ထာဝရ နေအိမ်
အားလုံးနီးပါးသော လူတွေဟာ သေခြင်းအကြောင်းကို မကြားချင်၊ မပြောချင်ကြဘူး။ မပြောကောင်းပါဘူး နိမိတ် မရှိလိုက်တာဆိုပြီး ရှောင်ဖယ်တတ်ကြပါတယ်။ သေခြင်းတရားဟာ ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး တွေ့ကြုံ ရင်ဆိုင်ကြရမဲ့အရာပါ။ ဒါကို လူတိုင်းသိနားလည် ပြီးသားပါ။ ကျွန်မတို့လူသားတွေဟာ ဒီ လောကနဲ့ဆိုင်တဲ့ အရာတွေ၊ မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ ကိုယ်စီထားရှိ ကြပါတယ်။ သူဌေးကြီးဖြစ်ဖို့၊ ဆရာဝန်ကြီးဖြစ်ဖို့၊ အဆိုတော်စသဖြင့် လောကရဲ့ပြည့်စုံ ကြွယ်ဝမှုတွေအတွက် ကြိုးစားနေကြပါတယ်။ မိမိ ရည်မှန်းချက်အတွက်၊ မိသားစုအတွက် ကြိုးစားရှာဖွေခြင်းဟာ ကောင်းတဲ့ အချက်ပါပဲ။ ဒါပေမဲ့ လောကနဲ့ဆိုင်တဲ့ အရာတွေအတွက်သာ လုံးပမ်းရင်းနဲ့ ဘုရားသခင်ပေးထားတဲ့ အသက်ဝိညာဉ်ကို မေ့လျော့ နေတတ်ကြပါတယ်။ ကျွန်မတို့မှာ အခြားသတ္တ၀ါတွေလို ခန္ဓာကိုယ်ချည်းသာ ဖန်ဆင်းခံထားရတာ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ ရွှေပုံသဏ္ဍာန်နဲ့တူတဲ့ အသက်ဝိညာဉ်ကိုပါ ထည့်သွင်းပေးထားတာပါ။
ခရစ်တော်က "သူခိုးလာမဲ့အချိန်ကို အိမ်ရှင်သိပါလျှင် မအိပ်ဘဲ စောင့်နေကြလိမ့်မည်"လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့တတွေဟာလည်း ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုနည်းနဲ့ ဘုရားသခင်ပြန်လည် သိမ်းပိုက်ခြင်းခံရမယ်ဆိုတာ မသိကြပါဘူး။ အခုလို တိုးတက် လွန်းလှတဲ့ မီဒီယာခေတ်ကြီးထဲမှာ လူတွေဟာ အသစ်အဆန်းတွေကို အမျိုးမျိုး ဖန်တီးယူရင်း ဘ၀ရဲ့သာယာလှပခြင်းတွေကို ရယူ ခံစားနေကြပါတယ်။ အသိပညာတွေ မြင့်မားလွန်းလို့ သဘာဝကိုကျော်လွန်ပြီး ရေစီးကြောင်းကို ပြောင်းလဲပစ်နိုင်ခဲ့ရင်တောင် ထာဝရဘုရားရဲ့ အကြံအစည်တော်ကိုတော့ ဘယ်သူမှ ပြောင်းလဲပစ်လို့ မရနိုင်ပါဘူး။ သေခြင်းတရားကိုလည်း ရှောင်ပုန်းလို့ မရနိုင်ပါဘူး။ အသက်ငယ်သေးလို့၊ ပိုက်ဆံချမ်းသာလို့၊ ရုပ်ဆင်းအင်္ဂါလှပလွန်းလို့ မသေနိုင်သေးဘူးဆိုတာ မရှိသလို ဘုရားသခင်ဟာ ကျွန်မတို့ကို ဘယ်အချိန် ပြန်သိမ်းပိုက်မယ်ဆိုတာ ပြောမထားတဲ့အတွက် သေခြင်းတရားကို ကောင်းမွန်စွာ ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားဖို့ လိုမှာပါ။ ကျွန်မတို့အနေနဲ့ ဘုရားသခင်ရဲ့ နှုတ်တော်ထွက် သမ္မာကျမ်းစကားတွေကို လိုက်နာပြီး အသင်းတော်ရဲ့ စည်းကမ်းများကို စောင့်သိကာ စစ်မှန်သော ခရစ်တော်နောက်လိုက်ကောင်းများ ဖြစ်ကြရင်း ပြင်ဆင်နေထိုင်သင့်ပါတယ်။
လူသား သဘာဝအလျောက် လောကကြီးထဲက ထွက်ခွာသွားသူအတွက် ၀မ်းနည်းကြေကွဲမဆုံး ဖြစ်နေမဲ့အစား သူတို့ရဲ့ ၀ိညာဉ်အတွက် မစ္ဆားတရား ပူဇော်ပေးခြင်း၊ ဆုတောင်းပေးခြင်း၊ အလှူဒါနပြုပေးခြင်းအားဖြင့် ကူညီပေးရမှာဖြစ်ပါတယ်။ "သေသူ ရှင်သူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍ အချင်းချင်း အကျိုးကုသိုလ် ခံစားရကြောင်း"ဆိုတဲ့ ယုံကြည်ရာအချက်အရ ကျွန်မတို့ရဲ့ ဆုတောင်းပေးခြင်း၊ ခြိုးခြံခြင်းအားဖြင့် သေလွန်သူဝိညာဉ်တွေဟာ အပြစ်အနာအဆာများမှ လွတ်ငြိမ်းခွင့် ရရှိနိုင်ကြပါတယ်။
နှင်း (SJA)