုထမ်းရသော ဘုရင်ဂျီရွာများမှ စစ်မှုထမ်းများသည် အင်္ဂလိပ်မြန်မာ ပထမစစ်တွင် အများအပြား ကျဆုံး၍ ပြန်မလာကြသောကြောင့် ဘုရင်ဂျီရွာများ၌ လူဦးရေ အများအပြား လျော့နည်းသွားသည်။ ဘုရင်ဂျီ စစ်မှုထမ်းများသည် မြန်မာနိုင်ငံ ကာကွယ်ရေးအတွက် သက်စွန့် ကြိုးပန်း ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်မှာ ထင်ရှားသည်။

    အထက်ပါ အကြောင်းအချက်များကို ထောက်ရူခြင်းအားဖြင့် ဘုရင်ဂျီများသည် အင်နှင့် အားနှင့် ဘုရင်ကို ပြန်လည်၍ ဆန့်ကျင်မှုပြုနိုင်ရန်နှင့် တိုင်းပြည် ကာကွယ်ရေးအတွက် ဘုရင်လိုအပ်သည့် အခါ စစ်မှုထမ်းကောင်းများ အလွယ်တကူ ရစေရန် ဘုရင်ဂျီများကို ဘုရင်ဂျီရွာများ၌ အစုခွဲကာ ထိန်းသိမ်း၍ မွေးထားသည်ဟု ယူဆရပါသည်။

မြန်မာဘုရင်တို့သည် ခရစ်ယာန် သာသနာပြုများကို ကြည်ဖြူစွာ လက်ခံခြင်း
    (၁၈) ရာစုအစောပိုင်း တနင်္ဂနွေမင်းလက်ထက် ဖါသာရ်ကာလ်ချီသည် တရုတ်ပြည်မှ တဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ တနင်္ဂနွေမင်းသည် ဖါသာရ်ကာလ်ချီအား ဖိတ်ခေါ် တွေ့ဆုံပြီးနောက် နိုင်ငံတော်အတွင်း ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့် ဘုရားကျောင်းဆောက်ခွင့် တို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးလိုက်သည်။ ဖါသာရ်ကာလ်ချီသည် အင်းဝတွင် ဘုရားကျောင်း ဆောက်ခဲ့သည်။

    မကြာမီ ဘုရင်၏ ဆန္ဒအရ ဖါသာရ်ကာလ်ချီသည် ပုပ်ရဟန်းမင်းကြီးထံ ကိုယ်စားလှယ်လွှတ်၍ မြန်မာဘုရင်သည် ဥရောပ ခရစ်ယာန် မင်းသားများနှင့် မိတ်ဖွဲ့လိုကြောင်း အထူးသဖြင့် ပုပ်ရဟန်းမင်းကြီးနှင့် ဆက်ဆံလိုကြောင်း၊ ဥရောပနှင့် ကုန်သွယ်လိုကြောင်း စက်မှုအတတ်ပညာ၊ မြေတိုင်းပညာ၊ သင်္ချာပညာ၊ ဆေးပညာ၊ အဆောက်အဦးပညာ အစရှိသည့် ပညာရပ်များ တတ်ကျွမ်းသည့် သာသနာပြု ဘုန်းတော်ကြီးများအား စေလွှတ်ပေးစေလိုကြောင်း လျှောက်ထား တင်ပြခဲ့သည်။ မြန်မာဘုရင်က ပေးလိုက်သော အဘိုးတန် ကျောက်မျက်ရတနာများကိုလည်း ဆက်သခဲ့သည်။

    (၁၇၂၈) ခုတွင် ဖါသာရ်ပီအိုဂါလီဇီးယား မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ တနင်္ဂနွေမင်းက သန်လျင်တွင် ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့် ဘုရားကျောင်းဆောက်ခွင့်များ ပေးခဲ့သည်။ ဖါသာရ် ဂါလီဇီယားသည် (၁၇၄၃) ခုတွင် မွန်ဘုရင် သမိန်ထော (ဗုဒ္ဓကိတ္တိ)ထံ ပဲခူးသို့ သွားရောက်တွေ့ဆုံ၍ မွန်ဘုရင်အား မြန်မာနံပါတ်များ ရေးထိုးထားသော နာရီတလုံးနှင့် နှစ်သက်ဖွယ် ပစ္စည်းများ လက်ဆောင်ပေးသည်။ မွန်ဘုရင်သမိန်ထောက ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့်၊ ဘုရားကျောင်း ဆောက်ခွင့်များ ပေးသည်။ ပဲခူးတွင် သာသနာပြုများအတွက် နေအိမ်ဆောက်လုပ်ရန်နှင့် ဘုရားကျောင်းဆောက်ရန် ဘုရင်က မြေတကွက်ပေးခဲ့သည်။

    (၁၇၄၅) ခုတွင် အိန္ဒိယပြည် ဒတ်ခ်ျ ကုမ္ပဏ္ဏီမှ ချေဗားလီးယား ဒီစကွန်နေဗီလေ ဦးစီးသော သင်္ဘော (၈) စင်းသည် မြန်မာ စစ်တပ်များကို ကူညီရန်နှင့် ပဲခူးတွင် စေ့စပ်ရန် ရောက်ရှိလာကြသည်။ ရုတ်တရက် ရောက်ရှိလာသော သင်္ဘောများနှင့်ပတ်သက်၍ လေ့လာ စုံစမ်း ထောက်လှမ်းရန် မွန်ဘုရင်က ဆရာတော်ဂါလီဇီးယားအား တာဝန်ပေးခဲ့သည်။ ဆရာတော် ဂါလီဇီယားသည် အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့သည်။ ကက်ပတိန်အား ၄င်းတို့ အကြံအစည် စွန့်လွှတ်ရန် ပြောခဲ့သည်။ ပဲခူးဘုရင်က ရောက်ရှိလာသော သင်္ဘောသား အကြီးအကဲများကို တခန်းတနား ဧည့်ခံလိုကြောင်း ပြောသဖြင့် ဆရာတော် ဂါလီဇီယားနှင့် သင်္ဘောသား အကြီးအကဲများ ပဲခူးဘုရင်ထံ သွားရောက်ကြသည်။ ပဲခူးရောက်သောအခါ ထောင်ပေါင်းများစွာသော စစ်သားများ အနှံ့အပြား အပြည့်အကျပ် ချထားသည်ကို တွေ့ရသည်။ သံသယ မကင်းစရာ အခြေအနေများ တွေ့ရှိသဖြင့် နောက်ဆုတ် ပြန်ခဲ့ကြရာ အပြန်လမ်းတွင် (မွန်) ပဲခူးစစ်သားတို့၏ လိုက်လံ သတ်ဖြတ်ခြင်း ခံကြရသည်။

     ဘိုးတော်ဘုရား လက်ထက်တွင် ဖါသာရ်ဂရွန်ဒိုးနားသည် ဘုရင်၏ သားတော်များကို ပညာသင်ကြား ပေးခဲ့ရသည်။ သာယာဝတီမင်း လက်ထက်တွင် ဖါသာရ်အဘိုနာသည် နန်းတွင်း နက္ခတ်ပညာရှင်များနှင့် နန်းတွင်း လူငယ်များကို နက္ခတ်ပညာများကို သင်ကြား ပေးရပေသည်။ မင်းတုန်းမင်း လက်ထက်တွင် ဖါသာရ်အဘိုနာအား ဆက်လက် သာသနာပြုခွင့် ပေးခဲ့သည်။ (၁၈၅၇) ခုနှစ်တွင် အမရပူရမှ မန္တလေးသို့ ပြောင်းရွှေ့သောအခါ ဘုရင်ဂျီ (ခရစ်ယာန်) များ အားလုံး မန္တလေးသို့ ပြောင်းရွှေ့စေသည်။ မန္တလေးမြို့ပေါ်တွင် ဘုရင်ဂျီများ နေရန် မြေတကွက်နှင့် ဘုရားကျောင်း ဆောက်ရန် မြေတကွက် ပေးသနားခဲ့သည်။ ဖါသာရ်အဘိုနာကိုလည်း လစဉ် ထောက်ပံ့ကြေး ပေးခဲ့သည်။ မင်းတုန်းမင်းက ဆရာတော်ဘိဂန်းဒက်အား ခရီးသွားလာနိုင်ရေးအတွက် ဆင် (၃) စီးနှင့် လှေတစ်စင်း သနားတော်မူသည်။ ဖါသာရ်အဘိုနာသည် မင်းတုန်းမင်းကြီး၏ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်တဦး ဖြစ်သည်။ ဗြိတိသျှနှင့် စာချုပ်တိုင်း ဖါသာရ်အဘိုနာထံ အကြံတောင်း ရသည်။ ဖါသာရ်အဘိုနာထံက အကြံယူပြီးမှ စာချုပ်လေ့ ရှိသည်။ မြန်မာနှင့် အီတလီ စာချုပ်ရာမှာ ဖါသာရ်အဘိုနာသည် အရေးပါသူ တဦးဖြစ်သည်။ ဖါသာရ် အဘိုနာ၏ အကူအညီဖြင့် အီတလီနိုင်ငံသို့ ပညာတော်သင်များ စေလွှတ် နိုင်ခဲ့သည်။ ဘုရင်၏ ခရီးစရိတ်ဖြင့် ဥရောပသို့ နှစ်ကြိမ် သွားရောက်ခဲ့သည်။ န၀မမြောက် ပုပ်ရဟန်းမင်းကြီး ပီအူးထံသို့ မင်းတုန်းမင်း ပေးပို့သော သ၀ဏ်လွှာကို ဆက်သခဲ့သည်။

    (၁၈၆၇) ခုနှစ်တွင် ဖါသာရ်လေကောင်းသည် နန်းတွင်းမှ ကလေး (၁၄) ဦးကို တရားဝင် ဥရောပ ကျောင်းသားများ အတိုင်း အင်္ဂလိပ်စာနှင့် သိပံ္ပပညာ ဘာသာရပ် သင်ကြားပေးရသည်။ သီပေါမင်း လက်ထက်တွင် ဖါသာရ် ဂျိုဇက်ဖိုးသည် မင်းသားများနှင့် ၀န်ကြီးသားများကို ပြင်သစ်ဘာသာ စကား သင်ကြားပေးရသည်။

    မြန်မာဘုရင်များသည် အနောက်နိုင်ငံမှ ခရစ်ယာန်သာသနာပြု ဘုန်းတော်ကြီးများကို လက်ခံထားကြခြင်းမှာ ခရစ်ယာန်သာသနာကို ယုံကြည်သက်ဝင်၍ မဟုတ်၊ ခရစ်ယာန်သာသနာ ပျံ့ပွားရေးကို လိုလား၍လည်း မဟုတ် အများအားဖြင့် အနောက်နိုင်ငံမှ ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီးများသည် ခေတ်ပညာ တတ်ကျွမ်းသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဘာသာတရား လေးစားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သစ္စာရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့ဖြစ်၍ ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်တို့ကို ဘုရင့်သားသမီးများအား ခေတ်မှီ ပညာရပ်များ သင်ကြားပေးရန် နိုင်ငံခြား တိုင်းပြည်များနှင့် ဆက်ဆံရေး၊ အထူးသဖြင့် ဥရောပနိုင်ငံများနှင့် ဆက်ဆံရေးတွင် အသုံးချရန် ပုပ်ရဟန်းမင်းကြီးနှင့် ဆက်သွယ်ရေးတွင် အသုံးပြုရန်နှင့် ဘုရင်ဂျီရွာများတွင် ရှိသော ဘုရင်ဂျီများကို ထိမ်းသိန်းပေးရန် အတွက် ခရစ်ယာန် သာသနာပြုများကို ကြည်ကြည်ဖြူဖြူ လက်ခံထားကြခြင်း ဖြစ်သည်။

ခရစ်ယာန် သာသနာပြုများ၏ စာအုပ် စာပေများ
    ဖါသာရ် ပဲရ်ကော်တိုသည် မြန်မာနိုင်ငံသို့ ရောက်ရှိပြီးနောက် မြန်မာစာနှင့် ပါဠိဘာသာရပ်များ တတ်မြောက်ပြီး သောအခါ ဥရောပမှ နောက်ရောက်လာမည့် သာသနာပြုများအတွက် အဘိဓာန်စာအုပ် ထုတ်ခဲ့သည်။ ထိုမျှမက ဘုရား စကားစာအုပ်၊ မေတ္တာစာအုပ်၊ တနှစ်ပတ်လုံး တနင်္ဂနွေနေ့တိုင်း ဖတ်ရသော ဆုံးမ သြ၀ါဒများ၊ ဧ၀ံဂေလိ ကျမ်းများ၊ တိုဘိယ အထုပ္ပတ္တိ၊ သံမာတေဦးကျမ်း၊ သံပေါလူး၏ ဆုံးမ သြ၀ါဒကျမ်းနှင့် အခြားများစွာသော စာအုပ်များ ရေးသားခဲ့သည်။ ဖါသာရ် အန်တိုနီ ရေးသည် နောက်ထပ်ရောက်လာမည့် သာသနာပြုများအတွက် ဘုရားစကားကို လက်တင်အက္ခရာဖြင့် ပြန်ရေးခဲ့သည်။

    ဖါသာရ် မန်တေဂါးဇားသည် မြန်မာသမိုင်းချုပ်ဟု ခေါ်သော သမိုင်းစာအုပ်ကို ရေးသား ပြုစုခဲ့သည်။ မူရင်းမှာ ပြင်သစ်ဘာသာဖြင့် ရေးသား ထားသည်။ မြန်မာနိုင်ငံ၏ အစောဆုံး မြေပုံကိုလည်း ရေးဆွဲခဲ့သည်။ (၁၇၇၆) ခုနှစ်က ပုံနှိပ်ခဲ့သော မြန်မာသင်ပုန်းကြီး စာအုပ်ကို ပြုပြင် တည်းဖြတ်၍ ဒုတိယအကြိမ် ပုံနှိပ်ခဲ့သည်။ ဖါသာရ် စံဂျဲရ်မာနိုသည် မြန်မာအင်ပိုင်ယာ စာအုပ်ကိုရေးသားခဲ့သည်။

    ဖါသာရ် ဓာမာတိုသည် ပါဠိဘာသာဖြင့် အဘိဓာန်စာအုပ် ရေးသားခဲ့သည်။ စာအုပ်များကို မြန်မာဘာသာမှ အီတလီ ဘာသာသို့ ပြန်ဆို ရေးသားခဲ့သည်။ ပတ္တမြား သတ္တုတွင်းများ အကြောင်း အတွဲ(၂)ကို ဘဂ်င်္လား၏ အာရှဆိုင်ရာ အဖွဲ့အစည်း ဂျာနယ်တွင် ရေးသားခဲ့သည်။ မြန်မာပြည်မှ ရှားပါးအပင် (၃၀၀)နှင့် တိရစ္ဆာန် အမျိုးပေါင်း (၂၀၀)ခန့် ရှာဖွေစုဆောင်းပြီး စာအုပ် (၄) တွဲ ရေးသားခဲ့သည်။ ပထမ (၂)တွဲမှာ ပုံကြမ်းများနှင့် ဖော်ပြပြီး၊ ဒုတိယ (၂)တွဲမှာ သစ်ပင်များနှင့် တိရစ္ဆာန်များကို အသေးစိတ် ဖေါ်ပြထားသည်။ ဓမ္မဟောင်းကျမ်း (၃)ကျမ်းကို လင်္ကာသွားနှင့် ရေးသား ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဆရာတော် မန်တေဂါးဇား၏ ဘ၀အကြောင်း အီတလီဘာသာဖြင့် ရေးသားခဲ့သည်။ ဖါသာရ်ဓါမာတို စုဆောင်းထားသော စာမူစာအုပ်များကို ချမ်းသာရွာ၌ သိမ်းဆည်းထားရာ (၁၈၄၂) ခုတွင်၊ မီးလောင်သဖြင့် ဆုံးရှုံးရသည်။ အခြားစာအုပ်များနှင့် အတူ မုံလှရွာတွင်လည်း မီးလောင်ခံရသည်။

    ဖါသာရ် အီညာဆီအူး ဒီဗရစ်တိုသည် စာမျက်နှာ (၅၀၀)ပါ အီတလီ မြန်မာသဒ္ဒါကျမ်း ရေးသားခဲ့သည်။ အီတလီ၊ မြန်မာ၊ ပါဠိ (၃) ဘာသာတွဲကျမ်းကိုလည်း ပြုစုခဲ့သည်။ အီတလီ၊ မြန်မာ၊ လက်တင် (၃)ဘာသာဖြင့် ဆေးကျမ်း ပြုစုခဲ့သည်။ မြန်မာတိုင်းရင်းသား ဆေးများကို လက်တင် အခေါ်အဝေါ်ဖြင့် ရေးသားခဲ့သည်။ ဆရာတော် ဘီဂန်းဒက်သည် (၁၈၅၈) ခုနှစ်တွင် ဗုဒ္ဓဂေါတမအကြောင်း စာအုပ်တအုပ် ရေးသား ထုတ်ဝေခဲ့သည်။ မြန်မာ ကက်သလစ်သာသနာပြု သမိုင်းစာအုပ်ကိုလည်း (၁၈၈၇)တွင် ထုတ်ဝေခဲ့သည်။ ခရစ်ယာန် သာသာနပြုများ ရေးသား ထုတ်ဝေခဲ့ကြသော စာအုပ်စာပေများသည် မျက်မှောက်ခေတ်တွင် အလွန် တန်ဘိုးရှိသော သမိုင်း အထောက်အထား မှတ်တမ်း မှတ်ရာများ ဖြစ်သည်။

သာသနာပြုများ၏ ပညာရေး
    ဖါသာရ်ပဲရ်ကော်တိုသည် မုံလှရွာတွင် ကလေးများကို ပညာ သင်ကြားပေးခဲ့သည်။ ဓမ္မဆရာ သင်တန်းကျောင်းလည်း ဖွင့်ခဲ့သည်။ ဖါသာရ် မန်တေဂါးဇားသည် ချမ်းသာရွာတွင် ယောင်္ကျားလေးများအတွက် စာသင်ကျောင်း ဖွင့်၍ မိမိ ကိုယ်တိုင်ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ဖါသာရ် စံဂျဲရ်မာနိုသည် နဘက်ရွာတွင် စာသင်ကျောင်းဖွင့်၍ ပညာ သင်ကြားပေးခဲ့သည်။ ရန်ကုန် စိန်ဂျွန် ဗပ္ပတစ္စကျောင်း၌ သဒ္ဒါကျမ်း၊ စာစီစာကုံးပညာ၊ ဒဿနိကဗေဒ၊ သင်္ချာဘာသာ၊ ရေကြောင်း အတတ်ပညာ၊ ဘာသာ ဗေဒပညာရပ်များ၊ သင်ကြားပေးခဲ့သည်။ ဖါသာရ်လေကောင်းသည် နဘက်ဝန်းကျင်ရှိ လူငယ်လူရွယ်များအား လူမျိုး ဘာသာမရွှေး အင်္ဂလိပ်စာ သင်ကြားပေးခဲ့သည်။

    ဖါသာရ် ဘူးလီးရက်စ်သည် ချမ်းသာရွာ၌ အထက်တန်းကျောင်းဖွင့်၍ ကလေးများကို ပညာ သင်ကြားပေးခဲ့သည်။ ၄င်း လက်ထက်မှာပင် အစိုးရ အသိအမှတ်ပြု မူလတန်းကျောင်း ရရှိခဲ့သည်။ ဖါသာရ်ကွီးရိုးသည် မုံလှရွာတွင် အလယ်တန်းကျောင်း ဖွင့်၍ ကလေးများကို ပညာ သင်ကြားပေးခဲ့သည်။ ဆရာတော်ကြီး အုစ် လက်ထက် (၁၈၉၇)တွင် စိန်ပီတာ အထက်တန်းကျောင်းကို မန္တလေးမြို့၌ စတင် ဖွင့်လှစ်ခဲ့သည်။ ဖါသာရ်လဖုန်းသည် (၁၈၉၅)ခုတွင် စိန်ဂျိုးဇက် မိဘမဲ့ကျောင်း အမည်နှင့် ဖါသာရ်လဖုန်း စာသင်ကျောင်းကို စတင် ဖွင့်လှစ်ခဲ့သည်။ ဖါသာရ် ဘူလင်ဂျားသည် (၁၈၈၇)ခုတွင် စိန်ဇေးဗီးယား မူလတန်းကျောင်းကို စတင် ဖွင့်လှစ်သည်။

    ဆရာတော်ကြီး ဘိဂန်းဒက်သည် (၁၈၆၀) ပြည့်နှစ်တွင် မော်လမြိုင်မြို့၌ စိန်ပက်ထရစ်ကျောင်းကို၎င်း၊ ရန်ကုန်မြို့၌ စိန်ပေါလ်ကျောင်းကို၎င်း၊ တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ဆရာတော်ကြီးသည် အမျိုးသမီးများအတွက် စာသင်ကျောင်း ဖွင့်လှစ်ရန် ဂွတ်ရှက်ပတ် သီလရှင်များကို ဖိတ်ခေါ်၍ (၁၈၆၇)တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ စိန်ဂျွန်း ကွန်ဗင့်ကျောင်း၊ ပြည်လမ်းရှိ စိန်ဖီလောမီနာကျောင်းနှင့် သိမ်ဖြူလမ်းရှိ ကွန်ဗင့်ကျောင်းခွဲတို့ကို တည်ထောင် ဖွင့်လှစ်ခဲ့သည်။

    မြန်မာနိုင်ငံ၌ ခရစ်ယာန် သာသနာပြုများ၏ တစတစ ကြိုးပမ်းခဲ့ကြသော သာသနာပြုကျောင်းများသည် (၂၀) ရာစုအစောပိုင်းတွင် တိုးတက်လာခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ်ကြီးပြီး နောက်ပိုင်းတွင် တဟုန်းဟုန်း တိုးတက်လာခဲ့သည်။ သာသနာပြုကျောင်းများသည် မြန်မာနိုင်ငံတွင် အခြေခံကောင်းသော ကျောင်းများ ဖြစ်သည်။ စည်းကမ်းကောင်းသော ကျောင်းများ ဖြစ်သည်။ ရေပန်းစားသော ကျောင်းများ ဖြစ်လာသည်။ နိုင်ငံ၏ အထွဋ်အထိပ် စာသင်ကျောင်းများ ဖြစ်လာသည်။ သို့ရာတွင်(၁၉၆၄) ခုနှစ် တော်လှန်ရေးအစိုးရ၏ ပြည်သူပိုင် ဥပဒေအရ စာသင်ကျောင်းများ ပြည်သူပိုင် သိမ်းလိုက်သဖြင့် ခရစ်ယာန် သာသနာပြုကျောင်းများ တခန်းရပ် သွားခဲ့တော့သည်။
ဆက်ရန် -
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၇)

Read More...